Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာနဲ့ အိန္ဒိယဆီ တင်ပို့ထားတဲ့ စစ်လက်နက် အစိတ်အပိုင်းတွေ ပြန်ဝယ်ယူနေရတဲ့ ရုရှား

ယူကရိန်း စစ်တပ်ရဲ့ အဆိုအရ ရုရှားဟာ ကျူးကျော်စစ်ပွဲ စတင်ချိန် ကတည်းက တင့်ကားအစီးရေ ၃၅၀၀ နီးပါးလောက်ထိ ဆုံးရှုံးခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနဲ့ အိန္ဒိယဆီ တင်ပို့ထားတဲ့ စစ်လက်နက် အစိတ်အပိုင်းတွေ ပြန်ဝယ်ယူနေရတဲ့ ရုရှား
မြန်မာနဲ့ အိန္ဒိယဆီ တင်ပို့ထားတဲ့ စစ်လက်နက် အစိတ်အပိုင်းတွေ ပြန်ဝယ်ယူနေရတဲ့ ရုရှား

ယူကရိန်း စစ်ပွဲကြောင့် လက်နက် ရင်းမြစ်တွေ ပြုန်းတီးလာတဲ့ ရုရှားဟာ မြန်မာနဲ့ အိန္ဒိယဆီ တင်ပို့ထားဖူးတဲ့ တင့်ကားနဲ့ ဒုံးကျည် အစိတ်အပိုင်းတွေကို ပြန်လည် ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

ရုရှားရဲ့ စစ်လက်နက်နဲ့ ဆက်စပ် ပစ္စည်းတွေ ကုန်သွယ် ရောင်းဝယ်မှု မှတ်တမ်းတွေကို စေ့စေ့စပ်စပ် လေ့လာခဲ့တဲ့နောက် Nikkei Asia သတင်းဌာနက အခုတွေ့ရှိချက်တွေကို ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ် စတင်ချိန် ကတည်းက အမေရိကန်၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ဘက်ပေါင်းစုံ အရေးယူ ပိတ်ဆို့မှုတွေကြောင့် စစ်လက်နက်တွေ တည်ဆောက်ဖို့ ကုန်ကြမ်းတွေ တင်သွင်းရတာ အရမ်းခက်ခဲသွားပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်း စစ်ပွဲမှာ ဒုံးကျည်တွေ အမြောက်အမြားကို အသုံးပြုနေရသလို တင့်ကားတွေ အရေအတွက် အများအပြား ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ရုရှားဟာ သိမ်းဆည်းထားတဲ့ ခေတ်ဟောင်း တင့်ကားတွေကိုပါ ဂိုဒေါင်ထဲက ပြန်ထုတ်ပြီး ဖုတ်ပူမီးတိုက် အဆင့်မြှင့်တင်နေပါတယ်။ ဆိုဗီယက် တပ်နီတော် ကြီးစိုးချိန်က တိုက်ပွဲဝင် တင့်ကားတွေကိုပါ ရုရှားက ရှေ့တန်း ပို့နေရပါတယ်။

အဲဒီ တင့်ကားတွေနဲ့ ဒုံးကျည်တွေအတွက် ခေတ်နဲ့အမီ အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ပြည်ပကနေ ဝယ်ယူဖို့လည်း မဖြစ်နိုင်တဲ့နောက် ရုရှားဟာ သူတို့ စစ်လက်နက်တွေ ရောင်းချထားရာ မြန်မာနဲ့ အိန္ဒိယလို မိတ်ဖက် နိုင်ငံတွေဆီ တင်ပို့ထားတဲ့ အစိတ်အပိုင်းတွေကို ပြန်ဝယ်ရတဲ့ အခြေအနေ ဆိုက်လာတာလို့ Nikkei Asiaက ဆိုပါတယ်။

မှတ်တမ်းတွေအရ ရုရှားစစ်တပ်အတွက် တင့်ကားတွေ တည်ဆောက်ပေးနေတဲ့ Uralvagonzavod ကုမ္ပဏီဟာ အရင်က ထုတ်လုပ် တင်ပို့ထားဖူးတဲ့ မြင်ကွင်းရှာ ကိရိယာ ၆၇၇၅ ခုနဲ့ ကင်မရာ ၂၀၀ ကို မြန်မာဆီက ပြန်လည် ဝယ်ယူသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာ ၉ ရက်က အဲဒီပစ္စည်းတွေကို ပြန်လည် တင်သွင်းဖို့ Uralvagonzavodက ဒေါ်လာ ၂၄ သန်း ဝန်းကျင်နဲ့ မှာယူခဲ့တာလို့ Nikkei Asiaက ရရှိထားတဲ့ မှတ်တမ်းတွေက ညွှန်ပြနေပါတယ်။

အဲဒီ ပစ္စည်းတွေဟာ တင့်ကားတွေက ပစ်မှတ်ကို ချိန်ရွယ်တိုင်းတာရာမှာ အဓိက အသုံးပြုဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေလည်း ဖြစ်တယ်လို့ ဂျပန် ပြည်စောင့်တပ်ရဲ့ အငြိမ်းစား အရာရှိဟောင်း နိုဘူယူကီ အေကာတာနီက Nikkei Asiaကို မှတ်ချက် ပေးခဲ့ပါတယ်။

အလားတူ ရုရှားရဲ့ Machine-Building Design Bureau (KBM)ကလည်း အရင်က အိန္ဒိယဆီ ရောင်းချထားတဲ့ ဒုံးကျည်ပစ်မှတ် ချိန်ရွယ်တဲ့ ညကြည့်မြင်ကွင်း စက်ပစ္စည်း အစိတ်အပိုင်းတွေကို ဒေါ်လာ ၁ သိန်းခွဲနဲ့ ပြန်လည် တင်သွင်း ဝယ်ယူသွားခဲ့ပါတယ်။ မနှစ်က နှစ်ကုန်ပိုင်းမှာ အဲဒီ ပစ္စည်းတွေကို ရုရှားက ပြန်လည် ဝယ်ယူခဲ့တဲ့ မှတ်တမ်းကိုလည်း Nikkei Asiaက ရရှိခဲ့ပါတယ်။ အဲဒီ အစိတ်အပိုင်းတွေဟာ မြေပြင်ကနေ ဝေဟင်ကို ပစ်ခတ်တဲ့ ဒုံးကျည်တွေမှာ တပ်ဆင်တယ်လို့ ယုံကြည်ရပါတယ်။

ယူကရိန်း စစ်တပ်ရဲ့ အဆိုအရ ရုရှားဟာ ကျူးကျော်စစ်ပွဲ စတင်ချိန် ကတည်းက တင့်ကားအစီးရေ ၃၅၀၀ နီးပါးလောက်ထိ ဆုံးရှုံးခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။