စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ မိုဘိုင်းဖုန်းဆိုင် လက်ပစ်ဗုံးပစ်၍ ဓါးပြတိုက်သွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) ညနေ ၄ နာရီခွဲခန့်က မုံရွာမြို့၊ ကျောက္ကာလမ်း၊ ရန်ကင်းရပ်ကွက်ရှိ mobile 1 ဖုန်းဆိုင်အား အမျိုးသားနှစ်ဦး လက်ပစ်ဗုံး ၂ လုံး ကိုင်ဆောင်၍ ရောက်ရှိလာပြီးဆိုင်ဝန်ထမ်းများအားအော်ဟစ်ဆဲဆိုခြိမ်းခြောက်ခဲ့သည်။
ထိုအမျိုးသားနှစ်ဦးသည် ဆိုင်ကောင်တာရှိ ဖုန်း ၁၅ လုံးနှင့် ဖုန်းရောင်းရငွေကျပ် ၅ သိန်းခန့်အားယူဆောင်ခဲ့ပြီးနောက် ဆိုင်အတွင်းရှိ ဖုန်းပြုပြင်ရေးService ခန်းအတွင်းသို့ လက်ပစ်ဗုံး ၁ လုံးပစ်ထည့်ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ထိုနောက် ဖုန်းဆိုင်နောက်ကျောရှိလူနေအိမ်လမ်းကြားမှတဆင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။
၎င်းတို့ထွက်ပြေးသွားသော လမ်းကြားအတွင်း လုံခြုံရေးများက စစ်ဆေးခဲ့ရာ ယူဆောင်သွားသည့် ဖုန်း ၁၅ လုံးနှင့် ငွေ ၅ သိန်းကျပ်တို့ထည့်ထားသည့် အိတ်အမဲအားပြန်လည် တွေ့ရှိခဲ့ ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
လက်ပစ်ဗုံးပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ဝန်ထမ်း ၄ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင်ဖုန်းဆိုင်အနီး လမ်းကြားတွင် လက်နက်ဖြင့်အသင့်စောင့်နေသူနှစ်ဦးက ဓားမြတိုက်သူကို ကားဖြင့်ခေါ်ဆောင်ထွက်ပြေးသွားကြောင်း မျက်မြင်များ၏ ပြောကြားချက်ကို ချင်းတွင်းပို့စ်က ဖော်ပြသည်။
“အဲဒီကိစ္စဇစ်မြစ်လိုက်နေတုန်းပဲ။”ဟု မုံရွာအခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့တစ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
မုံရွာမြို့ပေါ်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကပင် ရွှေဆိုင်များအပါအဝင် ကုန်စုံဆိုင်များ၊ လူနေအိမ်များ ဓားပြတိုက်ခံရမှုများမကြာခဏဖြစ်ပွားနေသည်။စစ်ကောင်စီတပ်စွဲရာနေရာအနီးတစ်ဝိုက်တွင် ဓါးပြတိုက်မှုများပိုမိုဖြစ်ပွားပြီး ၊ကျူးလွန်သူများတွင် ပျူစောထီးများလည်းပါဝင်ကြောင်းဒေသခံများကပြောသည်။