Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိပ်ဖြူမြို့နယ်တွင်တိုက်ပွဲ​​​စစ်ဗိုလ်နှစ်ဦးအပါအဝင်ထိခိုက်မှုများဟု PPC ပြော ၊PDF တစ်ဦးကျဆုံး

တိုက်ပွဲချိန် ၅မိနစ်ခန့်အကြာတွင် စစ်ကောင်စီဘက်မှ အသင့်စောင့်နေသော စစ်ကူများရောက်လာပြီး ခန့်မှန်းအင်အား ၈၀ကျော်အထိများလာခဲ့သည်ဟု ပြည်သူ့စွမ်းအားတပ်ပေါင်းစု – PPCက ထုတ်ပြန်သည်။

(ဆိပ်ဖြူမြို့နယ် တိုက်ပွဲတွင် ကျဆုံးခဲ့ရသော ဒုတပ်စိတ်မှူးအား မီးသင်္ဂြိုလ်ရန်ပင်ဆင်နေစဥ်။ ဓာတ်ပုံ - PPC)
(ဆိပ်ဖြူမြို့နယ် တိုက်ပွဲတွင် ကျဆုံးခဲ့ရသော ဒုတပ်စိတ်မှူးအား မီးသင်္ဂြိုလ်ရန်ပင်ဆင်နေစဥ်။ ဓာတ်ပုံ - PPC)

ငါန်းဇွန်တွင်လည်း မိုင်းဖော်နေသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ပုသိမ် – မုံရွာလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားရာ စစ်ဗိုလ်နှစ်ဦးအပါအဝင် ၂၀ဦးခန့်သေဆုံးကြောင်း ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၁၄ ရက်က ပုသိမ်-မုံရွာလမ်းပေါ်ရှိ ကျေးရွာတစ်ရွာအား စစ်ကြောင်းထိုးပြီး ပြန်ထွက်လာသည့် အင်အား ၄၀ကျော်ပါ စစ်ကောင်စီယာဥ်တစ်စီးအား ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC (ပခုက္ကူခရိုင် အမှတ်(၁၁)တပ်ရင်း)က မိုင်း (၉)လုံးဆွဲ၍တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲချိန် ၅မိနစ်ခန့်အကြာတွင် စစ်ကောင်စီဘက်မှ အသင့်စောင့်နေသော စစ်ကူများရောက်လာပြီး ခန့်မှန်းအင်အား ၈၀ကျော်အထိများလာခဲ့သည်ဟု ပြည်သူ့စွမ်းအားတပ်ပေါင်းစု – PPCက ထုတ်ပြန်သည်။

စစ်ကောင်စီဘက်က ကား နှစ်စီးဖြင့် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး တစ်စီးမှာ လမ်းတစ်နေရာတွင်ရပ်ခဲ့ပြီး ခြေလျင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း PPC၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု ၃၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်တစ်ဦး၊ အရာခံဗိုလ် တစ်ဦး၊ တပ်ကြပ် နှစ်ဦး၊ ဒု တပ်ကြပ် နှစ်ဦးအပါအဝင် ၂၀ဦးကျော်ခန့်သေဆုံးကြောင်းသိရပြီး ၂၈ဦး ဒဏ်ရာရခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ကျွန်တော်တို့ ကြိုးစားနေပါတယ်။ MOD ရဲ့ လမ်းညွှန်မှုနဲ့ အတူ လုပ်ဆောင်ပါတယ်။စီအိုစီ နှစ် ရပ်လုံးကို လိုက်နာဆောင်ရွက်နေပါတယ်။ပြည်သူကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့ သားတွေပါ။ ပြည်သူတွေကလည်း သားသမီးတွေဖြစ်တဲ့ကျွန်တော်တို့ကို ကူညီပါ။ သတင်းတွေပေးကြပါ၊ကျွန်တော်တို့သားသမီးတွေဘက်ကလည်း မိဘတွေကို ကိုယ်စိတ်လုံခြုံဖို့အစွမ်းကုန်ကာကွယ်စောင့်ရှောက်သွားပါမယ်”ဟု PPC၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်အဆုတ်တွင် ဒုတပ်စိတ်မှူးတစ်ဦး ကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးလည်း ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း PPC၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရဲရင့်စွာကျဆုံးသွားသော ဒုတပ်စိတ်မှူးအတွက်ရဲဘော်များနှင့် ပြည်သူများက ဂုဏ်ယူရင်းဖြင့်ပင် ဝမ်းနည်းပူဆွေးရပြီး တော်လှန်ရေးနှင့်တိုင်းပြည်အပေါ်တွင် ကျန်ရှိနေသေးသော တာဝန်များကို ယခင်ထက်ပို၍ စွမ်းစွမ်းတမံကြိုးစားသွားပါမည်ဟု ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPCက ကတိပြုသည်။

ဖေဖော်ဝါရီ ၁၄ ရက်ကပင် ဆိပ်ဖြူမြို့နယ်၊ ကျားဘေးကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးစခန်းငယ်တစ်ခု ၀င်ရောက်စီးနင်းခံခဲ့ရပြီး စခန်းငယ်ပျက်စီးခဲ့ကာ စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ဘဲကျကျေးရွာနေပြည်သူနှစ်ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့သည်။

ထို့အပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် မိုင်းဖော်နေသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်နှစ်စီးပျက်စီးပြီး စစ်အုပ်စုဝင်များထိခိုက်မှုရှိကြောင်း ငါန်းဇွန်(ပကဖ) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၁နာရီ ၄၉ မိနစ်ခန့်က ငါန်းဇွန်မြို့နယ် သားကျင်ရွာနှင့် နတ်ကြီးကျေးရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထောင်ထားသောမိုင်းများကို ပျူစောထီး၏ သတင်းပေးဖြင့် လိုက်ဖော်နေသောစစ်ကောင်စီတပ်များအား ဒေသတွင်း PDFများက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပုစဥ်းခေါင်းကားတစ်စီးနှင့် ဆိုင်ကယ်လေးစီးတွင် ဆိုင်ကယ်နှစ်စီးမှာ နေရာတွင်မိုင်းထိပြီး ပုစဥ်းခေါင်းပေါ်တွင် ပါလာသော စစ်ကောင်စီတပ်သားများ ပြင်းထန်ဒဏ်ရာရနိုင်ကြောင်း ငါန်းဇွန်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“သားကျင်ရွာ အထက ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေပါ။ ငါန်းဇွန် ငါန်းမြာကြီး လမ်းမပေါ်မှာဖြစ်တာပါ။ အင်အားကဆယ်ဂဏန်းလောက်ပါပဲ။ မိုင်းတွေဖော်ဖို့လုပ်​နေချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ဆိုင်ကယ်တွေက မောင်းမရတော့ဘူး။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ငါန်းဇွန်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ) နှင့်ပြည်သူ့အင်အား(ငါန်းဇွန်)၊ မြင်းခြံခရိုင်တပ််ရင်းအမှတ်(၆)Special Task Force Ngazun၊ ခုနှစင်ကြယ်ပျောက်ကျားတပ်ဖွဲ့(ချောင်းဦး)၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)၊ မန်းလေးခရိုင်အမှတ်၅တပ်ရင်း(MN PDF)၊ စစ်ကိုင်းခရိုင်တပ်ရင်း – ၄(MS PDF)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)တပ်ခွဲ – ၂ Zamani Revolution Force Myaung (MMU)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်သည် ငါန်းဇွန်မြို့နယ်အနောက်ပိုင်း၊ ဧရာဝတီမြစ်ရိုးတွင် စစ်ကြောင်းထိုးကာ ကျေးရွာများအား ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေသည်။

Facebook

You May Also Like

သတင်း

ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီမှ ကင်းပတ်ရန်ထွက်‌ခွာနေစဥ် ယမန်နေ့(ဖေဖော်ဝါရီ ၁၉ရက်) ညနေ ၅နာရီ ၂၅မိနစ်မှ ညနေ ၆နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

PDF များက ​ကျောက်မျက်​တောင်​ပေါ်မှစစ်​ကောင်စီစခန်းကိုတိုက်ခိုက်​​​နေစဥ် မြစ်တစ်ဖက်ကမ်းရှိ မုံရွာမြို့မှပါ ​သေနတိပစ်ခတ်သံများကြား​​နေရ​ကြောင်း ​ဒေသခံများက​ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၁ရက်မှ ၁၅ရက်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၂၈ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားသည်။

ဆောင်းပါး

"ပိုပြီးလက်တွေ့ပိုဆန်လာမယ်။မြို့ပြတိုက်ပွဲတွေ က ပိုမြိုင်လာမယ်လို့ပဲ အကြမ်းဖျင်းယူဆပါတယ်။စခ ၊ရခ (စစ်သား၊ရဲ)လက်ထဲကထက်စာရင် အုပ်ကြီး ၊ရာအိမ်မှူးလက်ထဲကသေနတ်က ပိုပြီးယူလို့အဆင်ပြေမယ်လို့ယူဆပါတယ်။တဖက်ကနေတွေးရင်တော့ မစ်ရှင်လုပ်တဲ့အခါ အထိအခိုက်အကျအဆုံးများလာနိုင်ပါတယ်။အရင်လောက် လုပ်ရတာ မလွတ်လပ်တော့ဘူးပေါ့" — စ​နေ (ရန်ကုန်မြို့ရှိ မြို့ပြ​​​ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်​သော MUPDF(Myanmar Underground People Defense Force) အဖွဲ့တာဝန်ခံ)