Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော် – မိုးဗြဲနှင့် လွိုင်ကော် – ဆီဆိုင်လမ်းပိုင်း အသုံးပြုနိုင်ပြီဟု KNDF အသိပေး

စစ်ကောင်စီ၏ လက်နက်၊ခဲယမ်း နှင့် လူအင်အား အဓိကထောက်ပို့ရာ အထက်ပါလမ်းမကြီးများကို ဇူလိုင် ၁၈ရက်ကစ၍ KNDF တပ်ရင်း (၂)က အသုံးပြုခွင့် တားမြစ်ခဲ့ခြင်းဖြစ်သည်။

(လွိုင်ကော် - မိုးဗြဲ ဒေသကြား၌ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် KNDFတပ်ဖွဲ့ဝင်များအား ယခင်က တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(လွိုင်ကော် - မိုးဗြဲ ဒေသကြား၌ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် KNDFတပ်ဖွဲ့ဝင်များအား ယခင်က တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

တစ်ပတ်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လွိုင်ကော် – မိုးဗြဲနှင့် လွိုင်ကော် – ဆီဆိုင်လမ်းပိုင်းများအား ပြည်သူများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏ လက်နက်၊ခဲယမ်း နှင့် လူအင်အား အဓိကထောက်ပို့ရာ အထက်ပါလမ်းမကြီးများကို ဇူလိုင် ၁၈ရက်ကစ၍ KNDF တပ်ရင်း (၂)က အသုံးပြုခွင့် တားမြစ်ခဲ့ခြင်းဖြစ်သည်။

“လမ်းပိုင်းဆိုင်ရာ တားမြစ်ချက်တွေက ၁၈ ရက်နေ့ကနေစပြီး ၂၈ ရက်နေ့အထိဆိုတော့ သတ်မှတ်ရက်က ပြည့်သွားပြီဆိုတော့ ပြန်သွားလို့ရပြီဆိုတာ ပြည်သူလူထုကို အသိပေးပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

KNDF ၏ သတိပေးချက်ကြောင့် စစ်ကောင်စီမှာ အရပ်သားကားများကို အသုံးပြုနိုင်မှုမရှိတော့ဘဲ စစ်ကားများဖြင့် ရှမ်းပြည်အခြေစိုက်တပ်များကို ကရင်နီသို့ အင်အားဖြည့်တင်နိုင်ခဲ့ကြောင်း ၎င်းက အသိပေးသည်။

“အခု သတ်မှတ်ရက်အတွင်း မိုးဗြဲ – လွိုင်ကော်လမ်းပိုင်းမှာ အဓိကအများဆုံး တိုက်ပွဲဖြစ်ခဲ့တာပေါ့။စစ်ကောင်စီဘက်က ကားတစ်စီးပျက်သွားတယ်။ထိခိုက်သေဆုံးမှုရှိတယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။

လွိုင်ကော် – မိုးဗြဲနှင့် လွိုင်ကော် – ဆီဆိုင်လမ်းမကြီးကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သော်လည်း လုံခြုံရေး သတိဖြင့်သွားလာရန်လည်း ပြည်သူလူထုကို KNDFက တိုက်တွန်းသည်။

မိုးဗြဲ – လွိုင်ကော်နှင့် မိုးဗြဲ – ဆီဆိုင်လမ်းမကြီးကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရန် စစ်ကောင်စီဘက်က ဇွန်လဒုတိယပတ်ကစ၍ စစ်ကြောင်းထိုးလှုပ်ရှားခဲ့သည်။

ထို့အတူ ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မှတစ်ဆင့် ကရင်နီပြည်သို့ စစ်ကားအစီးရေ ၇၀ ကျော်အထိ ဝင်ရောက်လာပြီး တပ်သား အင်အား ၁,၀၀၀ ထက်မနည်းပါရှိနိုင်ကြောင်း ကရင်နီစစ်ဖက်ရေးရာသတင်းရင်း မြစ်များက ခန့်မှန်းသည်။