Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဇန်နဝါရီ ၂၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ပြည်သူ့အာဏာပြည်သူ့ထံပြန်လည်အပ်နှံနိုင်ရေးတရုတ်ရဲ့ ရပ်တည်ခဲ့မှုများကိုကျေးဇူးတင်ဟုနှစ်ကူးမှာNUG သဝဏ်လွှာပို့

မြန်မာပြည်သူများ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်အပ်နှံနိုင်ရေးအတွက် တရုတ်ရဲ့ ရပ်တည်ခဲ့မှုများကို အထူးပင်ကျေးဇူးတင်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးက တရုတ်နှစ်သစ်ကူးနေ့သဝဏ်လွှာပေးပို့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ ပေးပို့တဲ့ အဲဒီသဝဏ်လွှာမှာ တရုတ်အနေနဲ့ နိုင်ငံတကာမျက်နှာစာ၊ အထူးသဖြင့် ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီမျက်နှာစာ တို့မှာ ထောက်ခံကူညီပေးနေတဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဖော်ပြပါတယ်။ မြန်မာပြည်သူများအပေါ်အကြမ်းဖက် ဖိနှိပ်နေတဲ့ စစ်အုပ်စုနဲ့အတူ မရပ်တည်ကြောင်း ပြသလိုက်ခြင်းဟာ တရုတ်ရဲ့ မြန်မာပြည်သူများအပေါ် အိမ်နီးချင်း ကောင်းပီသကြောင်းသက်သေထူပြလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြန်မာပြည်သူများ မျှော်မှန်းထားတဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်ဟာ အိမ်နီးချင်းနိုင်ငံများ၊ တရုတ် နိုင်ငံသို့ ကောင်းကျိုး အသီးအပွင့်များသာ ယူဆောင်လာမယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

▪︎စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ မင်းတပ်ဒေသခံ နှစ်ဦးထိခိုက်

ချင်းပြည်နယ် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ်တွေကို အကြမ်းဖက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူထိခိုက်မှုရှိပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းထုတ်ပြန်ပါတယ်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ် များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ် များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ – မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ်အဆောက်အဦးများကို မနေ့ညသန်းခေါင်ယံမှာ တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အမျိူးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးဒဏ်ရာ ရခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက်ပိုင်းမှာလည်း မင်းတပ်မြို့ပေါ်မှာ တပ်ဆင်ထားတဲ့ ဟောင်ဝစ်ဇာ ‌(Howitzer) လက်နက်ကြီးတွေနဲ့ ၀မ္မသူးကျေးရွာသို့ ငါးချက်ဆက်တိုက် ပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ အချို့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

▪︎ရွေးကောက်ပွဲပြင်နေတဲ့ ဇီးကုန်း ထွေအုပ်ရုံးကို လက်ပစ်ဗုံးနဲ့ထု

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့မှာ ရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီအဖွဲ့ဝင်တွေကို လက်ပစ်ဗုံးနဲ့ထုပြီး ရုံးရှေ့ထွ​က်လာသူတွေကို ရှေ့ထွက်မိုင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်နီ(ကန့်ဘလူ)အဖွဲ့က ဗိုလ်လင်းယုန်က ပြောပါတယ်။ မနေ့ မနက်ပိုင်းက ဟန်ပြရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ဇီးကုန်းမြို့ပေါ်ရှိ စစ်အုပ်စုကို ဗုံးပစ်ကာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သုံးယောက်ပြင်းပြင်းထန်ထန်ထိတယ်လို့ကြားရပြီး တိတိကျကျမသိသေးဘူးလို့ လင်းယုန်နီ(ကန့်ဘလူ) တာဝန်ခံက ပြောပါတယ်။ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေမှာ ပါဝင်ပတ်သက်မှု မပြုလုပ်ကြဖို့နဲ့ ဟန်ပြရွေးကောက်ပွဲ ဖြစ်မြောက်ရေးမှာ ပါဝင်ပတ်သက်တဲ့ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မျိုးကိုမဆို လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။

▪︎ဖားကန့်​ထွေအုပ်ရုံးတိုက်ခိုက်ခံရ စစ်​ကောင်စီအရာရှိတစ်ဦး​သေ

စစ်​ကောင်စီရဲ့ ဖားကန့်မြို့နယ်ထွေအုပ်ရုံး မနေ့ညနေက တိုက်ခိုက်ခံရပြီး စစ်ကောင်စီအရာရှိတစ်ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ထွေအုပ်ရုံးအတွင်း အစည်းအဝေးပြုလုပ်နေတုန်း ကားပေါ်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့က ပစ်ခတ်ခဲ့သလဲဆိုတာ မသိရသေးပါဘူး။ အခုရက်ပိုင်းအတွင်း စစ်အုပ်စုရဲ့ အတုအယောင် တရားမဝင်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ထွေအုပ်ရုံးတွေကို မြေအောက်တော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးတိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

(စစ်​ကောင်စီ၏ မြို့နယ်ထွအုပ်ရုံး (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ၏ မြို့နယ်ထွအုပ်ရုံး (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-CJ)

▪︎စစ်ကောင်စီယာဥ်တန်းကို ဖောက်ခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေဟုဆို

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်း ကားသုံးစီးနဲ့လာတဲ့ စစ်ကောင်စီတပ်ကို ရှေ့ထွက်မိုင်းခြောက်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ်(ပ.က.ဖ)ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က ပြောပါတယ်။ မနေ့ ညနေပိုင်းက ထီးချိုင့်ဘက်မှ သပိတ်ကျင်းမြို့နယ်ဘက်သို့ ကားသုံးစီးနဲ့လာတဲ့ စစ်ကောင်စီတပ်ကို ဆယ်ဇင်းကုန်းရွာနဲ့ မင်းကုန်းကျေးရွာကြားမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ စစ်ကားတစ်စီးမှာ နေရာတင်ထိုးရပ်သွားပြီး ကျန်နှစ်စီးမှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိခဲ့ဘူးလို့ သပိတ်ကျင်းမြို့နယ်(ပ.က.ဖ)ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

▪︎အရာတော်မြို့အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဗုံးနှစ်ကြိမ်ချ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တစ်ပတ်အတွင်း ဒရုန်းနဲ့ နှစ်ကြိမ်ထ​ပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိတယ်လို့ Danger Force LPDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ နေ့ခင်းက အရာတော်မြို့ အနောက်ဘက်အထွက် လမ်းမပေါ်ရှိ စက်မှုလယ်ယာရုံးရှေ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲကာတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးဒဏ်ရာအပြင်းအထန်ရရှိပြီး သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရ အပြီး စစ်ကောင်စီတပ်သားများက လမ်းကြိုလမ်းကြားများထိ လိုက်လံ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

▪︎မြိုင်နယ် ပျူကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များ ဝင်တိုက်

မကွေးတိုင်း မြိုင်မြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ သရက်ကွကျေးရွာမှ ပျူကင်းစခန်းနဲ့ စစ်ကောင်စီယာဥ်ကို တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က သတင်းထုတ်ပြန်ပါတယ်။ ပျူအမျိုးသမီးမှာ လည်ပင်းကျည်မှန်သွားပြီး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း၊ သရက်ကွပျူတွေလည်း ဒဏ်ရာရရှိသူများကို မြိုင်မြို့ဆေးရုံကို သွားရောက်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်နဲ့ ပျူအင်အား ၂၀ ခန့်ပါတဲ့ အဖွဲ့ဟာ ကားတစ်စီးနဲ့ ပြန်လာစဥ် သရက်ကွရွာ မရောက်မီလမ်းပိုင်းတစ်နေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူနှစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိသွားတယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က ဖော်ပြပါတယ်။

▪︎ဝက်လက်မှာ ကင်းပတ်ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကင်းပတ် ထွက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတဘ်လို့ GZ Special Task Force(ဝက်လက်)က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၀ ရက် ညပိုင်းက ဝက်လက်မြို့ပေါ်မှ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူတွေကို ဘက်စုံမူးဘောင်အနီး မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် သုံးဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ဖော်ပြပါတယ်။ အဲဒီ စစ်ဆင်ရေးကို GZ Special Task Force (ဘွားကြီးတပ်ခွဲ)နဲ့ PAFD တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

▪︎ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီရေယာဥ်အုပ်စု ​မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီရေယာဥ်အုပ်စုကို ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Chindwin Brothers People’s Defence Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်းလာတဲ့ စစ်ကောင်စီမော်တော်ရေယာဥ်တွေဟာ မုတ်ဌောကျေးရွာအနီးမှာတော့ ရှေ့သို့ဆန်တက်နိုင်ခြင်းမရှိဘဲ နောက် ပြန်လှည့်ခဲ့ပါတယ်။ မြစ်ကြောင်းအတိုင်း အလုံဆိပ်ကမ်းသို့ စုန်ဆင်းလာစဥ် မြစ်ကမ်းတစ်နေရာမှ အရှည် လေးပေ အကျယ် ရှစ်လက်မရှိတဲ့ အဆင့်မြင့် ရှေ့ထွက်မိုင်း နှစ်လုံးနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

You May Also Like