Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️လေကြောင်းရန် တန်ပြန်တိုက်ခိုက်နိုင်မယ့် ပွိုင့် (၅)လက်နက်များရရှိပြီဟု KNDF အသိပေး

စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို တန်ပြန်တိုက်ခိုက်နိုင်မယ့် ပွိုင့် (၅)လက်နက်များရရှိပြီလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗျူဟာ (၁)မှ တာဝန်ရှိသူက ပြောပါတယ်။ ပွိုင့် ၅လက်နက် နှစ်လက်ရရှိခဲ့တဲ့ KNDF ဗျူဟာ(၁)ဟာ လွိုင်ကော်၊ ဖယ်ခုံ နဲ့ ပင်လောင်းမြို့နယ်များအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေပါတယ်။ စစ်ကောင်စီတပ်ဟာ ထိခိုက်သေဆုံးမှုများပြားနေခြင်းအပါအဝင် နယ်မြေစိုးမိုးရေးအတွက် လေကြောင်း တိုက်ခိုက်မှုများကို ကရင်နီဒေသအတွင်း အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

(ရရှိလာသည့် ပွိုင့် (၅)လက်နက်ကို KNDF ရဲဘော်တစ်ဦး ယမန်နေ့က စမ်းသပ်ပစ်ခတ်နေစဥ်။ ဓာတ်ပုံ - KNDF)
(ရရှိလာသည့် ပွိုင့် (၅)လက်နက်ကို KNDF ရဲဘော်တစ်ဦး ယမန်နေ့က စမ်းသပ်ပစ်ခတ်နေစဥ်။ ဓာတ်ပုံ – KNDF)

▪️ကမ္မမြို့အနီးရှိ သာကြီးတောင်ရေနံမြေမှ အရာရှိများအပါအဝင် စစ်​ကောင်စီဝန်ထမ်း ၆ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင် ကမ္မမြို့နယ်ရှိ သာကြီးတောင်ရေနံမြေမှ ရေနံထုတ်လုပ်ရေးဌာနမှူး၊ ရဲနှစ်ဦး အပါအဝင်စစ်​ကောင်စီ ဝန်ထမ်း ၆ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဇွန်လ ၅ ရက်ညနေပိုင်းက ဖမ်းဆီးသွားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေထဲ ရေနံမြေထုတ်လုပ်ရေးမှူး ဦးအောင်မိုး၊ စီမံခန့်ခွဲရေးဌာနမှ ဦးကျော်ကျော်ငြိမ်း၊ အခြားထုတ်လုပ်ရေးဝန်ထမ်းနှစ်ဦး နဲ့ ရဲနှစ်ဦးပါဝင်တယ်လို့ သိရပါတယ်။ သာကြီးတောင်ရေနံမြေမှ ရေနံများသယ်ယူ​နေစဉ်ဖမ်းဆီးခံရတာဖြစ်ပြီး ဘယ်အဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးပါဘူး။

(သာကြီး​တောင်​ရေနံ​မြေ ဆိုင်းဘုတ်။ဓါတ်ပုံ-CJ)
(သာကြီး​တောင်​ရေနံ​မြေ ဆိုင်းဘုတ်။ဓါတ်ပုံ-CJ)

▪️ဟားခါး-ထန်တလန်ကြားတိုက်ပွဲဆက်ဖြစ်၊ ချင်းပူးပေါင်းတပ် ရဲဘော်လေးဦးကျဆုံး

ချင်းပြည်နယ်၊ ဟားခါးနဲ့ ထန်တလန်မြို့နယ်ကြားမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၅ နဲ့ ၆ ရက်တိုက်ပွဲတွေမှာ ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်လေးဦး ကျဆုံးခဲ့တယ်လို့ The Chin Journalက ဖော်ပြပါတယ်။ အဲဒီဒေသသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ မေလ ၂၉ ရက်ကစလို့ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေတာပါ။ မနေ့ကနဲ့ ဇွန် ၅ ရက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း ချင်းအမျိုးသားတပ်မတော်(CNA) မှ ရဲဘော်သုံးဦး၊ CDF-Zophei မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

▪️စစ်ကိုင်းမှာ စစ်ကောင်စီတပ်နဲ့ PDFများ တိုက်ပွဲဖြစ်ပြီး ရဲဘော်နှစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်မှ စစ်ကိုင်းမြို့နယ်သို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ကာကွယ်‌ရေး ရဲဘော်နှစ်ဦးကျဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇွန်လ ၄ ရက်က ဝက်လက်မြို့နယ်မှ ထွက်လာတဲ့ အင်အား ၁၄၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့ရာ စဥ့်ကိုင်ရွာ မရောက်မီ တောရဘုန်းကြီးကျောင်းအနီး ထိ‌တွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ စစ်ကိုင်းခရိုင်တပ်ရင်း(၃) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ဦးခန့်သေဆုံးပြီး ပြည်သူ့ကာကွယ်‌ရေးတပ်မှ ဒုတပ်စိတ်မှူး ရဲဘော်နိုင်းနိုင်းနဲ့ ရဲဘော်သာဒင်တို့ ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ ပြန်ကြားရေးတာ၀န်ခံက ဆက်ပြောပါတယ်။

▪️တိုက်ပွဲဖြစ်နေတဲ့ တာရွှေထန်သို့ စစ်ကောင်စီယာဉ်အစီး ၂၀ ခန့် ဦးတည်ထွက်ခွာ

အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ တင်ဆောင်လာတဲ့ စစ်ကားအစီး ၂၀ ခန့်မှာ လောက်ကိုင်မြို့မှ တာရွှေထန်ဘက်သို့ ဦးတည်ထွက်ခွာသွားတယ်လို့ ကိုးကန့်တပ်မတော်(MNDAA)က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ရေးအခြေအနေ အသေးစိတ်ကို ထုတ်ပြန်မထားပေမယ့် စစ်ကောင်စီတပ်များ ထွက်ခွာသွားတဲ့ တာရွှေထန်ဘက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ ကိုးကန့် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အဲဒီဒေသမှာ MNDAA တပ်မဟာ(၅၁၁) တပ်စခန်းများရှိပါတယ်။

▪️မလှိုင်နယ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာနှစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ရှိ ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြိမ်းခြောက်နေတဲ့ စစ်ကောင်စီတပ်စွဲရာ နေရာနှစ်ခုကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိတယ်လို့ မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း Natogyi People Defence Force အဖွဲ့က ပြောပါတယ်။ ဇွန်လ ၅ ရက် နေ့ခင်းက မလှိုင်မြို့နယ် သရက်ကောင်းပင်ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ အဆောင်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သား ငါးဦးသေဆုံးတယ်လို့ Natogyi People Defence Force အဖွဲ့က ပြောပါတယ်။ ညနေပိုင်းမှာလည်း နွားထိုးကြီး-မလှိုင်လမ်းမ ဆူးရစ်ကုန်းကျေးရွာရဲ့ တောင်ဘက် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတဲ့ စစ်သား ရှစ်ဦးကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိတယ်လို့ ဆိုပါတယ်။

(စစ်ကောင်စီတပ်သားများ တပ်စွဲရာနေရာအား ဗုံးချတိုက်ခိုက်နေစဉ်)
(စစ်ကောင်စီတပ်သားများ တပ်စွဲရာနေရာအား ဗုံးချတိုက်ခိုက်နေစဉ်)

▪️အရာတော် အမှတ်(၁ဝ)လေ့ကျင့်ရေးတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမှတ်(၁ဝ) လေ့ကျင့်ရေးတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Danger Force LPDF တာဝန်ခံ ဗိုလ်မောင်းက ပြောပါတယ်။ မနေ့ နေ့ခင်းက အရာတော်မြို့နယ်ရှိ စစ်ကောင်စီရဲ့ လေ့ကျင့်ရေး(၁၀)တပ် (အရပ်ခေါ် အရှေ့တပ်)ကို (၁၀၇)မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်ပြီး စောင့်ကြည့်ကင်းထောက်များရဲ့ ပြောကြားချက်အရ စစ်ကောင်စီတပ်သားများ ဒဏ်ရာအများအပြားရရှိကာ သေဆုံးမှုရှိနိုင်သည်ဟု Danger Force LPDF အဖွဲ့က အသိပေးပါတယ်။

(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)