Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအင်အားဖြည့်ပြီး လက်နက်ကြီးတပ်ဆင်နေ၍ စစ်ရေးဖြင့် ပြန်တုံ့ပြန်ရန်ပြင်ဆင်ထားကြောင်း SSPPအသိပေး

စစ်ကောင်စီတပ်က ယခုဇွန်လ ဒုတိယ အပတ်တွင် လဲချားမြို့နယ်ရှိ SSPP တပ်စခန်း နေရာ ၁၀နေရာကို ဖယ်ရှားခိုင်းခဲ့သည်။သို့ရာတွင် SSPPဘက်က ဖယ်ပေးရန်မရှိဟု ယခုကဲ့သို့ သတင်းထုတ်ပြန် အသိပေးထားခဲ့ဖူးသည်။

(SSPP/SSAမှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP)
(SSPP/SSAမှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP)

စစ်ကောင်စီတပ်က ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တပ်စခန်းများ ဆုတ်ခွာရန် အကြောင်းကြားပြီးနောက် စစ်အင်အားများဖြည့်တင်းခြင်း လက်နက်ကြီးတပ်ဆင်ခြင်းများ ပြုလုပ်နေခြင်းကြောင့် SSPPကလည်း စစ်ရေးအရ တုန့်ပြန်သွားရန် ပြင်ဆင်ထားကြောင်း ယနေ့ ထုတ်ပြန်အသိပေးလိုက်သည်။

ပင်လုံ၊ လဲချားနှင့် မိုင်းနောင်တောင်ပိုင်းတွင်ရှိသော SSPP/SSA စစ်ကြောင်းများအား ဆုတ်ခွာရန် စစ်ကောင်စီဘက်မှ တောင်းဆိုခဲ့သော်လည်း SSPP/SSA ဘက်မှ စစ်ကြောင်းပြန်မဆုတ်ပေးနိုင်ဟု ပြန်လည်တုံ့ပြန်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု SSPP၏ ယနေ့ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီဘက်မှ လဲချားမြို့တောင်ဘက်ရှိ လွိုင်နမ့်တွန်တောင် အနီးနှင့် ပင်လုံ-လဲချား အကြားရှိ လွိုင်ခေတောင်ခြေတွင် 81mm လက်နက်ကြီးတပ်ဆင်ထားပြီး လဲချားမြို့နယ် နားမင်းအုပ်စု ကောင်းဆန်းအနီးရှိ SSPP/SSA စစ်ကြောင်းများအားမျက်နှာမူထားကြောင်း၊ လူအင်အား 300 ခန့်နှင့် ချည်းကပ်လာသောကြောင့် SSPP/SSA ဘက်မှလည်း စစ်ရေးအရ အသာစီးရနိုင်မည့်နေရာများတွင် ကြိုတင်ပြင်ဆင်မှုများလုပ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

(SSPP/SSAမှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP)
(SSPP/SSAမှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ – SSPP)

“ကျွန်တော်တို့ အခုလို ဒီတောင်ပိုင်းကိုရောက်နေခြင်းက စစ်ကောင်စီအနေနဲ့လည်း သူတို့စစ်တိုင်းဌာနချုပ်ရဲ့လုံခြုံရေးကို စိုးရိမ်နေရတာတစ်ကြောင်း ဒါကြောင့် ကျွန်တော်တို့ကို ဆုတ်ခိုင်းခြင်းဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်တို့အနေနဲ့လည်း ဘယ်လိုနည်းနဲ့မှ ပြန်ဆုတ်ပေးလို့ရမှာမဟုတ်တဲ့အတွက် တကယ်လို့ သူတို့ဘက်ကစစ်ရေးဆင်လာမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က စစ်ရေးနဲ့ဘဲ ပြန်လည်တုံ့ပြန်သွားဖို့ရှိပါတယ်”ဟု SSPP/SSA စစ်မြေပြင်ရောက် အရာရှိက ပြောကြားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

၂၀၁၅ က စစ်ကောင်စီဘက်မှ SSPP/SSA ဌာနချုပ်၏လုံခြုံရေးတပ်များဖြစ်သော တာဆမ်ပူး၊ ဟိုင်းပါ၊ ဝမ်လွေ၊ မိုင်းအက်၊ ဝမ်ဆော့၊ မွေတော်ဝိန်းကောင်မှ မိုင်းနောင် စသည့်နေရာများအား ထိုးစစ်ဆင်ခဲ့ဖူးကြောင်း၊ ယခုချိန်တွင် SSPP/SSA အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ လမ်းမကြီးသုံးခုကိုထိန်းချုပ်နေရာချထား နေနိုင်ပြီး စစ်ကောင်စီ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အရှေ့ဘက်နှင့် အနောက်ဘက်များအထိ စစ်ကြောင်းများ ဖြန့်ကျက်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးထားသည်။

“ယခုလို ကျွန်တော်တို့ကို ပြန်လည်ဆုတ်ခွာခိုင်းနေတာက စစ်ရေးလှည့်ကွက်ဖြစ်ပြီး အမှန်တော့ ဒီနေရာမှာနေရာယူခဲ့ဖူးတဲ့အဖွဲ့က ပြန်လာနေချင်တာပါ စစ်အင်အားခြင်းလည်းမယှဉ်နိုင်၊ လက်နက်အင်အားလည်း မလုံလောက်တော့ အခုလို ခြုံခိုမိုင်းထောင်တာတွေကလွဲပြီးသူတို့လည်း ဘာမှမလုပ်တတ်တော့ဘူး အခုဒီနားမှာ သူတို့ထားတဲ့စစ်ကြောင်းက အမှန်ဆို ဘာမှမကျန်တော့ဘူး ထွက်ပြေးတဲ့ တပ်သားတွေလည်းများ၊ သူတို့ပြောတာတော့ အထက်ကလိမ်ပြီးလာခိုင်းတာလို့ ပြောကြတာဘဲ လာခိုင်းတုန်းကတော့ ဒီမှာအင်အားတောင့်သလိုနဲ့ တကယ်တမ်းရောက်လာတော့ လူအင်အားနည်းတော့ ကြောက်ပြီးထွက်ပြေးကြတာပေါ့ ကျွန်တော်တို့ဆီ လာရောက်ခိုလှုံတဲ့သူလည်း ရှိပါတယ်” ဟု SSPP အရာရှိ၏ ပြောကြားချက်ကို ဖော်ပြသည်။

(SSPP/SSAမှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP)
(SSPP/SSAမှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ – SSPP)

စစ်တပ်အာဏာသိမ်းပြီးနောက် SSPPနှင့် RCSS တို့ ရှမ်းတပ်အချင်းချင်းအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးRCSS များ ဆုတ်ခွာခဲ့ရသည်။ ထိုစဉ်ကလည်း RCSS ဘက်က စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်မှု အချို့ လုပ်ဆောင်ခဲ့သည်ဟု SSPP တာဝန်ရှိသူ အချို့က တိုက်ပွဲကာလအတွင်း၌ People’s Spring သို့ ပြောကြားထားသည်။ RCSSသည် စစ်ကောင်စီတပ်နှင့် တွေ့ဆုံဆွေးနွေးနေသည့် တပ်ဖွဲ့ဖြစ်သည်။

စစ်ကောင်စီတပ်က ယခုဇွန်လ ဒုတိယ အပတ်တွင် လဲချားမြို့နယ်ရှိ SSPP တပ်စခန်း နေရာ ၁၀နေရာကို ဖယ်ရှားခိုင်းခဲ့သည်။သို့ရာတွင် SSPPဘက်က ဖယ်ပေးရန်မရှိဟု ယခုကဲ့သို့ သတင်းထုတ်ပြန် အသိပေးထားခဲ့ဖူးသည်။

ထိုသို့ ဆုတ်ခွာမပေး၍ စစ်ကောင်စီဘက်မှ စစ်ဆင်လာမည်ဆိုပါက SSPP/SSA အနေနှင့်လည်း ပြန်လည်စစ်ရေးဆင်မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။