Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်း(၂)နှစ်အတွင်း စစ်ကောင်စီကျူးလွန်သည့် ဆိုးရွားသည့်လူ့အခွင့် အရေးချိုးဖောက်မှု အစီရင်ခံစာ KNUထုတ်ပြန်

ပြည်သူလူထုများကို ပစ်မှတ်ထားတိုက်ခိုက်သည့် တိုက်ခိုက်မှုများသည် လူသားထုအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှု ဖြစ်သည့်အတွက် ပြည်သူများအတွက် တရားမျှတမှု ရရှိစေကာ မြန်မာစစ်တပ်ကို ၎င်းတို့၏ ကျူးလွန်မှုအတွက် တာဝန်ခံစေရမည်ဖြစ်ကြောင်း ပဒိုစောလှထွန်းက ပြောကြားခဲ့သည်။

(မတ်လ ၂၉ရက်က ဒူးသထူခရိုင် တပ်မဟာ (၁)၊ သထုံမြို့နယ်၊ ဒေါက်ရပ်ကျေးနယ်တွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ တောင်ကလေးကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး လူခြောက်ဦးသေဆုံးခဲ့ရသည်။ ဓာတ်ပုံ - KNU)
(မတ်လ ၂၉ရက်က ဒူးသထူခရိုင် တပ်မဟာ (၁)၊ သထုံမြို့နယ်၊ ဒေါက်ရပ်ကျေးနယ်တွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ တောင်ကလေးကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး လူခြောက်ဦးသေဆုံးခဲ့ရသည်။ ဓာတ်ပုံ - KNU)

▪︎မြန်မာပြည်သူများ နေ့စဉ်သတ်ဖြတ်ခံရခြင်းအပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးလိုအပ်နေကြောင်း မီးမောင်းထိုးပြ

မြန်မာစစ်တပ်က အာဏာသိမ်းယူလိုက်သည့်အချိန်မှစပြီး ကော်သူးလေ အုပ်ချုပ်နယ်မြေများ၌ (၂)နှစ်တာအတွင်း ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများနှင့်ပတ်သက်သည့် အစီရင်စာကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်လိုက်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဒီဇင်ဘာလကုန်အထိ စစ်ကောင်စီ တပ်များ ကျူးလွန်ခဲ့သည့် အစီရင်ခံစာပါ အဓိကတွေ့ရှိချက်များကို KNUက ယနေ့ (ဧပြီ ၅ရက်) ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ မြေပြင်ကနေ တိုက်ရိုက်ကောက်ယူစုဆောင်းရရှိတဲ့ သတင်းအချက်အလက်တွေ သက်သေ အထောက်အထားတွေအရ ကော်သူးလေ ကေအဲန်ယူ အုပ်ချုပ်နယ်မြေမှာ နေထိုင်တဲ့ ပြည်သူတွေ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေ နေ့စဉ်နဲ့ အမျှ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေဟာ အရေးပေါ် အခြေအနေကို ရောက်ရှိနေတယ်ဆိုတာရယ် ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံးလိုအပ်နေတယ်ဆိုတာကို အဓိက မီးမောင်းထိုးပြောလိုတာဖြစ်ပါတယ်” ဟု KNU အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက ပြောကြားခဲ့ကြောင်း ဖော်ပြသည်။

အစီရင်ခံစာပါ အဓိကတွေ့ရှိချက်များကိုဖော်ပြခဲ့ရာ (၂)နှစ်တာအတွင်း KNU အုပ်ချုပ်နယ်မြေများ အတွင်း တိုက်ပွဲပေါင်း ၇,၅၀၀ကျော်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ သုံးသိန်းခြောက်သောင်းထက်မနည်း အိုးအိမ်များစွန့်ခွာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ အာဏာသိမ်းစစ်ကောင်စီသည် ဖြတ်လေးဖြတ် နည်းဗျူဟာကိုသုံးပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူများသာမက ပြည်သူလူထုပါမကျန် တိုက်ခိုက်ဖြိုခွင်းခဲ့ကြောင်း ဖော်ပြသည်။

အတင်းအဓမ္မ ခိုင်းစေခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေတောင်းခံခြင်း၊ အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ ပြည်သူလူထုများ၏ နေအိမ်များအား ဖျက်ဆီးခြင်း၊ နေအိမ်များအား မီးရှို့ခြင်း၊ ပြည်သူပိုင် ပစ္စည်းဥစ္စာများအား ခိုးယူခြင်း များအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးအစား ၁၉ မျိုးကို ကျူးလွန်ခဲ့သည်ဟုဆိုသည်။

ပြည်သူများအား ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်မှု ၂၃၀ ကြိမ်ပြုလုပ်ခဲ့ရာ လူနေအိမ် ၁၈၃လုံး ပျက်စီးပြီး လူထု ၂၂ဦး အသက်သေဆုံးခဲ့ကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ၇၅၀ကျော်ပြုလုပ်ခဲ့ရာ လူနေအိမ် ၂၂၇ လုံးပျက်စီးခဲ့ပြီး ပြည်သူ ၁၂၀ ခန့် အသက်သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

ပြည်သူလူထုများကို ပစ်မှတ်ထားတိုက်ခိုက်သည့် တိုက်ခိုက်မှုများသည် လူသားထုအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှု ဖြစ်သည့်အတွက် ပြည်သူများအတွက် တရားမျှတမှု ရရှိစေကာ မြန်မာစစ်တပ်ကို ၎င်းတို့၏ ကျူးလွန်မှုအတွက် တာဝန်ခံစေရမည်ဖြစ်ကြောင်း ပဒိုစောလှထွန်းက ပြောကြားခဲ့သည်။

ယခု အစီရင်ခံစာတွင် ကုလသမဂ္ဂအဖွဲ့အစည်း၊ ထိုင်းနိုင်ငံ၊ အရှေ့တောင်အာရှအဖွဲ့ဝင် နိုင်ငံများ အပါအဝင် နိုင်ငံတကာ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများအား မြန်မာပြည်သူလူထုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို အထိရောက်ဆုံးနည်းလမ်းများဖြင့် အမြန်ဆုံး တားဆီးကာကွယ်ပေးရန် ၊ တရားမျှတမှုကို ဆောင်ကျဉ်းပေးရန် နှင့် ညှိနှိုင်းထားသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာစင်္ကြန်များကို ထားရှိနိုင်ရေး၊ ထိုနေရာများတွင် ပိတ်ပင်တားဆီးခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော်ကာ သို့မဟုတ် နိုင်ငံတွင်း အဓိက ကျသော နေရာများမှ တဆင့် အကူအညီပေးရေး အဖွဲ့အစည်းများ အနေဖြင့် အလိုအပ်ဆုံး ဖြစ်သောနေရာများကို သွားရောက်ပံ့ပိုးခွင့်ရရေး အတွက် တိုက်တွန်းထားသည်ဟု ဆိုသည်။