Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့တွင် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးသေဟု ပကဖ ပြော

စစ်ကောင်စီတပ်သည် နံနက် ၁၀နာရီခန့်တွင် ဝါးရင်းချိုင်ရွာ ၊ ဆေးပင်ကြီးရွာ၊ ကျွဲတွင်းရွာ ကြားကို တောနင်းခဲ့ပြီး နံနက် ၁၁ နာရီခန့်တွင်ဝက်ပုတ်ရွာပျူစခန်းကို ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောသည်။

(ရေစကြို(ပကဖ)အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြို - ပကဖ)
(ရေစကြို(ပကဖ)အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြို - ပကဖ)

▪️မြိုင်တွင်လည်း စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦး‌သေဟု ပကဖ ပြော

မကွေးတိုင်း၊ ရေစကြိုမြို့ရှိ တပ်အတွင်းမှထွက်လာသော စစ်ကောင်စီတပ်သားအား သင်္ချိုင်းနေရာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးသေဆုံးကြောင်း ရေစကြို(ပကဖ)အဖွဲ့က ပြောသည်။

ယနေ့ (ဧပြီလ ၅ ရက်) နံနက် ၇ နာရီခွဲခန့်က ရေစကြိုမြို့ရှိ တပ်အတွင်းမှထွက်လာသော စစ်ကောင်စီတပ်သား ၃၀ခန့်အနက် မြို့အဝင် သင်္ချိုင်းအနီးအရောက်တွင် မိုင်းပွိုင့်ပေါ်ရောက်ရှိနေသော စစ်ကောင်စီတပ်သား ငါးဦးအား မိုင်း ခြောက်လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ငါးဦးစလုံး သေဆုံးပြီး အလောင်းလာကောက်ယူခြင်းမရှိသေးကြောင်း စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် ရဲဘော်အချို့က ပြောသည်။

“သူတို့က မြို့ပေါ်သွားတာကို ပေလမ်းကမသွားဘဲ လမ်းရဲ့အောက်ခြမ်းကနေ သွားတယ်။ ရေစကြိုသင်္ချိုင်းမြောက်ဘက်နားမှာ ကျွန်တော်တို့ဆင်ထားတဲ့ပွိုင့်တွေရှိတယ်။ ဒီကောင်တွေထဲက ငါးကောင်လောက် ပွိုင့်ပေါ်ရောက်တဲ့အချိန် မိုင်းဆွဲခဲ့တာ။ ငါးယောက်လောက်ပြုတ်တယ်။ သေနတ်တွေကော လူတွေကော လွင့်စင်ထွက်သွားတယ်။ နောက်ထပ်တစ်ယောက်ကတော့ ဒူးဆစ်ကနေ ပြုတ်ထွက်သွားတယ်လို့သိရတယ်။”ဟု ရေစကြို(ပကဖ) အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်အုပ်စုက ပြန်လည်ပစ်ခတ်၍ ရဲဘော်များပြန်ဆုတ်ခွာခဲ့ရပြီး လုံခြုံရေးအရ လက်နက်ကောက်န်ိုင်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

ထိုသို့ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် စစ်အုပ်စုက အင်အားအများအပြားဖြင့် အလောင်းသယ်ရန်ပြင်ဆင်နေသည်ဟု ယူဆရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဧပြီ ၃ ရက် နံနက်ပိုင်းကလည်း ရေစကြိုမြို့နယ်ရှိ မအူရဲစခန်းကို ရေစကြို(ပကဖ)နှင့် ဒေသတွင်း PDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ခုနစ်ဦးခန့်သေဆုံးပြီး စစ်ကူလာစစ်ကောင်စီတပ်ကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများပြားခဲ့သည်။

အခြားသတင်းတစ်ရပ်အဖြစ် မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် တပ်မ(၁၀၁)မှ Well 2 ရေနံမြေစခန်းသို့ တပ်သားချင်းလဲပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားတစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ဗိုလ်လ​က်ယျာက ပြောကြားသည်။

ယနေ့ (ဧပြီ ၅ ရက်) နံနက် ၆နာရီခန့်​က မြိုင်မြို့နယ်၊ Well-2 ရေနံမြေစခန်းမှ စစ်ကောင်စီတပ်၊ ရဲနှင့် ပျူများသည် အင်အား ၇၀ ခန့်ဖြင့် ပြန်ထွက်လာစဥ် ကျွဲတွင်းရွာနှင့် ဝါးရင်းချိုင်ကျေးရွာကြားတွင် မိုင်းဆွဲခိုက်ခဲ့ခြင်း ဖြစ်ပြီးမိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

ထိုသို့တိုက်ခိုက်ရာတွင် နှစ်ဦးသေဆုံးပြီး ရဲ နှစ်ဦးနှင့် ပျူ နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဗိုလ်လ​က်ယျာက ပြောသည်။

“Well 2ကို ပခုက္ကူ တပ်မ(၁၀၁)ကနေ လာချိန်းတာ။ လာတာသုံးရက်ရှိပြီ။ ခုမနက် သုံးနာရီခွဲထွက် ခြောက်နာရီမှာ မိုင်းဆွဲတာပါ။ ပျူတွေကတော့ မြိုင်နယ်က သရက်ကန်၊ ဝက်ပုတ်နဲ့ တွင်းမက ပျူတွေပါ။”ဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို MUGDF၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့နှင့် မြိုင်(ပကဖ)ရင်း (၁)ခွဲ (၁)စိတ် (၄)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် နံနက် ၁၀နာရီခန့်တွင် ဝါးရင်းချိုင်ရွာ ၊ ဆေးပင်ကြီးရွာ၊ ကျွဲတွင်းရွာ ကြားကို တောနင်းခဲ့ပြီး နံနက် ၁၁ နာရီခန့်တွင်ဝက်ပုတ်ရွာပျူစခန်းကို ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောသည်။