Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ် – ကွတ်ခိုင်ကြားရှိ တီးမားရွာခံလူငယ်နှစ်ဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်

ဇူလိုင် ၂၅ရက်တွင် တီးမားကျေးရွာ၌ လူငယ်နှစ်ဦး၏ကားကို စစ်ကောင်စီက ဖမ်းဆီးပြီး လူသတ်ဖြတ်ကာ ကားကိုယူထားသည်ဟု ဒေသခံကပြောသည်။

(အသတ်ခံရ​​သော လူငယ်နှစ်ဦး ။ဓါတ်ပုံ-KHRW)
(အသတ်ခံရ​​သော လူငယ်နှစ်ဦး ။ဓါတ်ပုံ-KHRW)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်ကြား တီးမားကျေးရွာမှ လူငယ် နှစ်ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံနှင့် ကချင်လူ့အခွင့်အရေးအဖွဲ့(KHRW) တို့က ပြောသည်။

ဇူလိုင် ၂၅ရက်တွင် တီးမားကျေးရွာ၌ လူငယ်နှစ်ဦး၏ကားကို စစ်ကောင်စီက ဖမ်းဆီးပြီး လူသတ်ဖြတ်ကာ ကားကိုယူထားသည်ဟု ဒေသခံကပြောသည်။

“နမ့်အွန်မှာ စျေးထဲညကျကွဲပြီး နောက်နေ့မှာ ထပ် ဖြစ်တုန်းကလေ။ ဖြစ်တာက ပလောင်(TNLA)နဲ့ ဖြစ်တာ။ အဲဒီ ကလေးတွေက တီးမားကို ပစ္စည်းတွေလာဝယ်တာ ပြောတယ်။ လာဝယ်တော့ ပထမတစ်ခေါက်ရွာထဲ ဖြတ်သွားတာ။ တပ်ကကောင်တွေကလည်း တွေ့တယ်။ နောက်တစ်ခေါက် ဖြတ်သွားတော့ တပ်ကကောင်တွေက မသင်္ကလာလို့ခေါ်စစ်တယ် ပြောတယ်။ အဲဒါကလည်း တိုက်ပွဲပြီးသွားမှပေါ့”ဟု ဒေသခံက ပြောသည်။

လူငယ်နှစ်ဦး၏ ကားပေါ်တွင် ဆေးဝါးပစ္စည်းအချို့တွေ့ရှိခြင်းကြောင့် စစ်ကောင်စီက ဖမ်းသွားသည်ဟု ဆိုသည်။

“ဖမ်းသွားပြီးတော့ သူတို့ခဏခဏ တိုက်ပွဲဖြစ်တဲ့ ယူကလစ်တောထဲမှာ မီးရှို့ပစ်တယ် ပြောတယ်။ ရှို့တာတောင် အရှင်ရှို့သလိုလိုပဲ။ တချို့ ကြားတာက အရှင်ရှို့နေတဲ့အခါ အသားကုန်အော်ဟစ်ပြီးတော့ လူသံနဲ့တောင် မတူဘူးတဲ့ အော်နေတာ။ ကလေးတွေကတော့ ဘုရားကျောင်းက ကလေးတွေ”ဟု ဒေသခံက ပြောသည်။

ဇူလိုင်၂၃ရက်က မူဆယ်မြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဇူလိုင် ၂၄ရက်တွင်လက်နက်ကြီးပစ်ခတ်မှု၊ တိုက်ပွဲဖြစ်ပွားမှု၊လေကြောင်းတိုက်ခိုက်မှုများ အဆိုပါဒေသ၌ ဆက်လက်ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်သည်၎င်းတို့ လက်နက်ကြီးပစ်ခတ်၍ သေဆုံးသွားသည့် နမ့်အွန်ဒေသခံတစ်ဦးကိုလည်း ရုပ်အလောင်းကို မိသားစုထံမှ လုယူကာ TNLA ဝတ်စုံဝတ်ပေးပြီး ဓာတ်ပုံကို ဝါဒဖြန့် ထုတ်ပြန်ခဲ့သည်။

“နမ့်အွန်စျေးထဲကဟာကတော့ တစ်ရွာလုံးလည်းသိတယ်။ရွာထဲလက်နက်ကြီးကျလို့ သွေးသံရဲရဲနဲ့ အိမ်ထဲမှာ အော်ဟစ်ငိုရှိုနေတာ သွေးတွေလည်း အဲဒီမှာထွက်နေတဲ့ဟာ အဲဒါကြီးကိုသူတို့က အတင်းလာလုယူပြီး သူတို့က ယူနီဖောင်းကြီးဝတ်ပေးပြီး ဓာတ်ပုံရိုက် ဘာညာကျတော့ အဲဒါကျတော့ ပေါ်တင်ကြီး”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီက လူငယ်နှစ်ဦးကို မီးရှို့သတ်ဖြတ်မှုမှာ နိုင်ငံတကာဥပဒေများကို ထပ်မံချိုးဖောက်ကျူးလွန်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့မှ ၎င်းလူငယ် နှစ်ဦးကို မတရားအကြမ်းဖက်မီးရှို့သတ်ဖြတ်ပြုလုပ်မှုအပေါ် “Kachin Human Rights Watch – KHRW “ မှ အဖွဲ့မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချလိုက်ကြောင်း KHRWက ထုတ်ပြန်သည်။

ထိုကဲ့သို့ စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီကို နိုင်ငံတကာ တရားခုံရုံးမှ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန်လည်း KHRW က တောင်းဆိုသည်။