Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်း ၃ရင်းနှင့် မိုင်အနည်းငယ်အကွာတွင် KNLA/PDF ပူးပေါင်းတပ်ကစိုးမိုးနေရာယူပြီး ယာဉ်များကို စစ်ဆေး

KNLA/PDF ပူးပေါင်းတပ် စစ်ဆေးမှု ပြုလုပ်သည့် နေရာများသည် စစ်ကောင်စီတပ်နှင့် မိုင်အနည်းငယ်သာဝေးကွာသည်ဟုသိရသည်။ ရေးမြို့နယ် မော့ကနင်ရွာတွင်စစ်ကောင်စီတပ် ခလရ (၁၀၆)၊ ခမရ (၅၈၈) တပ်တို့ အခြေစိုက်ပြီး ရွာသစ်ရွာအနီးတွင်လည်း အမှတ်(၃၁၇) အမြောက်တပ် အခြေစိုက်တပ်စွဲထားသည်။

(KNLA/PDF များက ရေးမြို့နယ်မော့ကနင် နှင့် သံဖြူဇရပ်မြို့နယ် ကြားရှိ နေရာသုံးနေရာတွင်ယာဥ်များကိုစစ်​ဆေး​နေစဥ်။ဓါတ်ပုံ- J.O.C)
(KNLA/PDF များက ရေးမြို့နယ်မော့ကနင် နှင့် သံဖြူဇရပ်မြို့နယ် ကြားရှိ နေရာသုံးနေရာတွင်ယာဥ်များကိုစစ်​ဆေး​နေစဥ်။ဓါတ်ပုံ- J.O.C)

▪︎”သေနတ်တွေကိုတော့ကြောက်တယ်ဗျ။ဒါပေမယ့်လက်နက်ကိုင်းတာချင်းကွာတယ်။ စစ်တပ်ဂိတ်တွေ‌ ကောင်တွေက မောက်မာတယ်။ ပိုက်ဆံတောင်းတယ်။ ကာကွယ်ရေးရဲဘော်တွေက အဲ့လိုမဟုတ်ဘူး။ မြင်ရတာ တော်လှန်ရေးအတွက် အားရတယ်”- ​​မော်လမြိုင်ဒေသခံတစ်ဦး

▪︎“စကစ ဘက်က တပ်အင်အား ရှိရင်—တိုက်ပွဲဖြစ်ပြီပေါ့ သဘောက။ ဒါပေမဲ့ အခုက မိုးချုပ်တဲ့အထိ တိုက်ပွဲမဖြစ်ဘူး” -ရေးဒေသ စစ်ရေးသတင်းရင်းမြစ်တစ်ဦး

ရေးမြို့နယ်မော့ကနင်နှင့် သံဖြူဇရပ်မြို့နယ် ကြားရှိ နေရာသုံးနေရာတွင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မ​တော်(PDF) ပူးပေါင်းတပ်က ယာဉ်များကို စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး သံသယရှိသူ ၄ဦးကို ခေါ်ဆောင်စစ်ဆေးလျက်ရှိသည်ဟု ​ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“မနက်က အဲဒီပူးပေါင်းတပ်တွေက ကားလမ်းပေါ်မှာရှိနေတာတွေကို လမ်းသွားလမ်းလာတွေအားလုံးတွေ့ကြတာပဲ။ သူတို့လည်း အတိအလင်း ကြေညာထားတယ်။ သူတို့လည်း လမ်းပေါ် ပေါ်ပေါ်လွင်လွင်နဲ့နေတယ်။သံဖြူဇရပ်နဲ့ မော့ကနင်ကြားမှာ သုံးနေရာခွဲပြီး ကားအသွားအလာတွေကိုစစ်ဆေးတာပေါ့။ အဲဒီလို စစ်ဆေးနေတဲ့ ကားတွေထဲမှာ မသင်္ကာစရာ လူလေးယောက်ကို ခေါ်ထားတယ်လို့ ပြောတယ်” ဟု ​ဒေသခံစစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမကြီးတစ်လျှောက် နေရာ သုံး နေရာခွဲပြီး ယနေ့ နံနက် မနက် ၇ နာရီခန့်မှ နံနက် ၁၁ နာရီခန့်အထိ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်​ကြောငမး ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ်(၃)၊ တောင်ပိုင်းတိုင်း၊ J.O.Cက သတင်းထုတ်ပြန်သည်။စစ်ဆေးနေစဉ် စစ်​ကောင်စီနှင့်ဆက်စပ်သူဟု မင်္သကာဖွယ် လေးဦးကို တွေ့ရှိခဲ့၍ ထိန်းသိမ်းစစ်ဆေးနေသည်ဟုဆိုသည်။

“လိုအပ်တဲ့စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းနဲ့ စစ်ဆေးပြီးမှသာ အသေးစိတ်သတင်းထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်” ဟုJ.O.Cကအသိ​​ပေးထားသည်။

(KNLA/PDF များက ရေးမြို့နယ်မော့ကနင် နှင့် သံဖြူဇရပ်မြို့နယ် ကြားရှိ နေရာသုံးနေရာတွင်ယာဥ်များကိုစစ်​ဆေး​နေစဥ်။ဓါတ်ပုံ- J.O.C)
(KNLA/PDF များက ရေးမြို့နယ်မော့ကနင် နှင့် သံဖြူဇရပ်မြို့နယ် ကြားရှိ နေရာသုံးနေရာတွင်ယာဥ်များကိုစစ်​ဆေး​နေစဥ်။ဓါတ်ပုံ- J.O.C)

KNLA/PDF ပူးပေါင်းတပ် စစ်ဆေးမှု ပြုလုပ်သည့် နေရာများသည် စစ်ကောင်စီတပ်နှင့် မိုင်အနည်းငယ်သာဝေးကွာသည်ဟုသိရသည်။ ရေးမြို့နယ် မော့ကနင်ရွာတွင်စစ်ကောင်စီတပ် ခလရ (၁၀၆)၊ ခမရ (၅၈၈) တပ်တို့ အခြေစိုက်ပြီး ရွာသစ်ရွာအနီးတွင်လည်း အမှတ်(၃၁၇) အမြောက်တပ် အခြေစိုက်တပ်စွဲထားသည်။

“ဒီတလော ကားလမ်းတလျှောက်မှာသူတို့(KNLA/PDF ပူးပေါင်းတပ်)ချည်းပဲရှိတာ။ စစ်ကောင်စီတပ်ကတော့ အဲဒီလမ်းတလျှောက်မရှိကြဘူး။ သူတို့ (ပူးပေါင်းတပ်) အဲဒီလမ်းပေါ်ရှိနေတာကို ဝင်တိုက်တာ ဝင်နှောက်ယှက်တာ မရှိကြဘူး”ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

ရေးမြို့နယ် စစ်ရေးသတင်းရင်းမြစ်ကလည်း “သဘောက စကစ ဘက်ကမရှိလို့ မသွားတာလား ဒါမှမဟုတ် ဘာအကြောင်းကြောင့်လဲ မပြောတက်ဘူး။ ဒီနေ့အထိ သူတို့ စိတ်တိုင်းကျ ကားလမ်းပေါ်မှာ စစ်ဆေးမေးမြန်းတာ လုပ်နေတယ်လို့သိရတယ်။မနက်က သူတို့နဲ့တွေ့ထားတဲ့ ဒေသခံတစ်ဦး ပြောပြတာက တကယ်လို့ စကစ ဘက်က တပ်အင်အား ရှိရင် ဓမ္မတာကို ပြောရမယ်ဆိုရင် တိုက်ပွဲဖြစ်ပြီပေါ့ သဘောက။ ဒါပေမဲ့ အခုက မိုးချုပ်တဲ့အထိ တိုက်ပွဲမဖြစ်ဘူး” ဟု ပြောသည်။

ပူး​ပေါင်းတပ်ဖွဲ့များ၏ စစ်ဆေးမှုသည် စနစ်ကျပြီး အာဏာပြခြင်း၊ ငွေတောင်းခံခြင်းများမရှိဟု တနင်္သာရီမြို့မှ ပြန်လာသည့် မော်လမြိုင်မြို့ခံတစ်ဦးကပြောသည်။

“သေနတ်တွေကိုတော့ကြောက်တယ်ဗျ။ဒါပေမယ့်လက်နက်ကိုင်းတာချင်းကွာတယ်။ စစ်တပ်ဂိတ်တွေ‌ ကောင်တွေက မောက်မာတယ်။ ပိုက်ဆံတောင်းတယ်။ ကာကွယ်ရေးရဲဘော်တွေက အဲ့လိုမဟုတ်ဘူး။ မြင်ရတာ တော်လှန်ရေးအတွက် အားရတယ်”ဟု​မော်လမြိုင်မြို့မှပြည်သူတစ်ဦးကပြောသည်။

(KNLA/PDF များက ရေးမြို့နယ်မော့ကနင် နှင့် သံဖြူဇရပ်မြို့နယ် ကြားရှိ နေရာသုံးနေရာတွင်ယာဥ်များကိုစစ်​ဆေး​နေစဥ်။ဓါတ်ပုံ- J.O.C)
(KNLA/PDF များက ရေးမြို့နယ်မော့ကနင် နှင့် သံဖြူဇရပ်မြို့နယ် ကြားရှိ နေရာသုံးနေရာတွင်ယာဥ်များကိုစစ်​ဆေး​နေစဥ်။ဓါတ်ပုံ- J.O.C)

ပူး​ပေါင်းတပ်ကိုစစ်ကောင်စီတပ် က နှောက်ယှက်တိုက်ခိုက်ခြင်းမရှိသည့် အကြောင်းအရင်းကို မသိရ​သေး​ကြောင်း ၊ယင်းဒေသ၌ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားခြင်း၊ စစ်ကြောင်းထိုးခြင်းမရှိသလောက်ဖြစ်နေကြောင်း စစ်​ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

“မနက်က လူတစ်ယောက်က လာပြီး သတင်းပေးတာ ကျနော်ဆိုင်ကယ်နဲ့လာတယ်။ အဲဒီ PDF ကရဲဘော်တွေကို လမ်းပေါ်မှာ တွေ့တယ်။ သူ့ကိုတောင်မှ ပြောသေးတယ် ခပ်မြန်မြန်သွားလို့ အဲဒီလို ပြောတာ။ ကျနော် ထင်တာက အဲဒီလို ဖြစ်တာမှန်ရင် နောက်တစ်နာရီ နှစ်နာရီဆို တိုက်ပွဲအကြီးအကျယ် ဖြစ်တော့မယ်ပေါ့။ အဲဒီလို မှန်းတာ။ ဒါပေမဲ့ လုံး၀ တိုက်ပွဲမရှိဘူး။ တစ်နေကုန် သူတို့က လမ်းပေါ်မှာ စိုးမိုးထားပြီး လမ်းသွားလမ်းလာ ကားတွေပေါ် စိတ်တိုင်းကျ စစ်ဆေးနေတဲ့ သဘောရှိတာပေါ့။တချိန်က စကစတွေပဲ အဲဒီလမ်းကို စိုးမိုးထားတယ်။ အဲဒီလမ်းပေါ်မှာ စိုးမိုးထားနေပါလျက်နဲ့ စကစက ဘာမှ ဝင်မလုပ်နိုင်ဘူးဆိုတော့ အကြောင်းတစ်ခုခုတော့ရှိတယ်ထင်တယ်” ဟု အထက်ပါပုဂ္ဂိုလ်ကသုံးသပ်သည်။

စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်ပါက တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

ထို​ဒေသတွင် စစ်တပ်၏ တပ်ရင်း ၂ ရင်းနှင့် အ​မြောက်တပ်ရှိပြီးယခင်က အဆိုပါလမ်း​ပေါ်တွင် စစ်​ကောင်စီတပ်များစိုးမိုးခဲ့သည်။သို့​သော်ယခုအခါ KNLA နှင့် PDF ပူး​ပေါင်းတပ်ကစိုးမိုး​နေပြီဖြစ်သည်။ ပူး​ပေါင်းတပ်က လမ်းများ​ပေါ်တွင် ကားများကိုစစ်​ဆေးခြင်းမှာ ကြိုတင်သတိ​ပေးထားသကဲ့သို့ပြုလုပ်ခြင်းဖြစ်နိုင်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆) တပ်ရင်း(၂၇)က ဇွန်လ ၁၀ရက်တွင် အမိန့်ထုတ်ပြန်ထားရာ ဇွန်လ ၁၅ရက်နောက်ပိုင်းမှစ၍ မော်လမြိုင် -မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ် – ဘိတ် အမှတ်(၈) လမ်းမကြီး တလျှောက်သွားလာနေသည့် မော်တော်ယာဉ်များ အနေဖြင့် မိမိတပ်ဖွဲ့ဝင်များက စစ်ဆေးရန် ခေါ်ယူရပ်တန့်သည့်အခါ ကြည်ဖြူစွာ ရပ်တန့် စစ်ဆေးခံရန် ဖော်ပြထားသည်။

(KNLA/PDF များက ရေးမြို့နယ်မော့ကနင် နှင့် သံဖြူဇရပ်မြို့နယ် ကြားရှိ နေရာသုံးနေရာတွင်ယာဥ်များကိုစစ်​ဆေး​နေစဥ်။ဓါတ်ပုံ- J.O.C)
(KNLA/PDF များက ရေးမြို့နယ်မော့ကနင် နှင့် သံဖြူဇရပ်မြို့နယ် ကြားရှိ နေရာသုံးနေရာတွင်ယာဥ်များကိုစစ်​ဆေး​နေစဥ်။ဓါတ်ပုံ- J.O.C)

‌ထိုအပြင်ကားများပေါ်တွင် စစ်ကောင်စီနှင့် ပတ်သက်သည့် လူ၊ ရုပ်၀တ္ထု ပစ္စည်းများ တင်ဆောင်ခြင်းမပြုလုပ်ရန်နှင့် စစ်ကောင်စီတပ်ဖွဲ့များနှင့်အတူ ယာဉ်ပေါ်တွင် စီးနင်းခြင်းမပြုရန် သတိ​ပေးထားသည်။

အဆိုပါဒေသကို ပူးပေါင်းတပ်က ထိုးဖောက်ထိန်းချုပ်လှုပ်ရှားနေပြီးဖြစ်၍ ခရီးသွားပြည်သူများ ထိခိုက်နစ်နာမှု ဆုံးရှုံးမှုများ မဖြစ်စေရေး အမိန့် ထုတ်ပြန်ချက်ကို တိကျစွာလိုက်နာပေးရန်လည်း မေတ္တာရပ်ခံထားသည်။

ယခုကဲ့သို့ အမိန့်ထုတ်ပြန်ရခြင်းမှာလည်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များအနေဖြင့် ခရီးသွား ပြည်သူလူထုအား အကာအကွယ်ယူ၍ သွားလာ အသုံးပြုနေခြင်းကြောင့် ယခုကဲ့သို့ အမိန့် ထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း အသိပေးထားသည်။

ဇွန်လ ၁၅ ရက်က ရေးမြို့မှထွက်လာသည့် အရပ်သားကားတစ်စီးပေါ်တွင် လိုက်ပါလာသော စစ်ကောင်စီတပ်သားများကို KNLA တပ်ရင်း ၂၇ က နှင်းစုံနှင့် စံပြကြားရှိ ထီးမေဘောတံတားအနီးတွင်ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေ ဆုံးပြီး သုံး ဦး ဒဏ်ရာရခဲ့သည်။

” ပူးပေါင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အမိန့်ထုတ်ပြန်ချက်အတိုင်း စစ်ဆေးသွားမှာဖြစ်လို့ အများပြည်သူတွေအနေနဲ့ အမိန့်ကြေညာချက်ပါအချက်တွေအတိုင်း တိတိကျကျ လိုက်နာကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” ဟု ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ်(၃)၊ တောင်ပိုင်းတိုင်း၊ J.O.Cကထုတ်ပြန်ထားသည်။