Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်၌ သုံးရက်အတွင်းတိုက်ပွဲ ၁၀ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ခုနစ်ဦးသေဟု KNU တပ်မဟာ(၅) အသိပေး

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီ တပ်စစ်ကြောင်းများ၊ ထောက်ပို့ယာဉ်များ၊ တပ်စခန်းများကို တပ်မဟာ(၅)က တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

(ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KIC)
(ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KIC)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် သုံးရက်အတွင်း တိုက်ပွဲ ၁၀ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

ဇွန်လ ၄ရက်မှ ၆ရက်အတွင်း စစ်ကောင်စီတပ်သားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီရှေ့တန်းတပ်စခန်းများအတွက်စားနပ်ရိက္ခာလာရောက်ပို့ဆောင်သည့် စစ်ကောင်စီတပ်ကို ဇွန်လ ၆ရက်တွင် တပ်မဟာ(၅)က ခြောက်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

လူသောမြို့နယ်၊ ဘလားလူဒေသတွင်တစ်ကြိမ်နှင့် ဟော်ဂေါ်ထာတွင်တစ်ကြိမ်၊ ဖလတ်ခိုဒေသတွင်တစ်ကြိမ်နှင့် တာဃော်လူတွင်တစ်ကြိမ်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ ဖားလုန်းဒိုနှင့် ထီးကဆော်မဲတွင်နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့ကြောင်းဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ရိက္ခာတင်ကားတစ်စီးနှင့် မြင်းလား လေးကောင်သုတ်သင်ချေမှုန်းနိုင်ခဲ့ကြောင်း အသိပေးသည်။

ဇွန်လ ၅ရက်ကလည်း ဘူးသိုမြို့နယ်အတွင်းရှိ ကောကော်ထာတွင်တစ်ကြိမ်၊ လူသောမြို့နယ်အတွင်းရှိ မောလူခေးပူတွင်တစ်ကြိမ်နှင့် တာဃော်လူ တကွီးကျိုးတွင် တစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

ဇွန်လ ၄ရက်တွင် ဒွယ်လိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာ မယ်ဝေစခန်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီဖက်မှ တစ်ဉီးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

သုံးရက်အတွင်း တိုက်ပွဲ ၁၀ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦး သေဆုံးပြီး မြင်းလားတစ်ကောင်နှင့် ရိက္ခာတင်မော်တော်ယဉ်တစ်စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း တပ်မဟာ(၅)ဘက်က ထိခိုက်မှုမရှိဟု အသိပေးထားသည်။

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီ တပ်စစ်ကြောင်းများ၊ ထောက်ပို့ယာဉ်များ၊ တပ်စခန်းများကို တပ်မဟာ(၅)က တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။