Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(ဇန်နဝါရီ၁၆ရက်)ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်အာဏာရှင်စနစ်ဆိုးကို ဝိုင်းဝန်းတော်လှန်ရမယ်လို့ TNLA ပြော

စစ်အာဏာရှင်စနစ်ဆိုးကို ဝိုင်းဝန်းတော်လှန်သွားမယ်လို့ တအာင်းတပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောပါတယ်။ ဇန်နဝါရီ ၁၂ ရက်က ကျရောက်တဲ့ နှစ်(၆၀)ပြည့် တော်လှန်ရေးနေ့မှာ ဗိုလ်မှူးချုပ် တားဘုန်းကျော်ရဲ့ ပြောကြားချက်ကို TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဒီနေ့ ထုတ်ပြန်ခဲ့တာပါ။ တအာင်း တော်လှန်ရေးကာလအတွင်း ပေးဆပ်ရမှုများ၊ ဆုံးရှုံးရမှုများ ရှိပေမယ့် လက်ရှိ အချိန်မှာ လွတ်မြောက်ရေးပန်းတိုင်မှာ ပိုမိုရှင်းလင်းလာပြီလို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုနဲ့ ပြစ်မှုမျိုးစုံတို့ကို မကြောက်မရွံ့ကျူးလွန်နေတယ်လို့ TNLAက ဆိုပါတယ်။

(TNLA မှ တာဝန်ရှိသူများအား‌ တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA)
(TNLA မှ တာဝန်ရှိသူများအား‌ တွေ့ရစဥ်၊ ဓာတ်ပုံ – TNLA)

▪︎စစ်ကောင်စီရဲ့ တရားခံရွေးပွဲကို လက်မခံဘဲ နည်းသဏ္ဍန်ပေါင်းစုံနဲ့ ငြင်းပယ်ကြဖို့ SIF တိုက်တွန်း

နိုင်ငံရေးပါတီတွေနဲ့ ပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ တရားခံရွေးပွဲကို လက်မခံဘဲ နည်းသဏ္ဍန်ပေါင်းစုံနဲ့ ငြင်းပယ်ကြဖို့ မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု(SIF)က ဒီနေ့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ SIF က ရပ်တည်ချက်နဲ့ တိုက်တွန်းချက်ကို ဒီနေ့ ထုတ်ပြန်ခဲ့တာပါ။ ဖက်ဆစ်စစ်အုပ်စုက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရွေးကောက်မှု မဟုတ်ခြင်းနဲ့ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့၊ ကျူးလွန်နေတဲ့၊ ဆက်လက် ကျူးလွန်နိုင်မယ့် ရာဇဝတ်မှုပြုလုပ်နိုင်ခွင့်အာဏာ အပ်နှင်းခြင်းဖြစ်ကာ အားလုံးတန်းတူမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပေါ်ပေါက်စေမှာ မဟုတ်ဘူးလို့ မြေပြင်သပိတ်အင်အားစု၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အချို့ပါဝင်တဲ့ SIF က ပူးတွဲထုတ်ပြန်ပါတယ်။

▪︎တရားမဝင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်းမပြုဖို့ ပုလဲ နဲ့ အုတ်ဖို (ပအဖ)တွေ ကြေညာ

စစ်ကောင်စီက ၂၀၂၃ အတွင်း တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး သန်းခေါင်စာရင်းနဲ့ မဲစာရင်းများ ကောက်ခံဖို့ ကြိုးစားဆောင်ရွက်လျက်ရှိရာ တရားမဝင် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်းမပြုဖို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ကြေညာထားပါတယ်။ ပြည်သူတွေအနေနဲ့ တရားမဝင် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်းမပြုဖို့ဖော်ပြထားပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကိုင်တုတ် အုပ်ချုပ်ရေးအဖွဲ့များမှ သန်းခေါင်စာရင်းနဲ့ မဲစာရင်း ကောက်ခံမှုကို ပူးပေါင်းကူညီခြင်း၊ ပါဝင်ဆောင်ရွက်ခြင်းနဲ့ အားပေးအားမြှောက် ပြုလုပ်သူတွေကို အကြမ်းဖက်အဖွဲ့ဝင်များအဖြစ် သတ်မှတ်သွားမယ်လို့ အသိပေးထားပါတယ်။ ပဲခူးတိုင်း အုတ်ဖိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကလည်း အလားတူ ထုတ်ပြန်ထားပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်လုပ်ငန်းတွေမှာ ပါဝင်နေကြသူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ မှတ်တမ်းရယူ သတင်းပေးပို့ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

▪︎အရာတော်နဲ့ ဗန်းမောက်မြို့နယ်မှ Non CDM ဝန်ထမ်း ၂၇ ဦး အလင်းဝင်လာဟု NUG အသိပေး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်မှ Non CDM ဝန်ထမ်း ၂၇ ဦး အလင်းဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။ NUG ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီလက်အောက်ခံ Non CDM များကို အလင်းဝင်ရောက်လာကြဖို့ ကြေညာချက်များထုတ်ပြန်ပြီးနောက် အခုလို အလင်းဝင်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အလင်းဝင်လာသူများမှာ ပညာရေးဌာန၊ကျန်းမာရေးဌာနနဲ့ စိုက်ပျိုးရေးဌာန တို့မှ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

▪︎လွိုင်လင်လေးမြို့မှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မိသားစုဝင်သုံးဦး ဒဏ်ရာရ

ကရင်နီပြည်နယ် လွိုင်လင်လေးမြို့မှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားမိသားစုဝင် သုံးဦး ဒဏ်ရာရရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့က စစ်ကောင်စီ ဦးစီးကျင်းပတဲ့ ကယားပြည်နယ်နေ့ အခမ်းအနားတိုက်ခိုက်ခံရပြီးနောက် လွိုင်ကော်မြို့နဲ့ ဆက်စပ်ရာနေရာများကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ လွိုင်လင်လေးမြို့အတွင်း ကျရောက်တဲ့ လက်နက်ကြီးကြောင့် မိသားစုဝင်သုံးဦး ထိမှန်ခဲ့တာပါ။ လက်နက်ကြီးထိမှန်တဲ့ အရပ်သားသုံးဦးမှာ ဦးကျော်ဝင်း ညာဖက်လက်မောင်းပွင့်ထွက်၊ဘယ်ဖက်ခြေချောင်း(၂)ချောင်းပြတ်ဒဏ်ရာရခဲ့ကာ မသန်းသန်းစိုးမှာ ညာဖက် လက်မောင်းယမ်းစထိမှန်ဒဏ်ရာနဲ့ ဒေါ်မေဇင်ညွန့်မှာ ညာဖက်လက်မောင်းယမ်းစထိမှန် ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

▪︎ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်ဖမ်းယူနိုင်တဲ့ စနစ် အစ္စရေးနည်းပညာကုမ္ပဏီ Cognyte က မြန်မာစစ်တပ်ထံ ရောင်းချထား

အစ္စရေးနည်းပညာကုမ္ပဏီ Cognyte က ဖုန်းခေါ်ဆိုမှုများအား ကြားဖြတ်ဖမ်းယူနိုင်တဲ့ စနစ်ကို မြန်မာစစ်တပ်ထံ ရောင်းချထားတယ်လို့ Justice For Myanmar က ဖော်ထုတ်တွေ့ရှိထားပါတယ်။ Cognyte ကုမ္ပဏီက တရားဝင်ကြားဖြတ်ဖမ်းယူရေးကိရိယာများကို မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနေခြင်းမှာ နိုင်ငံတကာဥပဒေနဲ့ အစ္စရေးဥပဒေများကို ချိုးဖောက်နိုင်ဖွယ်ရှိနေတယ်လို့ JFM က ဖော်ပြပါတယ်။ အဲဒီကြားဖြတ်ဖမ်းယူရေးစနစ်ဟာ မြန်မာစစ်တပ်က ဖုန်းခေါ်ဆိုမှုတွေကို အချိန်နဲ့ တပြေးညီ ကြားဖြတ်နားထောင်နိုင်စေမှာဖြစ်ပြီး၊ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီတာ ဖြစ်ပါတယ်။ အစ္စရေးရှေ့နေချုပ်အနေနဲ့ Cognyte အပေါ် စုံစမ်းစစ်ဆေးဖို့ လျှောက်ထားလွှာအပေါ် အမြန်ဆုံး တုန့်ပြန် အရေးယူ ဆောင်ရွက်ဖို့ JFM က တောင်းဆိုထားပါတယ်။

အစ္စ​ရေးရှိ Cognyte ရုံးခန်း ။ ။ဓါတ်ပုံ-ရိုက်တာ
အစ္စ​ရေးရှိ Cognyte ရုံးခန်း ။ ။ဓါတ်ပုံ-ရိုက်တာ

▪︎ပျူရွာရှိ စစ်အုပ်စုကို မဟာမိတ်အဖွဲ့များတိုက်ခိုက်ရာနှစ်ဖက်ထိခိုက်မှုရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးအင်အားကောင်းရာ သရက်ကန်ရွာကို မဟာမိတ်အဖွဲ့များဝင်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက် သေဆုံးမှုရှိတယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူအင်အား ၁၈၀ ခန့်ရှိတဲ့ မြိုင်မြို့နယ် တောင်ပိုင်း သရက်ကန်ကျေးရွာ ပျူစခန်းကို လက်လုပ်လက်နက်ကြီး (၁၀၀) မမ၊ (၁၂၀) မမ၊ ရော့ကတ်များနဲ့ အချက် ၈၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နဲ့ ပျူအများအပြားထိခိုက်ဒဏ်ရာရရှိသွားပြီး လေးဦးသေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုဘက်ကလည်း ပြန်ပစ်သဖြင့် ရဲဘော်တစ်ဦး လက်နက်ကြီး ယမ်းစထိမှန်ကာလက်မောင်း အနည်းငယ်ထိခိုက်ခဲ့ပြီး ကားနှစ်စီးထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

▪︎မီးပတ်ရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ခင်ဦးဒေသခံထောင်နှင့်ချီ ထွက်ပြေးရပြန်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီတ​ပ်က ခင်ဦးမြို့နယ်အနောက်ခြမ်းသို့ ကူးလာတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ညပိုင်းက ရေဦးမြို့နယ်၊ မန်ကျည်းတောကျေးရွာ တောင်ဘုန်းကြီးကျောင်း ညအိပ်ခဲ့တဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့ မနက်ပိုင်းမှာ မူးမြစ်ကူးတံတားမှ ခင်ဦးမြို့နယ် အနောက်ခြမ်းဘက်သို့ ကူးလာခဲ့ပါတယ်။ အဲဒီနောက် ပျူစောထီးကြီးစိုးရာ ရွာသစ်ကုန်းကျေးရွာမှ အနောက်ဘက် အင်တိုင်းလေးမြောက်ကျေးရွာအနီးရောက်ရှိကာ လက်နက်ငယ်များ အဆက်မပြတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

You May Also Like