Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းသင့်ရခိုင်ပြည်သူများအတွက် ဝတပ်ဖွဲ့နှင့် FPNCCက ကျပ်သိန်း တစ်သောင်းAA ထံပေးအပ်

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအား ယခုကဲ့သို့ ပံ့ပိုးကူညီပေးသည့်အတွက် ပံ့ပိုးကူညီပေးကြသော အဖွဲ့အစည်းများနှင့် အားလုံးသောလူပုဂ္ဂိုလ်များကို မုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူလူထုများ ကိုယ်စားကျေးဇူးတင်ကြောင်း ကော်မတီက ထုတ်ပြန်သည်။

(UWSA နှင့် FPNCC တို့က မုန်တိုင်းသင့်ပြည်သူများအတွက် AA မှတစ်ဆင့် လှူဒါန်းစဥ်။ ဓါတ်ပုံ-Arakan Princess)
(UWSA နှင့် FPNCC တို့က မုန်တိုင်းသင့်ပြည်သူများအတွက် AA မှတစ်ဆင့် လှူဒါန်းစဥ်။ ဓါတ်ပုံ-Arakan Princess)

ဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့် ရခိုင်ပြည်သူများအတွက် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)နှင့် UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)က ကျပ်သိန်း တစ်သောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)က ဖွဲ့စည်းထားသည့် MOCHA ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ကော်မတီက သတင်းထုတ်ပြန်သည်။

FPNCC မှထည့်ဝင်လှူဒါန်းသည့်ကျပ် သိန်း၅၀၀၀ နှင့် UWSA က လှူဒါန်းသည့် ကျပ်သိန်း ၅၀၀၀ တို့ကိုယနေ့ ဇွန်လ(၁၀) ရက် နံနက်ပိုင်း၌ ကောင်းမွန်စွာလက်ခံရရှိခဲ့ကြောင်း AA ဒုစစ်ဦးစီးချုပ်ဦးဆောင်သည့် ကော်မတီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

(UWSA နှင့် FPNCC တို့က မုန်တိုင်းသင့်ပြည်သူများအတွက် AA မှတစ်ဆင့် လှူဒါန်းစဥ်။ ဓါတ်ပုံ-Arakan Princess)
(UWSA နှင့် FPNCC တို့က မုန်တိုင်းသင့်ပြည်သူများအတွက် AA မှတစ်ဆင့် လှူဒါန်းစဥ်။ ဓါတ်ပုံ-Arakan Princess)

အလှူငွေများကို UWSA ဒု-ဥက္ကဋ္ဌ နှင့် ပြင်ပဆက်ဆံရေးဌာန၊ ဌာနကြီးမှူးဖြစ်သော ဦးကျောက်ကော်အန်းက ပေးအပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာညိုထွန်းအောင်၊ Humanitarian and Development Coordination Office (HDCO) အကြီးအကဲ ဦးထွန်းမင်းနိုင်တို့က UWSA ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့၌ လက်ခံရယူခဲ့သည်ဟု​သိရသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအား ယခုကဲ့သို့ ပံ့ပိုးကူညီပေးသည့်အတွက် ပံ့ပိုးကူညီပေးကြသော အဖွဲ့အစည်းများနှင့် အားလုံးသောလူပုဂ္ဂိုလ်များကို မုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူလူထုများ ကိုယ်စားကျေးဇူးတင်ကြောင်း ကော်မတီက ထုတ်ပြန်သည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ယခုကဲ့သို့ မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှု အပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ကျေးဇူးတင်လွှာပေးပို့ခဲ့သည်။

AAသည် UWSA ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသည့် FPNCC အဖွဲ့ဝင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

မုန်တိုင်းကြောင့် ထိခိုက်မှုအများဆုံးရှိခဲ့သည့် ရခိုင်ဒေသပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကျပ်သိန်း ၁၀၀၀၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)က ကျပ်သိန်း ၃၀၀၀ ၊ကိုးကန့်တပ်မတော်(MNDAA)က ကျပ်သိန်း ၁၀၀၀၊တအာင်းတပ်မတော်(TNLA)က ကျပ်သိန်း ၅၀၀၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ကျပ်သိန်း ၂၀၀၀၊ မိုင်းလားအဖွဲ့(NDAA)က ကျပ်သိန်း ၂၀၀၀၊ မွန်ပြည်သစ်ပါတီ(NMSP)က ကျပ်သိန်း ၅၀၀ ပေးအပ်လှူဒါန်းထားသည်။

(UWSA နှင့် FPNCC တို့က မုန်တိုင်းသင့်ပြည်သူများအတွက် AA မှတစ်ဆင့် လှူဒါန်းစဥ်။ ဓါတ်ပုံ-Arakan Princess)
(UWSA နှင့် FPNCC တို့က မုန်တိုင်းသင့်ပြည်သူများအတွက် AA မှတစ်ဆင့် လှူဒါန်းစဥ်။ ဓါတ်ပုံ-Arakan Princess)

KIO အနေဖြင့်ချင်းပြည်ရှိ မုန်တိုင်းသင့် ပြည်သူများအတွက်လည်း ချင်းအမျိုးသားတပ်ဦး(CNF)ထံသို့ ကျပ်သိန်း ၂၀၀၀ ပေးအပ်လှူဒါန်းခဲ့သည်။

စစ်ကောင်စီကမူ ရခိုင်ဒေသ မုန်တိုင်းသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးလုပ်ဆောင်မည့် ပြည်တွင်း ပြည်ပအဖွဲ့များ ရခိုင်ပြည်နယ်အတွင်းခရီးသွားလာခွင့် နှင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ခွင့်ကို ဇွန်လ ၇ရက်စပြီးရပ်ဆိုင်းကြောင်း ပိတ်ပင်ချက်ထုတ်ပြန်ထားသည်။ထိုသို့ထုတ်ပြန်ပြီး၃ ရက်အကြာတွင် ဝ တပ်ဖွဲ့ နှင့် FPNCC တို့က AA မှတစ်ဆင့် မုန်တိုင်းသင့် ပြည်သူများအတွက် လှူဒါန်းခြင်းဖြစ်သည်။