Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

Wagnerခေါင်းဆောင် ဘီလားရုစ်ကို ရောက်နေကြောင်း နိုင်ငံခေါင်းဆောင် အတည်ပြု

ရုရှားစစ်တပ်ဟာ အခုအခါမှာ Wagnerတွေ ပိုင်ဆိုင်တဲ့ လက်နက်ကြီးနဲ့ အကြီးစား စစ်ယန္တရားတွေကို လွှဲပြောင်းယူဖို့ စီစဉ်နေပြီး Wagner တပ်ဖွဲ့ဝင်တွေကိုလည်း ရုရှား၊ ဒါမှမဟုတ် ဘီလားရုစ် အမြဲတမ်း စစ်တပ်တွေဆီ ပြောင်းရွှေ့ အမှုထမ်းနိုင်ဖို့ လမ်းဖွင့်ပေးထားပါတယ်။

Wagnerခေါင်းဆောင် ဘီလားရုစ်ကို ရောက်နေကြောင်း နိုင်ငံခေါင်းဆောင် အတည်ပြု
Wagnerခေါင်းဆောင် ဘီလားရုစ်ကို ရောက်နေကြောင်း နိုင်ငံခေါင်းဆောင် အတည်ပြု

ရုရှားမှာ ၂၄ နာရီကြာ ပုန်ကန်မှုကို ဦးဆောင်ခဲ့သူ Wagner ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်ဟာ သူ့နိုင်ငံထဲကို ရောက်ရှိ ခိုလှုံနေပြီလို့ ဘီလားရုစ် သမ္မတက အတည်ပြုခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အရင်းနှီးဆုံး မဟာမိတ် တစ်ဦးလည်းဖြစ်တဲ့ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ Wagner ခေါင်းဆောင် ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်နဲ့ ရုရှား အာဏာပိုင်တွေကြား ညှိနှိုင်းမှုတွေမှာ အဓိက ကြားဝင် ဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မော်စကိုမြို့တော် တောင်ဖက် ကီလိုမီတာ ၂၀၀ လောက် အကွာထိ Wagner တပ်တွေကို ချီတက်စေခဲ့ပြီးမှ ပုန်ကန်မှုကို ရပ်တန့်ခဲ့တဲ့ ပရစ်ဂေါ့ဇင်က သူဟာ ဘီလားရုစ်ကို သွားရောက်မယ်လို့ ကြေညာခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သူဘယ်ရောက်နေခဲ့သလဲ ဆိုတာကို တိတိကျကျ မသိရပါဘူး။

ဇွန်လ ၂၇ ရက် ညပိုင်းမှာတော့ လူကာရှန်ကိုက ပရစ်ဂေါ့ဇင် ဘီလားရုစ်မှာ ရှိနေတယ် ဆိုတာကို အတည်ပြုချက် ပေးသွားခဲ့ပါတယ်။ အဲဒီနေ့က ပရစ်ဂေါ့ဇင် စီးနင်းလေ့ရှိတဲ့ ကိုယ်ပိုင်လေယာဉ်ဟာ ဘီလားရုစ်နိုင်ငံရဲ့ မြို့တော် မင့်စ်ခ်ဆီ ဦးတည် ပျံသန်းသွားတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် လူကာရှန်ကိုက ပရစ်ဂေါ့ဇင်ကို ချမ်းသာပေးဖို့ သူကပဲ ပူတင်ကို ဖြောင့်ဖြ စည်းရုံးခဲ့ကြောင်းလည်း ပြောကြားထားပါတယ်။

လူကာရှန်ကိုက ရုရှားအခြေစိုက် Wagner တပ်ဖွဲ့ဝင်တွေ အနေနဲ့ သူတို့ခေါင်းဆောင်ဆီ လာရောက် ပူးပေါင်းချင်တယ် ဆိုရင်လည်း အခြေချနိုင်ဖို့အတွက် ဘီလားရုစ်ရဲ့ စစ်စခန်းဟောင်း တစ်ခုကို စီစဉ်ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

နှစ်ဖက်ညှိနှိုင်းမှုတွေအရ ပရစ်ဂေါ့ဇင်ရဲ့ လုံခြုံရေးအတွက် ရုရှားနဲ့ ဘီလားရုစ် အစိုးရတွေက အာမခံ ကတိပြုရပြီး သူ့အပေါ် ရုရှားက ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက်တင်ထားတာတွေကိုလည်း ပယ်ဖျက်ပေးခဲ့ပါတယ်။

ရုရှားစစ်တပ်ဟာ အခုအခါမှာ Wagnerတွေ ပိုင်ဆိုင်တဲ့ လက်နက်ကြီးနဲ့ အကြီးစား စစ်ယန္တရားတွေကို လွှဲပြောင်းယူဖို့ စီစဉ်နေပြီး Wagner တပ်ဖွဲ့ဝင်တွေကိုလည်း ရုရှား၊ ဒါမှမဟုတ် ဘီလားရုစ် အမြဲတမ်း စစ်တပ်တွေဆီ ပြောင်းရွှေ့ အမှုထမ်းနိုင်ဖို့ လမ်းဖွင့်ပေးထားပါတယ်။

NATO စစ်မဟာမိတ် အဖွဲ့ဝင်တွေဖြစ်ပြီး ဘီလားရုစ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပိုလန်၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့က အိမ်နီးချင်း နိုင်ငံဆီ Wagner အကြီးအကဲ ရောက်လာတာက လုံခြုံရေး ရှုထောင့်အရဆိုရင် သူတို့အတွက် အန္တရာယ် ပိုကြီးလာနိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

ဘီလားရုစ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း NATOအတွက် ပိုပြီး ခြိမ်းခြောက်မှု ကြီးမားတဲ့ အာရုံစိုက်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ရုရှားဟာ တာတိုပစ် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တချို့ကိုလည်း ဘီလားရုစ်နိုင်ငံ အနောက်ပိုင်းက ယူကရိန်း၊ NATO အဖွဲ့တွေနဲ့ နယ်နိမိတ် ထိစပ်ရာ ဒေသတွေမှာ ဖြန့်ကျက်ထားပြီး ဖြစ်ပါတယ်။