Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇန်နဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️CNF ဌာနချုပ်ကို ဗုံးကြဲခဲ့တဲ့ တိုက်​လေယာဥ်​မှူးများ

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ဌာနချုပ်ကို စစ်ကောင်စီတပ်က​ နှစ်ရက်ဆက်လေ​ကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့​တဲ့ တိုက်လေယာဥ်​မှူး ရှစ်ဦးရဲ့ အမည်စာရင်းကို People’s Spring ကစုံစမ်းသိရပါပြီ။ ပထမနေ့ လေကြောင်းတိုက်ခိုက်မှုကို ဗိုလ်မှူးရဲ​ဇော်နိုင်(၆၂ အုပ်မှူး) ၊ ဗိုလ်မှူးမင်းစိုး​ကျော် ၊ ဗိုလ်မှူးရန်နိုင်စန်း၊ ဗိုလ်မှူးသက်လင်းမောင်၊ ဗိုလ်မှူးသိန်းဇော်မြင့်တို့က တံတားဦးလေတပ်နဲ့ အေလာလေတပ်တို့မှ သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒုတိယနေ့လေကြောင်းတိုက်ခိုက်မှုကို ဗိုလ်မှူးနေဝင်းကျော် ၊ ဗိုလ်မှူးသက်လင်းမောင်၊ ဗိုလ်ကြီးဇေယျာမျိုး တို့ ထပ်မံသွားရောက်ဗုံးကြဲခဲ့တာလို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်​ကောင်စီတပ်က လေ​ကြောင်းတိုက်ခိုက်မှုများတွင်အဓိအသုံး ပြု​နေ​သော ရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ
စစ်​ကောင်စီတပ်က လေ​ကြောင်းတိုက်ခိုက်မှုများတွင်အဓိအသုံး ပြု​နေ​သော ရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ

▪️အောင်ပွဲပြန် PDF ရဲဘော်များကို ကနီဒေသခံများကြိုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တစ်လနီးပါးကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အောင်ပွဲခံပြန်လာတဲ့ Myanmar Defense Force (MDF) အပါအဝင် PDF ရဲဘော် များကို ဒေသခံပြည်သူတွေက ဒီနေ့ကြိုဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကစလို့ ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတလျှောက် ကုန်းကြောင်း၊ ရေကြောင်းတို့နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ တစ်လနီးပါး ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက အောင်ပွဲဆင်နိုင်ခဲ့တယ်လို့ MDF က ဖော်ပြပါတယ်။ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၅၀ ကျော် သေဆုံးပြီး လက်နက်များကိုလည်း သိမ်းဆည်းရရှိတယ်လို့ MDF အသိပေးပါတယ်။

▪️အင်းတော်မြို့အနီး စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်လို့ လင်မယားနှစ်ဦး ကျည်ထိမှန်ပြီး အမျိုးသားသေဆုံး

စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်လို့ စစ်ကိုင်းတိုင်း အင်းတော်မြို့အနီးမှာ ပဲစိုက်ခင်းလုပ်ငန်းခွင်ဝင်နေတဲ့ လင်မယားနှစ်ဦး ကျည်ထိမှန်ခဲ့ပြီး အမျိုးသားဖြစ်သူမှာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ အင်းတော်ဒေသခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အင်းတော်မြို့အနီး အင်းပတ်လမ်းရှိ စိုက်ခင်းမှာ လုပ်ငန်းခွင်ဝင်နေတဲ့ လင်မယား နှစ်ဦး ထိမှန်ခဲ့တာလို့ သိရပါတယ်။ အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသားကို မနေ့ နေ့ခင်းမှာပဲ သင်္ဂြိုလ်ခဲ့ပြီး ကလေးသုံးယောက်ကျန်ရစ်တယ်လို့ ဒေသခံက ပြောပါတယ်။

▪️ဖားကန့်နယ်မှာ ပြည်သူ့စစ်တိုက်ခိုက်လို့ သားအမိနှစ်ဦး ထိခိုက်ပြီး သမီးဖြစ်သူသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ် လက်အောက်ခံ မင်းဇင်သန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က တိုက်ခိုက်ခဲ့လို့ သားအမိ နှစ်ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကချင်ဒေသခံတစ်ဦးကလည်း ရှဒူးဇွပ်ရွာ အနီး ယုဇနစက်ရုံအနောက် တောင်ယာသွားလမ်းမှာ ပြည်သူ့စစ်အဖွဲ့က KIA လာမှာကို စိုးရိမ်ပြီး မိုင်းထောင်ထားရာ အသက် (၅၃)နှစ်အရွယ် ဒေါ်သန်းမြိုင်လှနဲ့ သမီးဖြစ်သူ အသက် (၁၉)နှစ်အရွယ် မသဲနုတို့ မိုင်းထိကာ မသဲနုမှာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။ ကျန်ရစ်သူ မိခင်ဖြစ်သူမှာလည်း ခြေထောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။

▪️တရားမဝင်ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ပါက ပြင်းထန်စွာအရေးယူမယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ကြေညာ

စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲကိုပူးပေါင်းခြင်းမပြုဖို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အသိပေးချက်ကို မထီမဲ့ပြင်ပြုခြင်း၊ သွေးတိုးစမ်းခြင်း ပြုလုပ်ပါက အကြမ်းဖက်ဥပဒေနဲ့ ပြင်းထန်စွာ အရေးယူမယ်လို့ ဖော်ပြပါတယ်။ ပြည်သူတွေအနေနဲ့ စာရင်းကောက်တဲ့အဖွဲ့၊ ပါဝင်ပတ်သက်သူတွေနဲ့ ဝေးဝေးနေပေးကြဖို့ အထူးမေတ္တာရပ်ခံထားပါတယ်။ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို တတ်စွမ်းရာနည်းလမ်းနဲ့ မပူးပေါင်းမပါဝင်ဖို့၊ စစ်ကောင်စီလက်ပါးစေတွေကို လျှို့ဝှက်နည်းနဲ့ မှတ်တမ်းတင်ပြီး တော်လှန်ရေးအင်အားစုများထံ သတင်းပေးပို့ဖို့နဲ့ ပူးပေါင်းပါဝင်သူတွေကို အပြစ်ပေးအရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

▪️ဆိုင်ကယ်နှစ်ယောက်စီးလို့ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ သားဖြစ်သူအပါအဝင် နှစ်ဦး ပစ်သတ်ဖြတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဆိုင်ကယ်နှစ်ယောက်စီးလို့ဆိုကာ အမျိုးသားနှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသူတစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သားဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ နေ့ခင်းက ပခုက္ကူစက်မှုဇုံနဲ့ မြို့သစ်ကြား ကာနီပယ် KTV အနီး နှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်တစ်စီးကို စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်ခဲ့ရာ နှစ်ဦးလုံး နေရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။ အလားတူ မနေ့ကပဲ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ရာသီချိန် ထန်းမြစ်တူးသူတစ်ဦးကိုလည်း ဗုံးထောင်သည်ဆိုကာ စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪️ရွှေဘိုနယ် ကံကြီးတောရွာဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အများအပြားကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကံကြီးတောကျေးရွာ ဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ မနေ့ နေ့ခင်းကက ကံကြီးတောကျေးရွာသို့ အင်အားအများအပြားနဲ့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တာပါ။ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို BLACK WOLF – Army နဲ့ Who Am I အဖွဲ့တို့က မနေ့ နေ့ခင်းက တိုက်ခိုက်ခဲ့ပါတယ်။

▪️စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ CDFဇိုဖေထံ ထပ်မံခိုလှုံလာ

ချင်းပြည်နယ် ဟားခါး အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၂၆၆)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထပ်မံအလင်းဝင်ခိုလှုံလာတယ်လို့ ချင်းကာကွယ်ရေးတပ်(CDF)-ဇိုဖေ(Zophei) က မနေ့က အသိပေးထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၆ ရက်က ခလရ (၂၆၆)တပ်ရင်းမှ ပြည်သူ့ဘက်တော်သား တစ်ဦး MA1 သေနတ် ၁လက်၊ ကျည်များနှင့်အတူ လာရောက်ပူးပေါင်းလာတာလို့ ဖော်ပြပါတယ်။ လာရောက်ပူးပေါင်းမှုကို နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်းနဲ့ ပြည်သူ့ဘက်သို့အလင်းဝင်ခိုလှုံလာသူပြည်သူ့ဘက်တော်သားအတွက် ထိုက်သင့်တဲ့ ဆုကြေးလက်ဆောင်ပေးအပ်ခဲ့ကြောင်း အသိပေးပါတယ်။ အဲဒီတပ်ဖွဲ့ဝင်ကို လွတ်မြောက်နယ်မြေသို့ ကောင်းမွန်စွာ ရောက်ရှိရေး တာဝန်ယူဆောင်ရွက်ပေးသွားမယ်လို့ CDF ဇိုဖေက ထုတ်ပြန်ပါတယ်။

(CDF-ဇို​ဖေထံ အလင်းဝင်လာ​သောစစ်သားနှင့်ယူ​ဆောင်လာသည့်လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CDFဇို​ဖေ)
(CDF-ဇို​ဖေထံ အလင်းဝင်လာ​သောစစ်သားနှင့်ယူ​ဆောင်လာသည့်လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CDFဇို​ဖေ)

You May Also Like