Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီမြို့အနီးလက်ခတ်တောင်၏ အမြင့်ဆုံးတောင်ကုန်းအပါအဝင် တောင်ကြောတစ်ခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်

စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးနှစ်ဦးအပါအဝင် သေဆုံးထိခိုက်မှု များပြားခဲ့ပြီး အရာရှိများသေဆုံးပြီးနောက်တွင် စခန်းစွန့်ခွာ ထွက်ပြေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင်း အဆိုပါ သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ခတ်​တောင်နှင့် မြဝတီမြို့တို့ကို Google Map တွင်​တွေ့ရမှု
လက်ခတ်​တောင်နှင့် မြဝတီမြို့တို့ကို Google Map တွင်​တွေ့ရမှု

မြဝတီမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် လက်ခတ်တောင်၏ အမြင့်ဆုံးတောင်ကုန်းအပါအဝင် တောင်ကြောတစ်ခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ပြောသည်။

လတ်ခတ်တောင်၏ တောင်ကုန်းများတွင် နေရာယူထားသော စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် သီတင်းပတ်ကတည်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တုန့်ပြန်ခဲ့သော်လည်း ၎င်းတို့၏ အရာရှိအချို့ သေဆုံးခဲ့ပြီးနောက် လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြသည်ဟု သတင်းရင်းမြစ်က ပြောသည်။ ထို့အတွက် ယမန်နေ့(ဇူလိုင် ၂၀ ရက်)ညတွင် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက လက်ခတ်တောင်၏ အမြင့်ဆုံးတောင်ကုန်းအပါအဝင် တောင်ကြောတစ်ခုလုံးကို သိမ်းပိုက်နေရာယူထားကြောင်း ရှင်းပြသည်။

လက်ခတ်​တောင်နှင့် မြဝတီမြို့တို့ကို Google Map တွင်​တွေ့ရမှု
လက်ခတ်​တောင်နှင့် မြဝတီမြို့တို့ကို Google Map တွင်​တွေ့ရမှု

“တကြောလုံးလို့ ပြောလို့ရတာပေါ့။ ကျွန်တော်တို့ဘက်က ထိခိုက်တဲ့ ဒဏ်ရာ အနည်းအကျဥ်း လူနည်းနည်းပဲရှိတယ်။ လောလောဆယ် ထိခိုက်ထားတာ နှစ်ယောက်ရှိတာပေါ့” ဟု မြေပြင်ရှိ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးနှစ်ဦးအပါအဝင် သေဆုံးထိခိုက်မှု များပြားခဲ့ပြီး အရာရှိများသေဆုံးပြီးနောက်တွင် စခန်းစွန့်ခွာ ထွက်ပြေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင်း အဆိုပါ သတင်းရင်းမြစ်က ရှင်းပြသည်။

“ဒီနေ့မှာ မရှိတော့ဘူး။ သူတို့(စစ်ကောင်စီတပ်) ခံမနိုင်တော့ဘူးလေ။ သူတို့ခေါင်းဆောင် သေသွားတဲ့အခါကျတော့ သူတို့ကို ဦးဆောင်မယ့်ကောင်မှ မရှိတော့ပဲ။ ပြန်ဆင်းရတာပေါ့။ သေတဲ့ကောင်လည်း သူတို့ဆွဲနိုင်သလောက် လိုက်ဆွဲပေါ့။ ဆွဲကြမှာပေါ့” ဟု ၎င်းက ဆိုသည်။ ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော် သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို ပြန်ဆွဲယူသွားကြောင်း သိရသည်ဟု ဆိုသည်။

မြေပြင်ရှိ အခြားသတင်းရင်းမြစ်တစ်ဦး ပေးပို့သော သတင်းဓာတ်ပုံအရလည်း လက်ခတ်တောင်ရှိ တောင်ကုန်းများသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ထံမှ လက်နက်နှင့် ခဲယမ်းမျိုးစုံ အများအပြားများကို သိမ်းဆည်းရရှိခဲ့ကြောင်း တွေ့ရသည်။

စစ်ကောင်စီတပ်သည် လက်ခတ်တောင်၏ အမြင့်ဆုံးတောင်ကုန်း သိမ်းပိုက်ခြင်းမခံရမီ လက်နက်ကြီးများဖြင့် ပစ်ခတ်တုန့်ပြန်ခဲ့သော်လည်း သိမ်းပိုက်ခံရပြီးချိန် ယမန်နေ့ ညမှ ယနေ့(ဇူလိုင် ၂၁ရက်) မွန်းလွဲပိုင်းအထိ တုန့်ပြန်မှု တစုံတရာမရှိသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြ၀တီမြို့နှင့် အနီးတဝိုက်တွင် ကော်ဘရာ စစ်ကြောင်းပါဝင်သည့် KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဇွန်လဆန်းကတည်းက တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိများအပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်း၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်များအရ သိရသည်။

စစ်​ကောင်စီတပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ
စစ်​ကောင်စီတပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ

မြ၀တီတိုက်ပွဲများအပါအဝင် ဇွန်လအတွင်း၌ KNU တပ်မဟာ(၆)နယ်မြေ၌ တိုက်ပွဲကြီးငယ် ၃၀နီးပါး ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးတစ်ဦး၊ ဒုဗိုလ်မှူးကြီး ၁ဦး အပါအဝင် အရာရှိ စစ်သည် ၄၆ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။

ထို့အပြင်KNU တပ်မဟာ(၁)ကလည်း ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် သို့ စစ်ကောင်စီတပ် စစ်ကူများ ဟန့်တားနိုင်ရေးအတွက် ထောက်ပို့လမ်းကြောင်းများ ဖြတ်တောက်မှု ပြုလုပ်ခဲ့သည်။ ဇွန်လ ၂၇ ရက်ညတွင် မွန်နှင့်ကရင်သို့ သွားရာ၌ အရေးပါသည့် ရန်ကုန် -မော်လမြိုင်လမ်းမ ဘီးလင်းမြို့နယ် ကျုံအိတ်တံတားကို KNUနှင့် ပူးပေါင်းတပ်က မိုင်းခွဲဖြိုချခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် မွန်ပြည်နယ် မော်လမြိုင်ဘက်နှင့် ကရင်ပြည်နယ် ဘားအံဘက်တကြောသို့ စစ်ကောင်စီ၏ စစ်ကူများ၊ လက်နက်ခဲယမ်းများ ၊ရိက္ခာများအလွယ်တကူ သွားရောက်ပို့ဆောင်နိုင်မှု မလုပ်နိုင်အောင် ဖြတ်တောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း နယ်မြေခံ KNLA တာဝန်ရှိသူက ​ပြောသည်။

“စစ်ရေးအရ သူတို့ရဲ့ ထောက်ပို့နေရာတွေအားလုံးကို ကျနော်တို့က ဖြတ်တောက်မယ့်သဘောပါ။ စစ်ကူအင်အား အမြန်ဆုံးမရောက်နိုင်အောင်ပေါ့။ နောက်ပြီးတော့ လက်နက်ခဲယမ်းမီးကျောက်တွေ ပို့ဖို့ ရိက္ခာတွေ တင်ပို့ဖို့ အဲဒါတွေ အမြန်ဆုံးမရောက်အောင် နှောင့်နှေးအောင် ကြန့်ကြာအောင် ကျနော်တို့က လုပ်တာပဲ”ဟု KNLAမှတာဝန်ရှိသူတစ်ဦးကPeople’s Spring သို့​ပြောခဲ့သည်။