Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၂၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️KNU နယ်မြေမှာ စစ်ကောင်စီတပ်စခန်း လေးခုကို တစ်ပြိုင်တည်း တိုက်ခိုက်၊ စခန်းနှစ်ခု ချေမှုန်းနိုင်ခဲ့

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) တပ်ပေါင်းစုက အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်စခန်းလေးခုကိုတစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပြီး စခန်း နှစ်လုံးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ မနက်အစောပိုင်းက KNU မူး(မုန်း)မြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်း၊ လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်း၊ ကျွန်းကုန်းစခန်း စတဲ့ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ တစ်နာရီအတွင်း စခန်းနှစ်ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ရန်သူ့စခန်းများကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးရာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ(၁၆)ဦး သေဆုံးပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ ဒုတပ်ရင်းမှူးတစ်ဦးပါဝင်တယ်လို့ အသိပေးပါတယ်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

▪️ဖားကန့်ရှိ KTV မှာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ ဦးကို မြို့ပြ​ပြောက်ကျားအဖွဲ့ ပစ်ခတ်ရှင်းလင်း

ကချင်ပြည်နယ်၊ ဖားကန်မြို့ Happy KTV မှာ ဒီနေ့မနက်အစောပိုင်းက အရပ်ဝတ်နဲ့ သီချင်းဆိုနေတဲ့ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးအပါအဝင် ငါးဦးကို မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။ ​သေဆုံးသူများမှာ တပ်မ ၃၃ လက်အောက်ခံ ခလရ ၁၃ စစ်ကြောင်းမှူး ဗိုလ်မှူးဇော်မောင် ၊ ၎င်းရဲ့ သူငယ်ချင်း မမီးမီး ၊ လုံးခင်းမှ လုပ်ငန်းရှင် ဦးဘတုတ် ၊ ဖားကန့်မှလုပ်ငန်းရှင် ဦး​ကျော်စိုး ၊ ဦးကိုလတ်ရဲ့ဇနီး(အမည်မသိရ​သေး)တို့ဖြစ်​တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုဝင်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဖားကန့်နေရာအချို့ကို လက်နက်ကြီးများနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ဖားကန့် Happy KTV ကို​တွေ့ရစဥ်။ ဓါတ်ပုံ-ဖားကန့်KTV ​ဖေစ်ဘွခ်)
(ဖားကန့် Happy KTV ကို​တွေ့ရစဥ်။ ဓါတ်ပုံ-ဖားကန့်KTV ​ဖေစ်ဘွခ်)

▪️တန့်ဆည်နယ် ဗုံးသီးပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ခရမ်းခြံကျေးရွာမှာ စစ်ကောင်စီတပ်ပစ်ခတ်ခဲ့တဲ့၊ မပေါက်ကွဲသေးတဲ့ ဗုံးသီးတစ်လုံးကို ထုကြည့်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက (၄၀)မမ ဗုံးသီးတစ်လုံးကို ဒေသခံပြည်သူများက တွေ့ရှိခဲ့ရာ ဗုံးသီးကို အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဓားနဲ့ထုကြည့်ခဲ့တာလို့ ဆိိုပါတယ်။ ပေါက်ကွဲမှုကြောင့် အဲဒီ အမျိုးသမီး သေဆုံးကာ အသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

▪️ဧပြီအတွင်း ဆေးရုံသုံးခုအပါအဝင် ကျန်းမာရေးဆိုင်ရာနေရာ လေးခု စစ်ကောင်စီတပ် တိုက်ခိုက်ဖျက်ဆီး

အကြမ်းဖက်စစ်ကောင်စီက ဧပြီအတွင်း ပြည်သူလူထုကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို ကျန်းမာရေးဆိုင်ရာ ဆေးရုံများပါ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ဒီနှစ်ဆန်းမှ စတင်ကာ ဆေးရုံ၊ဆေးခန်းများအပေါ် တိုက်ခိုက်မှုများ အထူးသဖြင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများကို ပိုမိုကျူးလွန်လာတယ်လိို့ ဖော်ပြပါတယ်။ ဧပြီ ၁ မှ ၁၈ ရက်အတွင်း စစ်ကောင်စီက ကသာခရိုင် ထီးချိုင့်မြို့နယ် ညောင်ပင်သာ တိုက်နယ်ဆေးရုံကို မီးရှို့ဖျက်ဆီးမှု၊ ရွှေကူမြို့နယ် စီသာရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စီသာတိုက်နယ်ဆေးရုံ ပျက်စီးခဲ့မှု၊ ရှမ်း-ကရင်နီနယ်စပ်ရှိရှေ့တန်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ နေရာကို လေကြောင်းတိုက်ခိုက်မှု၊ မကွေးတိုင်း မြိုင်မြို့နယ် မန်ကျည်းကန်ကျေးရွာရှိ ပြည်သူ့ဆေးရုံကို လေကြောင်း တိုက်ခိုက်မှု စတဲ့ဖြစ်စဉ်များ ရှိခဲ့တာပါ။

(အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသော ရွှေကူမြို့နယ် စီသာတိုက်နယ်ဆေးရုံအား ဧပြီ ၅ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ KPDF)
(အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသော ရွှေကူမြို့နယ် စီသာတိုက်နယ်ဆေးရုံအား ဧပြီ ၅ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – ရွှေကူ KPDF)

▪️နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်နေရ

စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တပ်ဖွဲ့ တို့ကြား မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် နောင်ချိုမြို့နယ်ထဲမှာ နှစ်ပတ်ကျော်ကြာဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း ဒေသခံ ၅,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု ဒိုးပင်၊ နမ့်မွန်၊ သဖန်းကိုင်း၊ လုံးခံ၊ ကြံခင်း၊ နားခါး၊ ကျောက်တန်းစတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ မန္တလေး PDFဟာ ဧပြီ ၅ ရက်ကစတင်ပြီး နောင်ချိုမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

နောင်ချိုမြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် ဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်နေရ
နောင်ချိုမြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် ဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်နေရ

▪️ခင်ဦးနယ်မှာ အပူဒဏ်ကြောင့် စစ်ရှောင်အဘွားအိုတစ်ဦး ထပ်မံသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အပူဒဏ်ပြင်း၍ စစ်ရှောင်အဘွားအိုတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူများမှာ ရေအခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့က ခင်ဦးမြို့နယ်၊ ကျေးရွာတစ်ရွာသို့ ရောက်ရှိနေတဲ့ အသက်(၈၀) ကျော်အရွယ် အဘွားအိုတစ်ဦး အပူဒဏ်ကြောင့် အမောဖောက်ကာ သေဆုံးခဲ့တယ်လို့ သိိရပါတယ်။ ဧပြီ ၁၉ ရက်ကလည်း အဘွားအိုတစ်ဦး သေဆုံးခဲ့ပြီး ငါးရက်အတွင်း အပူဒဏ်ကြောင့် သက်ကြီးရွယ်အို နှစ်ဦးမြောက် သေဆုံးခဲ့တာပါ။

▪️ကယန်းလက်ဝှေ့မယ်ဘရော်နီကာ အီတလီလက်ဝှေ့မယ်ကို အနိုင်ရ

ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ပြိုင်ဘက် အီတလီလက်ဝှေ့မယ် ဗွိုင်အိုလာကို မနေ့ညပိုင်းက ရောမမှာကျင်းပတဲ့ ထိုင်းရိုးရာလက်ဝှေ့(မွေထိုင်း)ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ ဘရောနီကာနဲ့ဗွိုင်အိုလာတို့ဟာ မွေထိုင်း ထိုးသတ်ပွဲသုံးချီ အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ပြီး ဘရော်နီကာက ပွဲချိန်အတွင်း အသာစီးထိုးသတ်နိုင်ခဲ့တာကြောင့် ဒိုင်လူကြီးများရဲ့ အမှတ်ပေးဆုံးဖြတ်ချက်နဲ့ အနိုင်ရရှိခဲ့တာပါ။ ဘရော်နီကာဟာ အီတလီလက်ဝှေ့မယ် ဗွိုင်အိုလာကို အနိုင်ယူပြီးနောက် မွေထိုင်း ၁၁ ပွဲ ဆက်တိုက် အနိုင်ထိုးသတ်နိုင်တဲ့ မှတ်တမ်းကောင်းလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။