Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်များအနီး သွားလာခြင်းမပြုရန် ကြာအင်းဆိပ်ကြီး(ပအဖ) မေတ္တာရပ်ခံ

စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားလျင် ပြည်သူများအား ယုတ်မာစွာပစ်မှတ်ထား တိုက်ခိုက်နေသည်ကိုတွေ့ကြုံနေရပြီး တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်နေသယောင်သတင်းအမှားများထုတ်လွှင့်လျက်ရှိနေသည်ဟု ဖော်ပြသည်။

(ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့သူ၊မြို့သားများနှင့် နယ်သူနယ်သားများ အနေဖြင့် စစ်ကောင်စီတပ်စခန်းအနီးများနှင့် ကင်းပုန်းဝပ်သောနေရာများ၊လှုပ်ရှားသောနေရာများ၏ အနီးပတ်ဝန်းကျင်သို့ လုံးဝသွားလာလှုပ်ရှားခြင်းများမပြုရန် အထူးသတိပေးပန်ကြားကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ယနေ့ မေတ္တာရပ်ခံချက်ထုတ်ပြန်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီများရှိသော စစ်ရေးပစ်မှတ်များအနီးပတ်ဝန်းကျင်တွင် သွားလာလှုပ်ရှားခြင်းကို အထူးသတိကြီးစွာရှောင်ရှားသွားလာကြပါရန်နှင့် ပစ်ခတ်သံများကြားလျင်လမ်းမများပေါ်တွင် သွားလာခြင်းကိုအတတ်နိုင်ဆုံးမပြုလုပ်ကြဘဲ မိမိနေအိမ် ခြံဝင်းအတွင်း၌သာ နေထိုင်ရန် အသိပေးထားသည်။

စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားလျင် ပြည်သူများအား ယုတ်မာစွာပစ်မှတ်ထား တိုက်ခိုက်နေသည်ကိုတွေ့ကြုံနေရပြီး တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်နေသယောင်သတင်းအမှားများထုတ်လွှင့်လျက်ရှိနေသည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ဇွန်လ ၂ရက်က ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရပ်သားများနေထိုင်ရာသို့လက်နက်ကြီး၊ လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့၍ ကလေးငယ်နှင့် သံဃာ တစ်ပါးအပါအဝင် အရပ်သား လေးဦးသေဆုံးကာ သုံးဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ကြာအင်းဆိပ်ကြီး တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့က လက်နက်ပစ်ခတ်မှုကိုပြည်သူလူထု မထိခိုက်စေရန် အကန့်အသတ်ဖြင့်သာ ဆောင်ရွက်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများ သုံးပြီးပြည်သူရှိရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု အဆိုပါတိုက်ပွဲတွင် ပါဝင်ခဲ့သည့် PDF အထူးစစ်ဆင်ရေးတပ်(SOF) တပ်မှူး ကိုအောင်စံရှားက ပြောသည်။

“စကစကပြန်ပြီး တုန့်ပြန်တဲ့ဟာကျတော့ တော်တော်ရက်စက်လွန်းတယ်။ ဆိုလိုချင်တာက မလိုအပ်တဲ့နေရာတွေ ဥပမာ ကျနော်တို့ရှိတဲ့နေရာကို ကျနော်တို့နဲ့ မျက်နှာချင်းဆိုင်လာပစ် လာတိုက်ပေါ့။ အပြန်အလှန် ဆိုင်ပြီး ပစ်လို့ရတယ်။ ဒါပြဿနာမရှိဘူး။ ခုနပြောသလို မဆိုင်တဲ့ ဘာသာရေးအဆောက်အဦးတွေ၊ ရပ်ကွက်တွေ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကျတော့ အရမ်းကို ဆိုးဝါးတယ်”ဟု ကိုအောင်စံရှားက ပြောသည်။