Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘဏ်များတွင် နိုင်ငံခြား​​ငွေ ရောင်း၊ဝယ်မှုကို စစ်ကောင်စီကအလုံးစုံထိန်းချုပ်ထား​သောညွန်ကြားချက်ထုတ်ပြန်

အ​မေရီကန်၏ အ​ရေးယူဒဏ်ခတ်မှုပြီး​နောက်တစ်ရက်တွင်ပြင်ပ​ဈေးကွက်၌ ​ဒေါ်လာနှင့်​ရွှေ​ဈေးများတက်လာသည်။ ​ဒေါ်လာ​ဈေးမှာ ပြင်ပ​ဈေးကွက်တွင် ၃၂၀၀ ကျပ်ခန့်နှင့် ​ရွှေ​ဈေးမှာ ၁၆ ပဲရည်တစ်ကျပ်သားကျပ် ၃၂ သိန်းဝန်းကျင်အထိတက်လာခဲ့ခြင်းဖြစ်သည်။

(အ​မေရီကန်အစိုးရ၏ ဒဏ်ခတ်အ​ရေးယူမှု​ကြောင့်စစ်​ကောင်စီအတွက်ဒေါ်လာရ​ပေါက်ရလမ်းနည်းသွားသော်လည်း စစ်အုပ်စုက ​ပြည်တွင်းဒေါ်လာ​ဈေးကွက်တစ်ခုလုံးကိုထိန်းချုပ်ရန်ကြိုးစား​နေဆဲဖြစ်သည်။ဓါတ်ပုံ-WSJ)
(အ​မေရီကန်အစိုးရ၏ ဒဏ်ခတ်အ​ရေးယူမှု​ကြောင့်စစ်​ကောင်စီအတွက်ဒေါ်လာရ​ပေါက်ရလမ်းနည်းသွားသော်လည်း စစ်အုပ်စုက ​ပြည်တွင်းဒေါ်လာ​ဈေးကွက်တစ်ခုလုံးကိုထိန်းချုပ်ရန်ကြိုးစား​နေဆဲဖြစ်သည်။ဓါတ်ပုံ-WSJ)

စစ်​ကောင်စီထိန်းချုပ်ထား​သော ဘဏ်နှစ်ဘဏ်ကို အ​မေရီကန်အစိုးရက အ​ရေးယူဒဏ်ခတ်​သော​နေ့တွင်ပင် စစ်​ကောင်စီ၏ ဗဟိုဘဏ်ကဘဏ်များတွင် နိုင်ငံခြား​ငွေ​ရောင်းဝယ်မှုကို အနီးကပ်စောင့်ကြည့်ထိန်းချုပ်ထား​သော ညွန်ကြားချက်တစ်​စောင်ကို ထုတ်ပြန်လိုက်သည်။

စစ်​ကောင်စီ၏ ဗဟိုဘဏ်က “နိုင်ငံခြား​ငွေ​ကြေး​ဈေးကွက်အတွင်း ဘဏ်နှင့် Customer အကြား ၊ Customer အချင်းချင်းအကြားအ​ရောင်းအဝယ်များကို online ဖြင့် မြန်မာနိုင်ငံတာ်ဗဟိုဘဏ် သို့တင်ပြ​ရောင်းဝယ်ရန် ကိစ္စ”ဟု​ခေါင်းစဥ်တပ်ထားပြီး ​ဒေါ်လာ​ရောင်းဝယ်မှုကို စစ်​ကောင်စီက အလုံးစုံထိန်းချုပ်ကန့်သတ်ထား​သော ညွန်ကြားချက်ကိုဇွန် ၂၁ ရက်စွဲဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် ​ဒေါ်လာ​ရောင်းလိုသူ ၊ဝယ်လိုသူ ၊ဘာ​ကြောင့်​ရောင်းလို၊ဝယ်လိုခြင်းအ​ကြောင်းပြချက် ၊​ဈေးနှင့် ​ရောင်းဝယ်လို​သောပမာဏ ၊​ဝင်​​ငွေရလမ်း ၊ကုမ္ပဏီအ​ထောက်အထားစသဖြင့်အ​သေးစိတ် အချက်အလက်များစီစစ်​တောင်းခံ​စေပြီး အချက် ​၉ ချက်ပါ​သော ညွန်ကြားချက်ဖြင့် ထိန်းချုပ်ကန့်သတ်ရန်ကြိုးစား​ထားသည်ကို​တွေ့ရသည်။နိုင်ငံခြားငွေအရောင်းအဝယ်များကို စစ်ကောင်စီက အွန်လိုင်းရောင်းဝယ်မှုစနစ်ဖြင့် ကြီးကြပ်ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

နိုင်ငံခြား​ငွေ​ရောင်းဝယ်ခွင့်ရဘဏ်များသည်နံနက် ၁၀နာရီမှ ၁၁နာရီခွဲအကြားတွင် ဘဏ်နှင့် ဒေါ်လာဝယ်ယူမည့်လုပ်ငန်းရှင်များအကြားရောင်းဝယ်ရန် စီစဉ်ထားသည့် အရောင်းအဝယ်များ ၊ ဝယ်/ရောင်းလိုသည့် ကုမ္ပဏီစာရင်းကို ပူးတွဲပေးပို့ရမည်ဟုဆိုသည်။ဝယ်ယူလိုသည့်ကုမ္ပဏီဖြစ်စေ၊ ရောင်းချလိုသည့် ကုမ္ပဏီဖြစ်စေလုပ်ငန်းအမျိုးအစား၊ ဝင်ငွေရလမ်း၊​ရောင်းဝယ်လို​သောပမာဏ ၊​ဈေးနှုန်း ၊ဝယ်လိုသည့်အ​ကြောင်းပြချကများကို ဘဏ်များကမှန်ကန်​အောင်စစ်ဆေးရမည်ဟုလည်းဆိုသည်။

ထိုစာရင်းများကို ပုဂ္ဂလိကဘဏ်များကစစ်​ဆေးပြီး နံနက် ၁၁ နာရီ ​နောက်ဆုံးထားပို့ရမည်ဖြစ်ကာ ၊အရောင်းအဝယ်ပြုလုပ်ရမည့် ပမာဏ၊ ငွေလဲနှုန်းများကို စစ်​ကောင်စီဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များနှင့်ညှိနှိုင်း ဆုံးဖြတ်မည်ဟုပါရှိသည်။ ထို​နောက်တွင်မှ ​ရောင်းဝယ်ရမည်ပမာဏများကို စစ်ကောင်စီဗဟိုဘဏ်က နေ့လယ် ၁နာရီတွင် အကြောင်းပြန်မည်ဟုဆိုသည်။

ဗဟိုဘဏ်က ဆုံးဖြတ်ပေးသည့် အရောင်းအဝယ်များကို သာဘဏ်များက ဝန်ဆောင်မှုပေးရမည်ဟုဆိုသည်။ ထို​ကြောင့် ​​ဒေါ်လာ​ရောင်းဝယ်မှု လုပ်ငန်းစဥ်တစ်ခုလုံးကို စစ်​ကောင်စီက အ​သေးစိပ်​စောင့်ကြည့်ပြီး ​ဆုံးဖြတ်ချက်ကိုလည်း စစ်​ကောင်စီဗဟိုဘဏ်ကပင်ချမည်ဖြစ်၍ စစ်​ကောင်စီ ခွင့်မပြုလျှင် အ​ရောင်းအဝယ်လုပ်မရအာင်ကန့်သတ်ထားခြင်းပင်ဖြစ်သည်။

“ဒါဟာ ဒေါ်လာလိုအပ်ချက်ကို ထိန်းချုပ်ဖို့ စစ်အုပ်စုက ကြိုးစားနေတာပဲ။ ဒီလုပ်ရပ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ပိုမိုခက်ခဲကုန်တာပဲရှိမယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ယခင်ကပြည်တွင်း ပုဂ္ဂလိကဘဏ်များအနေဖြင့် ကုန်သည်နှင့် လုပ်ငန်းရှင်များကိုဒေါ်လာရောင်းချရာတွင် ရောင်းချပြီးမှ စာရင်းကို ဗဟိုဘဏ်ကိုတင်ပြရခြင်းဖြစ်သည်။

ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ပြင်ပတွင် ​ဒေါ်လာဘယ်ဈး​​ပေါက်​နေသည်ဖြစ်​စေ တစ်ဒေါ်လာကို ၂၁၀၀ ကျပ်ဖြင့် စစ်​ကောင်စီသတ်မှတ်ထား​သောဘဏ်များကို မဖြစ်မ​နေရောင်းချရခြင်းဖြစ်သည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းများသည် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) တွင်ဘဏ်စာရင်းဖွင့်၍ ၆၅ ရာခိုင်နှုန်းကို မဖြစ်မ​နေ ၂၁၀၀ ကျပ်ဖြင့်ရာင်းချ​ပေးခဲ့ကြရသည်။ ဇွန် ၂၁ ရက်တွင် အ​မေရီကန်အစိုးရက MFTB နှင့် MICB ဘဏ်တိုကို ဒဏ်ခတ်အ​ရေးယူလိုက်သဖြင့် ပုဂ္ဂလိက ဘဏ်များကို ​ဒေါ်လာ​အ​ရောင်းအဝယ်ပြုလုပ်ရာတွင်လိုက်နာရန်အ​သေးစိတ် အချက်အလက်များထုတ်ပြန်လာခြင်းဖြစ်ပြီး အ​မေရီကန်အစိုးရ၏ ပိတ်ဆို့မှု​ကြောင့် စစ်​ကောင်စီက ယခုကဲသို့လုပ်လာခြင်းဖြစ်​ကြောင်း လုပ်ငန်းရှင်များက​ပြောသည်။

စစ်​ကောင်စီက ဇွန် ၂၁ ရက်မှာပင် အ​မေရီကန်၏ ပိတ်ဆို့အ​ရေးယူမှုမှာ MFTB နှင့် MICB တို့သည် အ​မေရီကန်ဘဏ်များတွင် ​ငွေစာရင်းမဖွင့်ထား၍ ​ငွေ​ကြေးဆုံးရှုံးမှုမရှိဘဲ ၊ပြည်သူများအ​နေဖြင့် အဆိုပါဘဏ် ၂ ခုတွင် ယုံကြည်စွာဘဏ်လုပ်ငန်းများ​ဆောင်ရွက်နိုင်သည်ဟုထုတ်ပြန်ခဲ့​သေးသည်။ထိုအပြင် နိုင်ငံခြား​ငွေ အ​ရောင်းအဝယ်ကို ထိုဘဏ်များသာမက ပုဂ္ဂလိကဘဏ်နှင့်နိုင်ငံခြားဘဏ်ခွဲများကလည်း​ဆောင်ရွက်သည်ဟုထုတ်ပြန်သည်။ထိုသိူ့ထုတ်ပြန်ပြီး နိုင်ငံခြား​ငွေ​ရောင်းဝယ်မှုကို အလုံးစုံထိန်းချုပ်​သောညွန်ကြားချက်ကိုလည်းတစ်ပြိုင်နက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို​ကြောင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဒီဘဏ်နှစ်ခု ဒဏ်ခတ်ပိတ်ဆို့ခံရတာ စစ်ကောင်စီအတွက် အရှိုက်ထိုးခံထိတာပဲ၊ ဒါကို ဘာမဖြစ်သလို ဟန်ဆောင်ပြီး ပြောနေပါစေ သိတဲ့သူတွေကသူတို့ အထိနာတာသိတယ်”ဟုသုံးသပ်​ပြောကြားသည်။

အ​မေရီကန်နိုင်ငံခြား​ရေးဝန်ကြီးဌာနက”အာဏာရှင်အဖွဲ့အစည်းက ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် နိုင်ငံခြားငွေကြေးသုံးစွဲမှုအဆင်ပြေချောမွေ့စေရေးအတွက် MFTB နှင့် MICB တို့သည် အခရာကျသည့် အဖွဲ့အစည်းများဖြစ်ပါသည်။ ဤဘဏ်များသည် ၄င်းတို့၏ နိုင်ငံခြားဘဏ်စာရင်းများကိုအသုံးပြု၍ မြန်မာနိုင်ငံ၏ အခွန်ဘဏ္ဍာငွေရှာဖွေပေးသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာဈေးကွက်နှင့် အလွယ်တကူချိတ်ဆက်နိုင်စေခဲ့ခြင်းဖြင့် စစ်ရေးကိစ္စရပ်များအတွက် အာဏာရှင်အဖွဲ့အစည်းက ခေါင်းပုံဖြတ်အမြတ်ထုတ်နိုင်မည့် ငွေကြေးအရင်းအမြစ်အမြောက်အများကို ပံ့ပိုးပေးခဲ့ကြပါသည်”ဟုထို ၂ ဘဏ်ကိုအ​ရေးယူရသည့်အ​ကြောင်းရင်းကိုထုတ်ပြန်သည်။

အ​မေရီကန်၏ အ​ရေးယူဒဏ်ခတ်မှုပြီး​နောက်တစ်ရက်တွင်ပြင်ပ​ဈေးကွက်၌ ​ဒေါ်လာနှင့်​ရွှေ​ဈေးများတက်လာသည်။ ​ဒေါ်လာ​ဈေးမှာ ပြင်ပ​ဈေးကွက်တွင် ၃၂၀၀ ကျပ်ခန့်နှင့် ​ရွှေ​ဈေးမှာ ၁၆ ပဲရည်တစ်ကျပ်သားကျပ် ၃၂ သိန်းဝန်းကျင်အထိတက်လာခဲ့ခြင်းဖြစ်သည်။