Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်တွင် ရက်ပိုင်းအတွင်း စစ်တပ်က ပြည်သူ ရှစ်ဦးထက်မနည်းဖမ်းဆီးပြီး နှစ်ဦးကို ပစ်သတ်

မေလ ၃၀ ရက်ဝန်းကျင်ကစပြီး ယခုတစ်ပတ်အတွင်း ထားဝယ်မြို့ပေါ်မှ ပြည်သူ ရှစ်ဦးထက်မနည်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ညပိုင်း၌ ခွေးစာလိုက်ကျွေးသည့် အမျိုးသားနှစ်ဦးကိုမူ စစ်တပ်ကင်းပုန်းများက အကြောင်း မဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

(တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ မတ်လ ၉ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ မတ်လ ၉ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူရှစ်ဦးထက်မနည်း ဖမ်းဆီးပြီး ပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

မေလ ၃၀ ရက်ဝန်းကျင်ကစပြီး ယခုတစ်ပတ်အတွင်း ထားဝယ်မြို့ပေါ်မှ ပြည်သူ ရှစ်ဦးထက်မနည်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ညပိုင်း၌ ခွေးစာလိုက်ကျွေးသည့် အမျိုးသားနှစ်ဦးကိုမူ စစ်တပ်ကင်းပုန်းများက အကြောင်း မဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ထားဝယ်မြို့ပေါ်မှာ ခုတစ်ပတ်အတွင်း စစ်တပ်က ခပ်စိပ်စိပ် ဖမ်းဆီးမှုတွေ လုပ်လာနေတယ်ဗျ။ အသတ်ခံရသူက နှစ်ဦး၊ အဖမ်းခံရသူက ရှစ်ဦးရှိနေပြီ”ဟု ထားဝယ်မြို့ခံတစ်ဦးက People’s Spring သို့ ပြောသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသမီးအချို့လည်းပါ ဝင်နေပြီး ယင်းအနက် ယခင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်းလုပ်ကိုင်ခဲ့ပြီး ယခုနောက်ပိုင်း ဝန်ထမ်းအဖြစ်မှ အနားယူထားသူ မကေဇာသွယ်ဆိုသူလည်း ဖမ်းဆီးခံထားရပြီး ယနေ့(ဇွန် ၂)အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

အလားတူ မေလ ၃၀ ရက် ည ၉ နာရီခန့်က စစ်ကောင်စီတပ်ကင်းပုန်းများ၏ ပစ်ခတ်သတ်ဖြတ်ခြင်းကိုခံခဲ့ရသော အမျိုးသားနှစ်ဦးမှာ ထားဝယ်မြို့ ဇရစ်ရပ်ကွက်နေ ကိုဟိန်းဇော်အောင်နှင့် ကိုအောင်အောင်ဆိုသူ သူငယ်ချင်းနှစ်ဦးဖြစ်ပြီး ဘုမ္မော်ရပ်ကွက်အတွင်း ခွေးစာလိုက်ကျွေးနေစဥ် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်ခံရသူနှစ်ဦးသည် ညစဥ် ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်လမ်းအချို့တွင် ခွေးစာလိုက်ကျွေးနေသူများဟု ဆိုသည်။ ထို့အပြင် စစ်တပ်က ယခုရက်ပိုင်းများအတွင်း လှည့်ကင်းနှင့် လုံခြုံရေးတာဝန်များအတွက် တပ်သားသစ်များလဲလှယ်ချထားကာ လုံခြုံရေးတင်းကြပ်ထားသည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ လုံခြုံရေးများတင်းကြပ်ထားသည့်ကြားက မေလ ၃၁ ရက်ညပိုင်းတွင် လောင်းလုံး (ပကဖ)ဦးဆောင်သော တော်လှန်ရေးအင်အားစုအချို့က ထားဝယ်မြို့ရှိ တိုင်းအစိုးရဝန်ကြီးများနေထိုင်သည့် အိမ်ရာဝန်းအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

အလားတူ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များဖြင့်စုစည်းထားသော ထားဝယ်စုပေါင်းစစ်ကြောင်းမှလည်း ဧပြီ ၉ ရက်မှ မေလ ၂၂ ရက်အထိ စစ်ရေးဖော်ဆောင်မှု ၉ ကြိမ်ပြုလုပ်ထားပြီး စစ်တပ်ဘက်မှသေဆုံးသူ အနည်းဆုံး ၅ ဦးရှိကာ ၂၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။