Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟုမ္မလင်းနယ်ရှိ နောင်ပိုအောင်ရဲစခန်းနှင့် စစ်ကောင်စီတပ်ရှိရာနေရာများအား PDF တိုက်ခိုက်

လွင်ကြီးကျေးရွာတွင်လည်း အင်အား ၈၀ခန့်ရှိပြီး ဖောင်းပြင်၊ SNA (၇၅၃)တပ်ဘက်မှ ဝင်နိုင်သည့်နေရာများဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

(ဟုမ္မလင်းHPDFအဖွဲ့ဝင် ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-HPDF)
(ဟုမ္မလင်းHPDFအဖွဲ့ဝင် ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-HPDF)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ နောင်ပိုအောင်ရဲစခန်းနှင့် စစ်ကောင်စီတပ်သားများရှိရာ တော်စီနှင့်လွင်ကြီးကျေးရွာများအား ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်မှ သေဆုံးထိခိုက်မှုရှိကြောင်း ဟုမ္မလင်းအခြေစိုက် HPDF 124 က ပြန်ကြားရေးတာဝန်ခံ ကိုချာလီက ပြောကြားသည်။

မတ်လ ၃၁ ရက် နံနက်၉နာရီခန့်မှစတင်ကာ ဟုမ္မလင်းမြို့နယ်၊ တော်စီရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်၊ SNAအဖွဲ့အား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ခိုက်မှု ၄ နာရီခန့်ကြာမြင့်ခဲ့ကြောင်း HPDF 124 ရဲဘော်များက ပြောသည်။

“ရွာထဲကို ဝင်နိုင်ခဲ့တယ်။ အကုန်လုံးတော့ မသိမ်းနိုင်ခဲ့ဘူး။ SNA ဘက်က ထုတ်ပြန်ထားတာလေးဦးကျတယ်။ ခုနစ်ဦးဒဏ်ရာရတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦးလက်မောင်းဒဏ်ရာရတယ်။”ဟု ကိုချာလီက ပြောသည်။

စီးနင်းတိုက်ခိုက်ခဲ့သည့် တော်စီကျေးရွာသည် နမ့်ထောနှင့်နောင်ပိုအောင်ဘက်မှ အချိန်မရွေး စစ်ကူဝင်နိုင်သည့် လမ်းကြောဖြစ်သည့်နေရာတွင်တည်ရှိပြီး စစ်ကောင်စီတပ်နှင့်လက်အောက်ခံတပ် SNAမှ အင်အား ၈၀ကျော် တပ်စွဲထားရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

“တော်စီပွဲဆိုရင် တော်တော်လေးကို ဝင်တိုးရခက်တယ်။ လက်နက်ကြီး ၆၀ကို လက်နက်ငယ်ပစ်သလို ကျည်ဆံတွေပစ်သလိုကို ပစ်တာ။ ရွာထဲကနေထိုင်ပြီး အလုံးရေ ၇၀၊ ၈၀လောက်ကို ပစ်တာ။ အရမ်းခက်ခဲတယ်။”ဟု ကိုချာလီက ပြောသည်။

ထိုနေ့မွန်းလွဲပိုင်းတွင် မဟာမိတ်အဖွဲ့များကလည်း ဟုမ္မလင်းမြို့နယ်၊ လွင်ကြီးကျေးရွာတဝိုက်၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သေးသည်။

“ကျွန်တော်တို့ တော်စီရွာဘက်မှာဖြစ်နေတဲ့အချိန် လွင်ကြီးဘက်က စစ်ကူမလာနိုင်အောင် တိုက်ခိုက်ခဲ့တာပါ။”ဟု ကိုချာလီက ပြောသည်။

လွင်ကြီးကျေးရွာတွင်လည်း အင်အား ၈၀ခန့်ရှိပြီး ဖောင်းပြင်၊ SNA (၇၅၃)တပ်ဘက်မှ ဝင်နိုင်သည့်နေရာများဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ယမန်နေ့ (ဧပြီ ၂ ရက်) ည ၉ နာရီခွဲခန့်ကလည်း လမ်းဆုံကျသည့် နောင်ပိုအောင်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တပ်ကူအမြန်ရောက်လာ၍ ဆုတ်ခွာခဲ့ကြောင်း HPDF အဖွဲ့က ပြောသည်။

“နောင်ပိုအောင်ရဲကင်းကို ဝင်စီးတယ်။ အဆောက်အဦး အပျက်အစီးဆိုရင် သူတို့ရဲ့ဘန်ကာတွေ ရဲစခန်းဆိုလည်း တော်တော်လေးတော့ ကျိုးကြေသွားတယ်။ သေဆုံးတော့ အတိအကျမသိရသေးဘူး။ နှစ်ဦးသုံးဦးလောက် အသေအပျောက်ရှိတယ်လို့ကြားတယ်။ ဘန်ကာပေါ်မှာက ညဆို ကင်းစောင့်ကြတာမနည်းဘူး။ ဘန်ကာက ကျိုးကြေသွားတာဆိုတော့ အထိအခိုက်ရှိတယ်။ တိုက်ပွဲကြာချိန်က ၁၅ မိနစ်လောက်ပဲ။ နောင်ပိုအောင်ထဲကပဲ စစ်ကူကမြန်မြန်ရောက်လာတော့ ဆုတ်လိုက်ရတယ်။အနီးကပ် Battle ဆိုင်ရတာပါ။”ဟု HPDF ပြန်ကြားရေးတာဝန်ခံ ကိုချာလီက ရှင်းပြသည်။

ယမန်နေ့ညက နောင်ပိုအောင်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များက မြို့တွင်းလမ်းပိုင်းများတွင် စစ်ဆေးမှုများတင်းကြပ်နေကြောင်း​ ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်နေသောကြောင့် ပြည်သူများအနေဖြင့် သွားရေးလာရေးမှအစ ခက်ခဲသွား၍ စိတ်မကောင်းဖြစ်ရပြီး တောင်းပန်လိုကြောင်း၊ စစ်အုပ်စုကို လက်နက်ကိုင်တိုက်မှရမည်ဖြစ်၍ တိုက်ခိုက်နေရခြင်းဖြစ်ပြီး ပြည်သူများဒုက္ခရောက်စေလိုသောစိတ် လုံးဝမရှိကြောင်း HPDFက ရှင်းလင်းသည်။

ထို့ကြောင့် ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်၊ SNA တပ်များနှင့် PDF ပူးပေါင်းမဟာမိတ်တပ်များ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေ၍ ပြည်သူများစစ်ရေးသတိရှိကြရန် ဟုမ္မလင်းHPDF သတိပေးထားသည်။

ထိူ့အပြင် နောင်ပိုအောင် -ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းတစ်လျှောက်တွင်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ ပြည်သူများအနေဖြင့် ထိုလမ်းပိုင်းများအား ယာယီ ဖြတ်သန်းသွားလာခြင်းမပြုကြရန်နှင့် သတိပေးချက်အား မလိုက်နာ၍ တစုံတရာဖြစ်ပွားခဲ့ပါက တာဝန်မယူကြောင်း နယ်မြေဒေသခံရဲဘော်များကိုယ်စား ဟုမ္မလင်းHPDF ထပ်မံ သတိပေးထားသည်။