Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အကျဉ်းသား ၇၀၀၀ ကျော်လွှတ်ရာမှာ နိုင်ကျဉ်းဦးရေ ၁၀၀ဝန်းကျင်သာပါဝင်

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှု အချက်အလက်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့AAPP က ဖော်ပြပါတယ်။

ဒီနေ့ (သြဂုတ် ၁ ရက် ) အင်းစိန်ထောင်ရှေ့ မြင်ကွင်း
ဒီနေ့ (သြဂုတ် ၁ ရက် ) အင်းစိန်ထောင်ရှေ့ မြင်ကွင်း

ဒီနေ့ ဝါဆိုလပြည့်နေ့မှာ စစ်ကောင်စီက အကျဉ်းသား ၇၇၀၀ ကျော် လွတ်ငြိမ်းပေးရာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦးဝန်းကျင်သာ ပါလာတာကို အတည်ပြုနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကဆိုပါတယ်။

အဲဒီစာရင်းဟာ ဒီနေ့ညနေ ၅ နာရီအထိ ကောက်ယူရရှိတဲ့စာရင်းဖြစ်ပြီး နာမည်နဲ့တကွ အတည်ပြုနိုင်သူကတော့ ၂၀ ဦးပဲရှိသေးတယ်လို့သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှု အချက်အလက်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့AAPP က ဖော်ပြပါတယ်။

အခုလို အကျဉ်းသားတွေလွှတ်ပေးတဲ့နေ့ဟာ စစ်ခေါင်းဆောင် ဘုရားဒကာအမည်ခံပြီး နေပြည်တော်မှာ တည်ထားတဲ့ ကျောက်ဆင်းတုဘုရားကြီးအနေကဇာတင်တဲ့နေ့လည်းဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ မတိုင်ခင်ကပင် ဝါဆိုလပြည့်နေ့မှာ အကျဉ်းသားတွေလွတ်ငြိမ်းရှိနိုင်တယ်ဆိုတဲ့သတင်းတွေ ထွက်နေတာပါ။

ဒီနေ့မနက်ပိုင်းထွက်ပေါ်လာတဲ့သတင်းအရဆို အင်းစိန်ထောင်ကနေ အကျဉ်းသား ၁,၀၀၀ ဝန်းကျင် လွတ်ပေးမယ်လို့သိရပါတယ်။

ဒါပေမယ့် အင်းစိန်ထောင်ကနေ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှုနည်းသလို နာမည်ကြီးပုဂ္ဂိုလ်တွေလည်းပါဝင်လာတာမရှိခဲ့ပါဘူး။