Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၃၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဘားအံတံတား ကားမိုင်းပေါက်ကွဲမှု စစ်ကောင်စီတပ် ထိခိုက်

ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်တံတား (ဘားအံ)မှာ ဒီနေ့မနက် ပေါက်ကွဲမှုဖြစ်ပွါးရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့ပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှု အားပြင်းလွန်းပြီး အ​ဆောက်အအုံအချို့၊ ကားနဲ့ ဆိုင်ကယ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KIC ၊CJ)
(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – KIC ၊CJ)

▪️စစ်​ကောင်စီရဲ့ ၁၂၀ မမ ကျည်ဂို​ဒေါင် သိမ်းပိုက်ရရှိခဲ့​တဲ့ ရုပ်သံမှတ်တမ်းကို ကရင်နီတပ်မ​တော်ထုတ်ပြန်

ကရင်နီပြည်နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ၁၂၀ မမ လက်နက်ကြီး ကျည်ဂိုဒေါင်ကို သိမ်းပိုက်ရရှိခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ကရင်နီ တပ်မတော်(KA) တပ်ရင်း-၅ က မနေ့က ထုတ်ပြန်ပါတယ်။ သိမ်းမိထားတဲ့ လက်နက်တွေထဲမှာ တန်ဖိုးအရှိဆုံး၊ စကစ တွေ အကြောက်ဆုံး ထဲက တစ်ခုဖြစ်တယ်လို့ KA တပ်ရင်း-၅ က ပြောဖော်ပြပါတယ်။ စစ်ကောင်စီတပ်ရဲ့ ၁၂၀ မမကျည်တွေ သိမ်းဆည်းရရှိခဲ့တဲ့ စခန်းတည်နေရာကို မဖော်ပြထားပါဘူး။ ရုပ်သံမှတ်တမ်းအရ မယ်စဲ့ မြို့သိမ်းတိုက်ပွဲမှ ရရှိခဲ့တဲ့ ၁၂၀ မမ နှစ်လက်နှင့်အတူ ၎င်းရဲ့ ကျည်ဆံဂိုဒေါင်ဖြစ်တယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

▪️CDF ရဲဘော်များတိုက်ခိုက်မှုကြောင့် မင်းတပ် ရဲခရိုင်မှူး ဒဏ်ရာပြင်းထန်

မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)နဲ့ စစ်ကောင်စီတပ်တို့ မနေ့ ညနေပိုင်းက မင်းတပ်မြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး ဒဏ်ရာရသူများအနက် မင်းတပ်ခရိုင် ဒုရဲမှူးကြီးလည်းပါဝင်ပြီး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ မနက်ပိုင်းက မင်းတပ်မြို့ ခလရ(၂၇၄) တပ်အနီးလေးမိုင်ကုန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်ကို မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်မှာ မင်းတပ် CDF ရဲဘော်များက တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ခုနစ်ဦး သေဆုံးကာ ပြင်းထန်ဒဏ်ရာရသူများအနက် ရဲလေးဦးပါဝင်ပြီး ခရိုင်ဒုရဲမှူးကြီး အောင်မြတ်သူလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

CDF ရဲဘော်များတိုက်ခိုက်မှုကြောင့် မင်းတပ် ရဲခရိုင်မှူး ဒဏ်ရာပြင်းထန်
CDF ရဲဘော်များတိုက်ခိုက်မှုကြောင့် မင်းတပ် ရဲခရိုင်မှူး ဒဏ်ရာပြင်းထန်

▪️ပလိပ်မြို့ရဲစခန်းဝင်း မနေ့ညက ပေါက်ကွဲမှုဖြစ်

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်ရှိ ပလိပ်မြို့ရဲစခန်းဝင်းအတွင်း မနေ့ညက ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ မြို့ခံများက ပြောပါတယ်။ မနေ့ညက စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရဲစခန်းဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံများပါ ကြားလိုက်​ရတယ်လို့ ဆိုပါတယ်။ ပလိပ်ရဲစခန်းဝင်းအတွင်းသို့ PAFD ရဲဘော်များ ဝင်ရောက်မိုင်းထောင်စဥ် ရဲများတွေ့သွားခဲ့ပြီး ၎င်းတို့ကို လိုက်လံပစ်ခတ်နေတဲ့ကြားက ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

(ပလိပ်ရဲစခန်းရှေ့အား တွေ့ရစဥ်။ရဓာတ်ပုံ-PAFD)
(ပလိပ်ရဲစခန်းရှေ့အား တွေ့ရစဥ်။ရဓာတ်ပုံ-PAFD)

▪️ဒီပဲယင်းမြို့နယ်ရှိ စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကံပြားကျေးရွာရှိ စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကံပြားကျေးရွာရှိ စစ်ကောင်စီဂိတ်ကို မနေ့ နေ့ခင်းက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဇွန်လကုန်ကလည်း ဒီပဲယင်းမြို့နယ် စိုင်ပြင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်လေးဖွဲ့က တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပါတယ်။

▪️မြောင်နယ်မှာ ကျေးရွာမီးရှို့ဖျက်ဆီးလာတဲ့ စစ်တပ်ကို ဒေသကာကွယ်ရေးအဖွဲ့များတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးလာတဲ့ စစ်ကောင်စီတပ်ကို နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ရာ သုံးဥဦးသေဆုံးတယ်လို့ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ လျှပ်စီးတပ်ခွဲရဲ့ တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။ ဇူလိုင် ၂၇ ရက် ညနေပိုင်းက မြောင်မြို့နယ်ရှိ ရွှေပေါက်ပင်ကျေးရွာ မီးရှို့ဖျက်ဆီးပြီး ထွက်ခွါလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ရှော့တိုက်ဒုံး ရှစ်လုံး၊ (၆၀)မမ လက်လုပ်စိန်‌ပြောင်း ၁၅ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျီကုန်းကျေးရွာကို ထပ်မံမီးရှို့နေစဥ် ရှော့တိုက်ဒုံး သုံးလုံးဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ ကင်းထောက်ရဲဘော်များရဲ့ အတည်ပြုချက်အရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ခုနစ်ဥဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

(ရန်ကုန်မြို့တွင် ၂၀၂၁ ဖေဖော်ဝါရီလကုန်ပိုင်းက တွေ့ရသည့် စစ်ကောင်စီလက်အောက်ခံ တပ်မ(၇၇)မှ စစ်သားအချို့။ ဓာတ်ပုံ − EPA/EFE)
(ရန်ကုန်မြို့တွင် ၂၀၂၁ ဖေဖော်ဝါရီလကုန်ပိုင်းက တွေ့ရသည့် စစ်ကောင်စီလက်အောက်ခံ တပ်မ(၇၇)မှ စစ်သားအချို့။ ဓာတ်ပုံ − EPA/EFE)

▪️စစ်ကိုင်းတိုင်းမှာ စစ်တပ်ရဲ့ ရေကြောင်း၊ ကုန်းကြောင်း စစ်ကြောင်းများကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းရှိ ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ ရေကြောင်း၊ ကုန်းကြောင်း စစ်ကြောင်းများကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ယင်းမာပင်မြို့နယ်သို့ရောက်ရှိလာတဲ့ စစ်ကောင်စီ ရေယာဉ်အုပ်စုဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဖက်သို့ ဒီနေ့ မနက်က စတင်ထွက်ခွာနေပြီး ပြီးခဲ့တဲ့ တစ်ပတ်က ဒေသခံ အစုလိုက်၊ အပြံလိုက်အသတ်ခံခဲ့ရတဲ့ စုန်းချောင်းရွာအပါအဝင် ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တို့မှ ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အဲဒီစစ်ကောင်စီရေယာဉ် နှစ်စီးနဲ့ ခြေလျင်စစ်ကြောင်းကြောင့် စုန်းချောင်း၊ စည်သူ၊ သံဘို၊ ပန်းတိမ်ပြင်၊ ကျောက်မှော်ရွာများအပါအဝင် မြစ်ကမ်း‌ဘေးကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ပုလဲမြို့နယ်မှာလည်း အင်မထီးပျူစောထီးကျေးရွာမှာ ညအိပ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်း ပြန်ထွက်ရာ သာယာကုန်း၊ဦးနှောက်၊ ကိုင်းတွင်း၊ သရက်ကန်၊ တလိုင်းကန်၊ညောင်ရင်းကုန်း၊ မဲဇရပ်၊ မင်းတိုင်ပင်၊ ရွာသစ်နဲ့သာစည်ကျေးရွာများရှိ ဒေသခံ ပြည်သူ ၆,၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)
ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – ပုလဲ(ပအဖ)