Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိုင်ကလုန်းဒဏ်သင့် ပြည်သူတွေကို ထောက်ပံ့မှု စစ်ကောင်စီ ဆိုင်းငံ့ထားဆဲလို့ ကုလသမဂ္ဂပြော

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ကစလို့ ပြည်တွင်း လုံခြုံရေး ပိုမို ဆိုးရွားလာခဲ့ခြင်းကလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေအတွက် ပိုပြီး ဘက်ပေါင်းစုံ အခြေအနေတွေကို အလေးထား စဉ်းစားလာရစေကြောင်း သိရပါတယ်။

ဆိုင်ကလုန်းဒဏ်သင့် ပြည်သူတွေကို ထောက်ပံ့မှု စစ်ကောင်စီ ဆိုင်းငံ့ထားဆဲလို့ ကုလသမဂ္ဂပြော
ဆိုင်ကလုန်းဒဏ်သင့် ပြည်သူတွေကို ထောက်ပံ့မှု စစ်ကောင်စီ ဆိုင်းငံ့ထားဆဲလို့ ကုလသမဂ္ဂပြော

ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ပြည်သူတွေဆီ နိုင်ငံတကာက ပေးပို့မယ့် ထောက်ပံ့ရေး ပစ္စည်းတွေကို အာဏာသိမ်း စစ်ကောင်စီက ကြားဖြတ် ဆိုင်းငံ့ထားကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့အစည်းတွေ အနေနဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ဒဏ်ကို အပြင်းအထန် ခံစားထားရတဲ့ လူ့အဖွဲ့အစည်းတွေဆီ အကူအညီတွေ ပေးပို့ဖို့ ထဲထဲဝင်ဝင် ကြိုးစားနေပေမယ့် စစ်ကောင်စီက ခွင့်ပြုချက်တွေ ဆိုင်းငံ့ထားကြောင်း ဇွန်လ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သောက်ရေသန့်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတို့လို အရေးပါတဲ့ ထောက်ပံ့ ပစ္စည်းတွေဟာ ရည်မှန်းထားရာဆီ မရောက်ဘဲ လမ်းခုလတ်မှာ ကြားဖြတ် ဟန့်တားခံထားရလို့ နှောင့်နှေးနေတယ်လို့ ဆိုပါတယ်။ အဲဒီ ပစ္စည်းတွေဟာ မြန်မာနိုင်ငံရဲ့ မုတ်သုံမိုးရာသီ ပီပီပြင်ပြင် မဝင်ရောက်ခင် မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေလက်ထဲ ရောက်ရှိသင့်တယ်လို့ UNOCHAက ဆိုပါတယ်။

မေလ ၁၄ ရက်က မြန်မာနိုင်ငံ အနောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော် ကုန်းတွင်းဝင်ရောက်ခဲ့တဲ့ မိုခါဟာ နိုင်ငံသမိုင်းမှာ ဖျက်ဆီးအား အပြင်းထန်ဆုံး မုန်တိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ မိုခါကြောင့် လူ ၁၄၈ ဦးထက်မနည်း သေဆုံးပြီး အဆောက်အအုံ ၁၈၆၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက နိုင်ငံတကာ အဖွဲ့အစည်းတွေကို မုန်တိုင်းဒဏ်သင့် ဒေသတွေဆီ သွားရောက် ကူညီဖို့ ဘာကြောင့် ခွင့်မပြုသလဲ ဆိုတာကို UNOCHAကတော့ မထုတ်ပြန်ပါဘူး။

UNOCHAရဲ့ ကြေညာချက်အရ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ နေထိုင်သူ စုစုပေါင်း ၁.၆ သန်းလောက်ဟာ ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကို သက်ရောက် ခံစားခဲ့ရကြောင်း သိရပါတယ်။

လက်ရှိ အချိန်ထိ လူပေါင်း ၁၁၃၂၀၀ လောက်ဟာ ရွက်ဖျင်တဲတွေနဲ့ ယာယီ အမိုးအကာအဖြစ် အသုံးပြုတဲ့ တာပေါ်လင်စတွေ အပါအဝင် ဆောက်လုပ်ရေး ပစ္စည်းတွေ လက်ခံရရှိထားပြီး လူပေါင်း ၂၉၃၈၀၀ လောက်ဆီကိုတော့ ရိက္ခာတွေ ဖြန့်ဖြူးထားပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ အထောက်အပံ့ အများစုဟာ ရခိုင်ပြည်နယ်ဆီကိုပဲ ရောက်ရှိတာဖြစ်ပြီး တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဆီ မပို့ဆောင်နိုင်သေးပါဘူး။

တကယ်လို့ ထောက်ပံ့ရေး ပစ္စည်းတွေသာ အချိန်မီ မရောက်ဘူးဆိုရင် မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ နေထိုင်သူတွေဟာ မိုးရာသီကို ဒုက္ခပေါင်းစုံနဲ့ ဖြတ်သန်းရမှာကို စိုးရိမ်နေရပါတယ်။

စစ်ကောင်စီဟာ ပြည်တွင်းက နေရာအတော်များများဆီ နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့အစည်းတွေ သွားလာခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ် ပိတ်ပင်ထားပါတယ်။ အထူးသဖြင့် စစ်ရေး တင်းမာမှုတွေ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေ အားကောင်းတဲ့ နေရာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ မဝင်ရောက်နိုင်အောင် ပိုပြီး ကျပ်ကျပ်တည်းတည်း တားဆီးလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ကစလို့ ပြည်တွင်း လုံခြုံရေး ပိုမို ဆိုးရွားလာခဲ့ခြင်းကလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေအတွက် ပိုပြီး ဘက်ပေါင်းစုံ အခြေအနေတွေကို အလေးထား စဉ်းစားလာရစေကြောင်း သိရပါတယ်။