Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စီးပွားရေးပညာရှင် ရှောင်တာနဲလ်ကို NUG ကြားကာလဗဟိုဘဏ်အထူးအကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်

ယခုနှစ် ​မေလက ဗြိတိန်ဘုရင်နှင့် ​ရှောင်တာနယ်လ်တို့ဇနီး​မောင်နှံ​တွေ့ဆုံစဥ်ကလည်း မြန်မာနိုင်ငံအ​ခြေအ​နေများကို​ပြောကြားခဲ့​ကြောင်း ​ရှောင်က​​ရေးသားထားသည်။

(ဗြိတိန်ဘုရင်နှင့် အတူ ​၂၀၂၃ မေလက​တွေ့ရ​သော​ရှောင်တာနယ်လ်တို့ဇနီး​မောင်နှံ။ဓါတ်ပုံ- ​ရှောင်တာနဲလ်FB)
(ဗြိတိန်ဘုရင်နှင့် အတူ ​၂၀၂၃ မေလက​တွေ့ရ​သော​ရှောင်တာနယ်လ်တို့ဇနီး​မောင်နှံ။ဓါတ်ပုံ- ​ရှောင်တာနဲလ်FB)

အမျိုးသားညီညွတ်ရေးအစိုးရသည် ကြားကာလဗဟိုဘဏ်၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနဲလ်ကို ခန့်အပ်တာ၀န်ပေးလိုက်ကြောင်း ယနေ့ ထုတ်ပြန်သည်။

NUG ၏ ကြားကာလဗဟိုဘဏ်ကို ဇွန်လ ၁ ရက်တွင် စတင်ဖွဲ့စည်းလိုက်ပြီးနောက် နှစ်ပတ်နီးပါးအကြာတွင် NLD အစိုးရလက်ထက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူ မစ္စတာရှောင်တာနဲလ်ကို ကြားကာလဗဟိုဘဏ်၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ကြောင်း ကြားကာလဗဟိုဘဏ် ဥက္ကဋ္ဌ ဦးတင်ထွန်းနိုင်က ထုတ်ပြန်သည်။

ပြည်သူပိုင်နိုင်ငံခြားအရန်ငွေများကို စစ်ကောင်စီအသုံးပြုနေခြင်းကို တားဆီးရန် ကြားကာလဗဟိုဘဏ်ဖွဲ့စည်းပြီး ၎င်းတာဝန်ကို စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနအား အာဏာအပ်နှင်းထားပြီး ကြားကာလဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် အဆိုပါဝန်ကြီးဌာန ဝန်ကြီးက ပူးတွဲဆောင်ရွက်ရမည် NUG ယာယီသမ္မတကဇွန်၁ ရက်က ထုတ်ပြန်သည်။

သြစတြေးလျနိုင်ငံသား ရှောင်တာနဲလ်သည် NLD အရပ်သားအစိုးရလက်ထက် စီးပွားရေးနှင့် ဘဏ်လုပ်ငန်းပြုပြင်ပြောင်းလဲရေးအတွက် အားထုတ်ကြိုးပမ်းခဲ့သူအဖြစ် ပြည်တွင်းနှင့် နိုင်ငံတကာက ရှုမြင်ထားသည်။ ရှောင်တာနဲလ်လုပ်ဆောင်ခဲ့သည့် ဘဏ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများက စစ်တပ်လက်အောက်ခံအဖွဲ့အစည်းများကို ထိခိုက်နိုင်မှုများ၊ စစ်တပ်၏ တရားမဝင်ငွေကြေးလည်ပတ်မှုများကို ထိခိုက်နိုင်မှုများရှိသည်ဟု ရှောင်တာနဲလ်ကိုယ်တိုင် ပြောဆိုထားသည်။

ထို့အတွက် အာဏာသိမ်းစစ်တပ်သည် ၂၀၂၁ ဖေဖော်ဝါရီလ အစောပိုင်းတွင်ပင် မစ္စတာရှောင်တာနဲလ်ကို ရန်ကုန်မြို့၌ ဖမ်းဆီးခဲ့ပြီး ရက်ပေါင်း ၆၅၀ ချုပ်နှောင်ထားခဲ့ကာ ၂၀၂၂ နိုဝင်ဘာ တတိယအပတ်တွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွှတ်ခဲ့သည်။

ဩစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနဲလ်သည် ကမ္ဘာသိစီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီက ၎င်းအား နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနှင့် လူဝင်မှုဥပဒေများကို ချိုးဖောက်သည့်ဟု စွပ်စွဲပြီး ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့သည်။ နှစ်နှစ်နီးပါး ​ထောင်ချခံရပြီးနောက် ၂၀၂၂ နိုဝင်ဘာ ၁၇ ရက်တွင် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်မြောက်ပေးခဲ့သည်။ ရှောင်တာနယ်က​ပြန်လည်လွတ်​မြောက်လာပြီး​နောက် စစ်ကောင်စီ၏ မတရားညှင်းပမ်းနှိပ်စက်မှုများနှင့်စစ်အုပ်စု၏အကြမ်းဖက်အာဏာသိမ်းမှုများကို ကမ္ဘာကပိုမိုသိရှိရန် နိုင်ငံတကာမီဒီယာများသို့ ပြောကြားခဲ့ခြင်းကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ကို စစ်ကောင်စီက ပြန်လည်ရုတ်သိမ်းခဲ့သည်။

ယခုနှစ် ​မေလက ဗြိတိန်ဘုရင်နှင့် ​ရှောင်တာနယ်လ်တို့ဇနီး​မောင်နှံ​တွေ့ဆုံစဥ်ကလည်း မြန်မာနိုင်ငံအ​ခြေအ​နေများကို​ပြောကြားခဲ့​ကြောင်း ​ရှောင်က​​ရေးသားထားသည်။