Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇန်နဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကုလလူ့အခွင့်အရေးကောင်စီကိုယ်စားပြုခွင့်နေရာ စစ်ကောင်စီဆက်လက်အရေးနိမ့်

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ မြန်မာစစ်ကောင်စီခန့် အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကို နိုင်ငံကိုယ်စားပြုခွင့်ပေးမှာမဟုတ်ဘဲ မနှစ်ကအတိုင်း လစ်လပ်ထားရှိမယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အရည်အချင်းစစ်ကော်မတီက မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့်နဲ့ ပတ်သက်လို့ ရွှေ့ဆိုင်းကြောင်းဆုံးဖြတ်ခဲ့တာကြောင့် ဆွစ်ဇာလန်၊ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကလည်း မနှစ်ကအတိုင်း ဆက်လက်ဆုံးဖြတ်ခဲ့တာပါ။ ကုလလူ့အခွင့်အရေးကောင်စီမှာ အကြမ်းဖက်စစ်ကောင်စီက ကိုယ်စားပြုခွင့်ရဖို့ ကြိုးပမ်းနေရာ ကောင်စီရဲ့ အခုဆုံးဖြတ်ချက်ကြောင့် ကုလသမဂ္ဂမျက်နှာစာမှာ အရှုံးနဲ့ ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

(ကုလသမဂ္ဂလူအခွင့်အ​ရေး​ကောင်စီ ၏အစည်းအ​ဝေးခန်းမ။ ။ဓါတ်ပုံ-UN)
(ကုလသမဂ္ဂလူအခွင့်အ​ရေး​ကောင်စီ ၏အစည်းအ​ဝေးခန်းမ။ ။ဓါတ်ပုံ-UN)

▪️အင်းတော်ရှိ ကော်မရှင်ရုံးကို မိုင်းခွဲသတိပေး

စစ်ကိုင်းတိုင်း အင်းတော်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရုံးကို သတိပေးတဲ့အနေနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ ရဲဘော်တစ်ဦးက ပြောပါတယ်။ မနေ့ ညနေပိုင်းက အင်းတော်မြို့ ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြောက်ကျားအဖွဲ့တစ်ခုမှ လက်လုပ်မိုင်း နှစ်လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်လို့ အထိအခိုက်မရှိခဲ့ဘူးလို့ ရှင်းပြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ၃၀ နှစ်အရွယ်အမျိုးသားတစ်ဦးတို့ကို အနည်းငယ်ထိခိုက်မိခဲ့တယ်လို့ သိရပါတယ်။

(အင်းတော်မြို့ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ - IR)
(အင်းတော်မြို့ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ – IR)

▪️ပုသိမ်ကြီးမြို့နယ်ထဲ မီတာခမဆောင်လို့ ကျေးရွာ ၁၀၀ ကျော် မီးဖြတ်ခံရ

မီတာခမဆောင်လို့ဆိုပြီး မန္တလေး ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာအားလုံးနီးပါး လျှပ်စစ်မီးဖြတ်တောက်ခံထားရတယ်လို့ လျှပ်စစ်ဝန်ထမ်းတွေနဲ့ ဒေသခံတွေထံကနေ စုံစမ်းသိရပါတယ်။ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးက မီးဖြတ်ထားတာဖြစ်ပြီး ကျေးရွာအလိုက် ရွာလုံးကျွတ် မီတာခကြွေးကျန် ဆောင်ပြီးမှသာ မီးပြန်ပေးမှာဖြစ်တာကိုသိရတယ်လို့ မီးဖြတ်ခံရတဲ့ ရွာ မှာနေထိုင်သူ ဒေသခံတစ်ဦးကပြောပါတယ်။ မီတာခမဆောင်ရင် မီးဖြတ်တဲ့အပြင် တရားစွဲတာကိုလည်း ရင်ဆိုင်ရမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါသေးတယ်။ ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ကျေးရွာအုပ်စု ၅၈ ခုနဲ့ ကျေးရွာပေါင်း ၁၄၀ နီးပါးရှိပါတယ်။

▪️ငလိုင်ရွာခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

ချင်းပြည်နယ် မတူပီမြို့နယ်ရှိ ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်များနဲ့ ဘာသာရေး အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ မတူပီ-ဟားခါးလမ်း ငလိုင်ကျေးရွာအနီးရှိ CDF – Matupi ရှေ့တန်းကင်းတစ်နေရာကို စစ်ကောင်စီက ဇန်နဝါရီ ၁၅ ရက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးရှိခဲ့ပါတယ်။ အဲဒီနေ့ကစလို့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းတပ်စွဲပြီး နေအိမ်များကို မွှေနှောက်ဖောက်ထွင်းခြင်း၊ နေအိမ်များကို မီးရှို့ခြင်း ပြုလုပ်ခဲ့ရာ ဇန်နဝါရီ ၁၆ ရက်မှာ နေအိမ် ငါးလုံးထက်မနည်း မီးရှို့ခံရတယ်လို့ ဒေသခံက ပြောပါတယ်။ မနေ့ကလည်း ဘုရားကျောင်းနဲ့ လူနေအိမ်အများအပြားကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

▪️ရေတာရှည်တိုက်ပွဲ စစ်ကောင်စီတပ်မှ အများအပြားသေပြီး PDFတစ်ဦးကျဆုံး

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များက သုံးနာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃) ဒေါင်းမင်းသားတပ်ဖွဲ့က ပြောပါတယ်။ မနေ့ မနက်ပိုင်းက ရေတာရှည်မြို့နယ် နဂျပ်ရွာအနီးစစ်ကြောင်းထိုးလာတဲ့ အင်အား (၉၀)ခန့်ပါ စစ်ကောင်စီတပ်ကို ဒေါင်းမင်းသားတပ်ဖွဲ့၊ သံတောင်မြောက်ပိုင်း အဘဦးကိုကြီးဦးဆောင်တဲ့ တပ်ဖွဲ့နဲ့ တပ်ခွဲ(၄)တို့က အပြင်းအထန်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၈ ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူများလည်း အများအပြားရှိတယ်လို့ ဒေါင်းမင်းသားတပ်ဖွဲ့က ပြောပါတယ်။

(PDF ပူးပေါင်းတပ်မှ ကျဆုံးရဲဘော်အား တိုက်ပွဲမတိုင်မီက အခြားရဲဘော်များနှင့်အတူတွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(PDF ပူးပေါင်းတပ်မှ ကျဆုံးရဲဘော်အား တိုက်ပွဲမတိုင်မီက အခြားရဲဘော်များနှင့်အတူတွေ့ရစဥ်၊ဓာတ်ပုံ – ပေးပို့)

▪️ကန့်ဘလူမှာ စစ်အုပ်စုတပ်စွဲရာကို ဒေသတွင်းPDFများသွားရောက် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်နဲ့ ပျူစောထီးများတပ်စွဲရာ ကျေးရွာကိုသွားရောက်တိုက်ခိုက်ချိန် စစ်ကူလာတဲ့ စစ်အုပ်စုကိုပါ ထပ်မံတိုက်ခိုက်ရာ ရှစ်ဦးထက်မနည်းသေဆုံးတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် ညောင်ဇင်လေး (အနောက်)နဲ့ ယောရွာအထိုင်ချ စစ်တပ်နဲ့ ပျူစောထီးတွေကို ကန့်ဘလူခရိုင် မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ မနေ့ နေ့ခင်းက ညောင်ဇင်လေး (အနောက်)ရွာမှာ အထိုင်ချထားတဲ့ အင်အား ၂၀ ကျော်ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို (၆၀) မမ လက်နက်ကြီးရှစ်လုံးနဲ့ မဟာမိတ်အဖွဲ့တွေက စတင် ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

▪️ထီးတင်ပွဲကင်းလာစောင့်တဲ့ စစ်ကောင်စီတပ်က ကျေးရွာနေအိမ်တွေကို မီးရှို့၊ ပြည်သူတစ်ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်မှာ ဘုရားထီးတင်ဖို့ ကင်းလာစောင့်တဲ့ စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းနဲ့ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ဧရာဝတီမြစ်ဘေး ထုံးဘိုရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၁၅ လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတစ်ဦးလည်း ခြေလက်များဖြတ်ကာ မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင် ၂ ဆောင်ကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

▪️ပြည်သူများစေတနာနဲ့ ပေးတဲ့ ရိက္ခာကိုသာ လက်ခံရမယ်လို့ တပ်ဖွဲ့ဝင်တွေကို ဗန်းမောက် (ပကဖ) ညွှန်ကြား

ပြည်သူများကို ရိုင်းပြစွာ ပြုမူပြောဆိုခြင်းမပြုဖို့ အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အဖွဲ့ဝင်များ လိုက်နာဖို့ အချက်များကို ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပြီး လိုက်နာခြင်းမရှိတဲ့ အဖွဲ့ဝင်တွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဖော်ပြပါတယ်။ ပြည်သူတွေရဲ့ ချစ်ခင်မှုနဲ့ စေတနာအလျောက်ပေးအပ်တဲ့ စားရေရိက္ခာကိုသာ လက်ခံရမှာ ဖြစ်ပြီး မတရားတောင်းခံခြင်း၊ ကောက်ခံခြင်း၊ သိမ်းပိုက်ခြင်း မပြုလုပ်ဖို့ ဗန်းမောက်(ပကဖ) က ထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဟာ ပြည်သူများကို ကာကွယ်ပေးဖို့ တာဝန်ရှိပြီး တပ်ရင်းတပ်ဖွဲ့တွေရဲ့ စစ်ရေးလိုအပ်ချက်များကို ဦးလည်မသုန်ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

▪️ညောင်ဦးမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းအပါအဝင် ၄ ဦး ဖမ်းခံရ

မန္တလေးတိုင်း ၊ညောင်ဦးမြို့နယ်ထဲက NLD ပါတီတိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ သားဖြစ်သူအပါအဝင် အမျိုးသား ၄ ဦးကို ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ NLD အသိုင်းအဝိုင်းကနေသိရပါတယ်။ ဖမ်းခံရတဲ့ NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းဟာ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရသူ ဦးဝင်းမြင့်ခိုင်ဖြစ်ပြီး သူနဲ့အတူ သားဖြစ်သူ၊ တူတော်စပ်သူနဲ့ မိတ်ဆွေ တို့ဟာ နေအိမ်မှာ ဖမ်းခံလိုက်ရတာပါ။ လတ်တလောမှာစစ်ကြောရေးရောက်နေတယ်လို့သိရပါတယ်။

▪️နွားထိုးကြီးမှာ စစ်ကောင်စီယာဥ်တန်းနဲ့ စစ်ဆေးရေးဂိတ်ကို နှစ်ရက်ဆက် တိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ ယာဥ်တန်းနဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုနှစ်ဖွဲ့က နှစ်ရက်ဆက် တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း၊ ညောင်ပင်ကျေးရွာအနီးမှာ စစ်ကောင်စီယာဥ်တန်းအား စစ်ကိုင်းခရိုင် တပ်ရင်း(၄)- MSPDFအဖွဲ့နဲ့ ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Natogyi Regional Defence Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းကလည်း နွားထိုးကြီးမြို့ အရှေ့ဘက် (၂)မိုင်ခန့်အကွာ နွားထိုးကြီး – မြစ်သားလမ်းမကြီးပေါ်ရှိ ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းနေတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ အီဂါနာဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

(နွားထိုးကြီး - တောင်သာလမ်းပေါ်တွင် ပြီးခဲ့သ​ည့်လပိုင်းအတွင်းက မော်တော်ယာဉ်များကို နွားထိုးကြီးအခြေစိုက်PDF က စစ်ဆေးခဲ့စဥ်၊ ဓာတ်ပုံ - Cj)
(နွားထိုးကြီး – တောင်သာလမ်းပေါ်တွင် ပြီးခဲ့သ​ည့်လပိုင်းအတွင်းက မော်တော်ယာဉ်များကို နွားထိုးကြီးအခြေစိုက်PDF က စစ်ဆေးခဲ့စဥ်၊ ဓာတ်ပုံ – Cj)

You May Also Like