Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့(ဇူလိုင် ၁၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎နိုင်ငံရေးနည်းအရအဖြေရှာခြင်းက အကောင်းဆုံးဖြစ်ပေမယ့် စစ်အုပ်စုအာဏာသိမ်းခဲ့လို့ လမ်းစပျောက်ခဲ့ရဟု KNU ဥက္ကဋ္ဌပြော

လက်နက်ကိုင်ပဋိပက္ခဖြစ်ပေါ်စေခဲ့တဲ့အဓိကနိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ အဖြေရှာကြခြင်းဟာ အကောင်းဆုံး နည်းလမ်းဖြစ်ပေမယ့် စစ်အုပ်စုအာဏာသိမ်းလိုက်လို့ လမ်းစပျောက်ခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကပြောပါတယ်။ ဒီနေ့ကျရောက်တဲ့ (၇၆)နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့မှာ ပြောကြားခဲ့ပြီး စစ်အုပ်စုဟာ လူမျိုးစုများနဲ့ ပြည်သူလူထုကြီးတစ်ရပ်လုံးက လိုလားတောင်းတနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့ စိတ်ဆန္ဒကင်းမဲ့နေတယ်လို့ KNU ဥက္ကဋ္ဌက ဆိုပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို အခြေခံတဲ့ ကရင်အမျိုးသားများရဲ့ လိုလားချက်များဖြစ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်များ မရရှိသေးဘူးလို့ ဆက်ပြောပါတယ်။

နိုင်ငံရေးနည်းအရအဖြေရှာခြင်းက အကောင်းဆုံးဖြစ်သော်လည်း စစ်အုပ်စုအာဏာသိမ်းခဲ့၍ လမ်းစပျောက်ခဲ့ရဟု KNU ဥက္ကဋ္ဌပြော
နိုင်ငံရေးနည်းအရအဖြေရှာခြင်းက အကောင်းဆုံးဖြစ်သော်လည်း စစ်အုပ်စုအာဏာသိမ်းခဲ့၍ လမ်းစပျောက်ခဲ့ရဟု KNU ဥက္ကဋ္ဌပြော

▪︎KNUနယ်မြေအတွင်း ဇွန်လတိုက်ပွဲများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သေဆုံးဟု KNLA အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ကာကွယ်ရေးဌာနအောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နဲ့ စစ်ကောင်စီတပ်တို့ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၃၄၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNLA ဌာနချုပ်က မနေ့က ထုတ်ပြန်ပါတယ်။ ဇွန်လ တစ်လအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၄၃ ဦး သေဆုံးပြီး ၂၃၇ ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ KNU လက်အောက်ခံ တပ်ဖွဲ့ဝင် ခုနစ်ဦး ကျဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပြီး ထိခိုက် ကျဆုံးမှုမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာ)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ကော်ဘရာ)

▪︎တိုက်ပွဲများ ပြင်းထန်လာလို့ ထုံခါ-မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကို ပကဖ ယာယီပိတ်

တနင်္သာရီတိုင်းရှိ မောတောင်နယ်စပ်ကုန်သွယ်စခန်းကိုသွားတဲ့ ထုံခါ-မောတောင်လမ်းကို ဒီနေ့ ယာယီပိတ်လိုက်တယ်လို့ တနင်္သာရီမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကထုတ်ပြန်လိုက်ပါတယ်။ မနေ့က စလို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံကာကွယ်ရေးတပ်များနဲ့ တိုက်ပွဲဖြစ်ပွါးလာနေပြီး ခရီးသွားပြည်သူများထိခိုက်မှုမရှိစေဖို့ ထုတ်ပြန်ရတာလို့ အသိပေးပါတယ်။ လက်ရှိမှာ တိုက်ပွဲများဆက်လက်ဖြစ်ပွါးနေပြီး ပိုမိုပြင်းထန်လာမယ်လို့ဒေသခံကာကွယ်ရေးအဖွဲ့များက​ပြောပါတယ်။

(တနင်္သာရီတိုင်းသို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်ဖွဲ့ဝငွများကို ဇူလိုင်လဆန်းက​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များမှ)
(တနင်္သာရီတိုင်းသို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်ဖွဲ့ဝငွများကို ဇူလိုင်လဆန်းက​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များမှ)

▪︎ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်ပေါ်ပါလာတဲ့ ပျူများရဲ့ ရိက္ခာများကို DBTFအဖွဲ့ သိမ်းဆည်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ချင်းတွင်းမြစ်အတွင်း နယ်မြေရှင်းလင်းနေစဥ် အမြန်ရေယာဉ်တစ်စီးပေါ်ပါလာတဲ့ ပျူစောထီးများရဲ့ ရိက္ခာများကိုသိမ်းဆည်းရရှိခဲ့တယ်လို့ Dragon Brothers Task Force(D.B.T.F)အဖွဲ့က ပြောပါတယ်။ မနေ့ က မုံရွာမြို့မှ နမ့်တောသို့ ထွက်ခွါလာတဲ့ ကုန်တင်အမြန်ရေယာဉ်တစ်စင်းပေါ် စစ်ကောင်စီလက်အောက်ခံ ပန်းဆက်ရွာမှ ပျူစောထီးများထံပို့မယ့် ရိက္ခာနဲ့ ကုန်ပစ္စည်းများ တင်ဆောင်လာကြောင်း သတင်းရလို့ ထိန်းသိမ်းခဲ့တာလို့ဆိုပါတယ်။ သိမ်းဆည်းခဲ့တဲ့ ရိက္ခာများကို စစ်ရှောင်ပြည်သူများအား ပြန်လည်လှူဒါန်းပေးသွားမယ်လို့ D.B.T.F အဖွဲ့က ပြောပါတယ်။

(သိမ်းဆည်းခဲ့သော ပျူစောထီးများ၏ ကုန်ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-DBTF)
(သိမ်းဆည်းခဲ့သော ပျူစောထီးများ၏ ကုန်ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-DBTF)

▪︎တန့်ဆည်တိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေ၊ ၁၇ဦးထက်မနည်း ဒဏ်ရာရဟု​ဆို

စစ်ကိုင်းတိုင်း၊ တန့်ဆည်မှာ မနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ Myanmar Defense Force -Taze -Tigerမှ တာဝန်ခံတစ်ဦးက ပြောပါတယ်။ အဲဒီစစ်ကောင်စီတပ်ဟာ ဒီနေ့မှာ ကဒူးမရွာထဲ၌ တပ်စွဲနေတယ်လို့ ဆိုပါတယ်။ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာခဲ့လို့ မုံရွာ(နမခ)စစ်ဌာနချုပ်ကနေ တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi-35 နဲ့ ပစ်ကူလာရောက်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီတာ၀န်ရှိသူက ပြောပါတယ်။

(Myanmar Defense Force -Taze -Tigerမှ တပ်ဖွဲ့ဝင်များ)
(Myanmar Defense Force -Taze -Tigerမှ တပ်ဖွဲ့ဝင်များ)

▪︎ခင်ဦးနယ်မှာ စစ်ကောင်စီတပ်ရန်ကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်၊ စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်လို့ စစ်ရှောင်တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ နေ့ခင်းက ရွှေဘိုမြို့နယ်၊ ခွန်တောင်ကြီး ပျူစောထီးရွာနဲ့ ညောင်ပင်သာ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာခဲ့တာလို့ သိရပါတယ်။ ညနေပိုင်းမှာ စစ်ကောင်စီတပ်ဟာ ခင်ဦးနယ် အနောက်တောင်ခြမ်း၊ ရေဦး – ညောင်ပင်သာ – ရွှေဘို ကားလမ်းဘေးရှိ တဲဘိုပင်ကျေးရွာသို့ လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် တဲဘိုပင်ကျေးရွာ၊ ကြာပင်အိုင်၊ တပင်ကောင်း(တောင်)ရွာနဲ့ ရွှေဘိုနယ် သရက်ပင်ဝန်းကျေးရွာများမှ ဒေသခံ ၃,၀၀၀ကျော်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ဈေးတန်းသို့ ရောက်နေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက အင်းပတ်ကျေးရွာအတွင်းသို့ (၆၀)မမ နှစ်လုံး ပစ်ခတ်ခဲ့ရာ အသက်(၅၀)အရွယ် ဦးသန်းစိုးဆိုသူ လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘေးလွတ်ရာထွက်ပြေးနေရသော ပြည်သူအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘေးလွတ်ရာထွက်ပြေးနေရသော ပြည်သူအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

▪︎ဝက်လက်နယ်မှာ စစ်ဘေးရှောင်ပြည်သူများ ဖျားနာမှု ဖြစ်ပွားနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးနေရတဲ့ ပြည်သူများ ဖျားနာမှုများ ဖြစ်ပွားနေကာ အကူအညီများလိုအပ်နေတယ်လို့ ဒေသခံများက ပြောပါတယ်။ ဝက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က သုံးဆင့်ကန်ကျေးရွာ မီးရှို့ဖျက်ဆီးခံရလို့ ထွက်ပြေးလာရတဲ့ ပြည်သူများမှာ တုပ်ကွေးမိကာ ဖျားနာကိုက်ခဲခြင်းများ ဖြစ်ပွားနေတယ်လို့ ဒေသတွင်း စစ်ရှောင်ကူညီနေသူများက ပြောပါတယ်။ အဲဒီပြည်သူများအနက် ၅၂ ဦးကို ဒီနေ့ မနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

(စစ်ရှောင်ပြည်သူများအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ- ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)
(စစ်ရှောင်ပြည်သူများအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ- ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)