Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၂၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မိုးဗြဲတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် ၁၅ဦးသေ

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်အစပ်ရှိ မိုးဗြဲမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး နှစ်ဦးအရှင်ဖမ်းမိကာ လက်နက်၊ခဲယမ်းများ သိမ်းဆည်းရရှိတယ်လိို့ မိုးဗြဲ PDFတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ညောင်ဝိုင်းရပ်ကွက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အထိနာတဲဲ့ စစ်ကောင်စီတပ်က တိုက်လေယာဥ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

KNDF တက်ဖွဲ့ဝင်တစ်ဦး ။ ဓါတ်ပုံ-KNDF
KNDF တက်ဖွဲ့ဝင်တစ်ဦး ။ ဓါတ်ပုံ-KNDF

လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။ လက်ရှိ တိုက်ပွဲအခြေအနေကြောင့် မိုးဗြဲ-ဖယ်ခုံလမ်းမတစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖိို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သတိပေးထားပါတယ်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဥ်။ ဓာတ်ပုံ - မိုးဗြဲ PDF)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဥ်။ ဓာတ်ပုံ – မိုးဗြဲ PDF)

▪️KNU ညီလာခံ စတင်ကျင်းပ၊ တစ်ပတ်အတွင်း ခေါင်းဆောင်အပြောင်းအလဲဖြစ်နိုင်

ကရင်အမျိုးသားအစည်းအရုံး(KNU)ညီလာခံကို ဧပြီ ၂၄ ရက်က စတင်ကျင်းပနေရှိပြီး ခေါင်းဆောင်အပြောင်းအလဲ ရွေးကောက်တင်မြှောက်တဲ့အဆင့်မှာ လာမယ့်တစ်ပတ်အတွင်း အဖြေပေါ်လာနိုင်တယ်လို့ KNUဗဟို သတင်းရင်းမြစ်က ခန့်မှန်းပါတယ်။ (၁၆)ကြိမ်မြောက် KNU ညီလာခံကို ၂၀၁၇ က ကျင်းပခဲ့ပြီး လေးနှစ်တစ်ကြိမ် ကျင်းပဖို့ သတ်မှတ်ထားပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုများကြောင့် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပါတယ်။ အခုကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် ညီလာခံသို့ ခရိုင်တပ်မဟာ ခုနစ်ခုလုံးမှ ခေါင်းဆောင်ကိုယ်စားလှယ်များအားလုံးတက်ရောက်တယ်လို့ သိရပါတယ်။

(KNU/KNLA တပ်ဖွဲ့ဝင်များစစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(KNU/KNLA တပ်ဖွဲ့ဝင်များစစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

▪️လေယာဥ်နဲ့ဗုံးကြဲခံရတဲ့ဆေးရုံမှာ ကျန်ရစ်ခဲ့တဲ့ သုံးရက်သားကလေးငယ်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်

စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဆောင်းဖွေးကျေးရွာဆေးရုံမှာ ကျန်ရစ်ခဲ့တဲဲ့ သုံးရက်သား ကလေးငယ်တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကရင်နီလူမှုကူညီရေးအဖွဲ့ဝင်များက ပြောပါတယ်။ မနေ့ နေ့ခင်းက ဖယ်ခုံမြို့နယ်၊ ဆောင်းဖွေးကျေးရွာနဲ့ လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းကို စစ်ကောင်စီက တိုက်လေယာဥ်များနဲ့ လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦးထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးမှာအသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိခဲ့ပါတယ်။ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တဲ့ ကလေးငယ်ကို Kayan Rescue Committee-KRCက စောင့်ရှောက်ထားကာ မိသားစုဝင်များကို လိုက်လံစုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

(ကယ်ဆယ်နိုင်ခဲ့သည့် ကလေးငယ်အား တွေ့ရစဥ် ။ဓာတ်ပုံ - Khon Yar Zar Maung)
(ကယ်ဆယ်နိုင်ခဲ့သည့် ကလေးငယ်အား တွေ့ရစဥ် ။ဓာတ်ပုံ – Khon Yar Zar Maung)

▪️မင်းတပ်မြို့ပေါ် ဒီနေ့ တိုက်ပွဲဖြစ်၊ စစ်ဆေးမှုတင်းကြပ်နိုင်

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်မှာ ဒီနေ့မနက်ပိုင်းက ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လိို့ မင်းတပ်ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ မင်းတပ်မြို့ပေါ် တစ်နေရာမှာ ထိတွေ့မှုဖြစ်ခဲ့လို့ ဂိတ်များ၊ မြို့အတွင်းနဲ့ မြို့ပတ်ဝန်းကျင်တို့မှာ စစ်ဆေးမှုတင်းကြပ်နိုင်လို့ ဂရုစိုက်သွားလာကြဖို့ ဒေသခံက လူမှုကွန်ရက်မှာ အသိပေးရေးသားပါတယ်။ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)တာဝန်ရှိသူတစ်ဦးက မင်းတပ်မြို့ပေါ်တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုပြီး အသေးစိတ် သတင်းအချက်အလက်များမရသေးဘူးလို့ ပြောပါတယ်။

(မင်းတပ် CDFမှ ရဲဘော်များ ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CDF-Mindat)
(မင်းတပ် CDFမှ ရဲဘော်များ ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ – CDF-Mindat)

▪️ပေါက်နယ်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ပေါက်မြို့နယ် အိုင်းမကျေးရွာအနီးမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ဒရုန်းများနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောပါတယ်။ မနေ့ ညနေပိုင်းက ပေါက်မြို့နယ် အိုင်းမကျေးရွာအနီးသို့ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုများနိုင်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကို ပေါက် ကျေးရွာကာကွယ်ရေးအဖွဲ့များနဲ့ မြိုင်(ပကဖ)ရင်း – ၁ ခွဲ ၅ စိတ် – ၂ တို့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ အသိပေးပါတယ်။

▪️စစ်တပ်က ပဇီကြီးအပါအဝင် ရွာသုံးရွာမှ​နေအိမ် ၅၀၀ ခန့်ကိုမီးရှို့

စစ်​ကောင်စီတပ်က ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာအပါအဝင် ရွာသုံးရွာမှ နေအိမ် ၅၀၀ ခန့်ကို မီးရှို့ဖျက်ဆီးသွား​တယ်လို့ ဒေသခံများကပြောပါတယ်။ စစ်​ကောင်စီတပ်ဟာ ပဇီကြီးရွာကို ဗုံးကြဲပြီး ၉ ရက်အကြာ ဧပြီ ၂၀ ရက်ကစလို့ ပဇီကြီးရွာနဲ့ ပတ်၀န်းကျင်သို့ စစ်ကြောင်းထိုးလာခဲ့ပါတယ်။ စစ်​ကြောင်းထိုးလာပြီး ဧပြီ ၂၀ မှ ၂၅ ရက်အတွင်း ပဇီကြီးရွာ၊ လေးတွင်းစင်ရွာနဲ့ ချောင်းသာရွာများကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်စစ်​ကြောင်းနဲ့ ​တိုးကာ အဖမ်းခံလိုက်ရ​တဲ့ ​ဒေသခံပြည်သူအချို့လည်း ရှိနေပါတယ်။

▪️နှစ်ပတ်အတွင်း မတ္တရာနယ် ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က နှစ်ပတ်အတွင်း ကျေးရွာ သုံးရွာကို မီးရှို့ဖျက်ဆီးသွားပြီး ​ဒေသခံပြည်သူ ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်များက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီ ၂၄ ရက်က မတ္တရာနယ် အရှေ့ခြမ်းရှိ ငါးလုံးပြွန်ရွာမှ နေအိမ် ၁၁ လုံး၊ ဧပြီ ၂၅ ရက်မှာ ကင်းရွာအနောက်ဘက်ရှိ အောင်ချမ်းသာရွာမှ နေအိမ် ၁၃ လုံးတို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ မတ္တရာ(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ အလားတူ မတ္တရာနယ် အရှေ့ခြမ်းရှိ ရုံးပင်နဲ့ လက်ဝဲကြီးကျေးရွာများကိုလည်း ဝင်ရောက်ဖျက်ဆီးသွားတယ်လိိို့ ဒေသခံများက ပြောပါတယ်။

ဧပြီ ၁၁ ရက်က မတ္တရာနယ် ကင်းရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ - မတ္တရာ(ပကဖ)
ဧပြီ ၁၁ ရက်က မတ္တရာနယ် ကင်းရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ – မတ္တရာ(ပကဖ)