Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နယ်တိုက်ပွဲတွင် ပိတ်မိပြီးပြည်သူ့ရဲဘော်ခြောက်ဦးကျဆုံး

ကျေးသီးကုန်းကျေးရွာ အဝင်တွင် အသင့်ထောင်ထားသော ပဒေသာမိုင်းများ တိုက်မိပြီး ထိခိုက်မှုများရှိခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ရဲဘော်များက ပြောသည်။

(ရွှေဘိုခရိုင်တပ်ရင်း (၂၃)မှ ရဲဘော်တစ်ဦးအား စစ်ဆင်ရေးတစ်ခု၌ တွေ့ရစဥ်)
(ရွှေဘိုခရိုင်တပ်ရင်း (၂၃)မှ ရဲဘော်တစ်ဦးအား စစ်ဆင်ရေးတစ်ခု၌ တွေ့ရစဥ်)

▪︎စစ်တပ်ကိုလည်းပဒသာမိုင်းသုံးကြိမ်ဆွဲတိုက်ခိုက်ရာထိခိုက်သေဆုံးမှုများဟုတော်လှန်ရေးအင်အားစုများပြော

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ကျေးရွာများမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းအားသုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားရာ လက်နက်ကြီးတပ်ရဲဘော်အချို့ပိတ်မိပြီး ရဲဘော် ခြောက်ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (ဧပြီ ၄ရက်) နံနက် ၆ နာရီခန့်က လှတော၌ တပ်စွဲထားသော ခမရ(၃၆၄)တပ်မှ ခန့်မှန်းအင်အား၈၀ကျော်သည် စိုင်နိုင်ကွေ့ရှိ စစ်ကောင်စီအုပ်စုနှင့်ပူးပေါင်းကာ ရွှေဘိုမြို့နယ်ဘက်သို့ ထွက်ခွာလာခဲ့သည်။

စစ်ကောင်စီတပ်သည် ရင်းတောကျေးရွာမှ ဒေသခံပြည်သူ ခြောက်ဦးအား ဓားစာခံအဖြစ် ဖမ်း​ဆီးခေါ်ဆောင်ပြီး ကျေးသီးကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။

ကျေးသီးကုန်းကျေးရွာ အဝင်တွင် အသင့်ထောင်ထားသော ပဒေသာမိုင်းများ တိုက်မိပြီး ထိခိုက်မှုများရှိခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ရဲဘော်များက ပြောသည်။

နံနက် ၇နာရီခွဲခန့်တွင် ကျေးသီးကုန်းကျေးရွာဘက်မှ စိုင်နိုင်ကွေ့ရှိ စစ်ကောင်စီအထိုင်စခန်းရှိရာသို့ စစ်ကြောင်းထိုးချီတက်လာခဲ့သည်။

နံနက် ၈ နာရီကျော်တွင် စိုင်နိုင်ကွေ့ဘက်မှ စိုင်နိုင်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာ နံနက် ၉ နာရီကျော်တွင်စိုင်နိုင်ကြီးကျေးရွာနှင့် စိုင်နိုင်လေးကျေးရွာကြား လယ်တော၌ ပဒေသာမိုင်း (၁၃)လုံး သုံးပွိုင့်ဖြင့် ဒုတိယအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိပြီး ၎င်းတို့အား ပုဆိုးများဖြင့် ကျောပိုးသယ်ဆောင်ပြီး ဘုန်းဘွဲ့ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိနိုင်ကြောင်းတပ်ရင်း(၂၃)တပ်ရင်းမှူး ဗိုလ်ရန်ကြီးက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သည် လယ်ကြားအတိုင်း ဘုန်းဘွဲ့ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာရာ နံနက် ၉နာရီခွဲခန့်တွင် ဘုန်းဘွဲ့ကျေးရွာ မူးခွလမ်းစုံ၌ ပဒေသာမိုင်း သုံးလုံး (၁)ပွိုင့်ဖြင့်တတိယအကြိမ် ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ပြန်သည်။ထိုမိုင်းဆွဲတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သားများ ဘုန်းဘွဲ့ကျေးရွာ ဘုန်းကြီးကျောင်းထဲ ဝင်‌ရောက်နေစဉ် မဟာမိတ်ပြည်သူ့ကာကွယ်ရေးရဲဘော်များပိတ်မိနေပြီး မထင်မှတ်ဘဲ ရင်ဆိုင်တိုက်ပွဲ(၁၀)မိနစ်ခန့် ဖန်တီးလိုက်ရသည်ဟု သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ ရင်ဆိုင်တိုက်ပွဲ ဖန်တီးပေးခဲ့သော်လည်း ပိတ်မိနေသော မဟာမိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များထဲမှ ရဲဘော် ခြောက် ဦး(အဖွဲ့မည်စုံစမ်းဆဲ)အား မကယ်တင်လိုက်နိုင်ဘဲ ကျဆုံးသွားကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“လက်နက်ကြီးပစ်တဲ့အဖွဲ့ Counter ကျပြီး(စစ်တပ်ဘက်ပြန်ပစ်​သောလက်နက်ကြီးထိ့၍) ကျတာ။ Counter ကျပြီး ပိတ်မိသွားတယ်။ လွတ်လာတဲ့သူတွေ ပြောစကားအရတော့ Counter ကျပြီး မပြေးနိုင်တဲ့သူတွေ ကျန်ရစ်တာ။ စိုင်နိုင်​လေးရွာရဲ့အရှေ့ဘက် လယ်ကွင်းပြင်မူးဘောင်မှာ။ မနေ့ကသူတို့ခွာသွားတာနဲ့ တပြိုင်နက်တည်း သွားကောက်ပြီး သင်္ဂြိုလ်ပေးခဲ့တယ်။”ဟု တပ်ရင်း(၂၃)တပ်ရင်းမှူး ဗိုလ်ရန်ကြီးက ပြောသည်။

“ရွာတွေပတ်မွှေပြီး ရင်းတောမှာတစ်ရက်အိပ်ပြီး အခင်းဖြစ်ပွားတဲ့နေရာတွေထိ ပြန်ဆုတ်လာတဲ့အချိန် နှစ်ဖက်ထိတွေ့မှုတွေဖြစ်တာ။ သူတို့ဘက်လည်း အကျအဆုံးတော့များတယ်။ မိုင်းပွိုင့်တွေ တော်တော်များများဆွဲကြတယ်။ ကျေးသီကုန်းမှာကတည်းက မိုင်းမိလာတယ်။အဖွဲ့ပေါင်းစုံဆွဲလိုက်တဲ့ဟာဆိုရင် သူတို့ဒဏ်ရာရကော သေတာတော့ တော်တော်များလောက်တယ်။”ဟု ဗိုလ်ရန်ကြီးက ရှင်းပြသည်။

အဆိုပါ စစ်ဆင်ရေးများကို သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Super Light တပ်ခွဲ၊ဇာမဏီသွေးပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ ဒေါင်းတမာန်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အောင်ဘော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းလေး (local PDF)၊ Buffalo soldier (Local PDF)၊ အောင်မြေပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပန်းပျိုးလက်ပြည်သူ့ကာကွယ်ရေးဖွဲ့၊ ပျံလွှားတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း(၁)၊(၂)၊ (၂၃)၊ ရွှေဘိုခရိုင်အမှတ်၂၃တပ်ရင်း တပ်ခွဲ၁ Naungyoe Army၊ နဂါးမင်းပျောက်ကြားတပ်ဖွဲ့နှင့် ဒေသခံ ပကဖများပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။