Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF များ တိုက်ပွဲများဖြစ်

ဒီပဲယင်းမြို့နယ်တွင် အာဏာသိမ်းကာလအတွင်း မီးရှို့ခံရသည့် နေအိမ်စုစုပေါင်း ၆,၀၅၀ ကျော်ရှိသွားပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

(ပြန်လည်တည်ဆောက်ထားသည့် နေအိမ်များ ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ပြန်လည်တည်ဆောက်ထားသည့် နေအိမ်များ ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

▪️စစ်ကောင်စီတပ်က နေအိမ်များမီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းများနှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

​သြဂုတ် ၁ရက်က ရေဦးမြို့မှ စစ်ကြောင်းထိုးလာသော အင်အား ၁၂၀ကျော်ပါ စစ်ကောင်စီတပ်သည် ယမန်နေ့ (သြဂုတ်၂ရက်)က မရကန်ကျေးရွာအတွင်း ဝင်ရောက်ပြီး နေအိမ် ၃၀ခန့်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

အဆိုပါ နေအိမ်များအနက် ယခင်မီးရှို့ခံထားရ၍ ပြန်လည်ဆောက်ထားသော နေအိမ် ၂၀ကျော်မှာ ဒုတိယအကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်။

“မရကန်ရွာကို မီးရှို့တာ ဒီတစ်ကြိမ်နဲ့ဆို သုံးကြိမ်ရှိပြီ။ ဒီတစ်ကြိမ်က ၂၇လုံးလောက်ပါသွားတယ်လို့ သိရပြီး ငါးအိမ်လောက်က အသစ်ထပ်ရှို့ခံရတာပါ”ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

(ပြန်လည်တည်ဆောက်ထားသည့် နေအိမ်များ ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ပြန်လည်တည်ဆောက်ထားသည့် နေအိမ်များ ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

ထို့အပြင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ‌ကျန်နေအိမ်များအား ဖျက်ဆီးလုယူခြင်းများ ပြုလုပ်သွားကြောင်း ဒေသခံများက ပြောသည်။

မရကန်ကျေးရွာသည် အိမ်ခြေ ၃၀၀ကျော်ရှိပြီး ၂၀၂၂ မတ်လ ၁၈ ရက်ကတစ်ကြိမ် မီးရှို့ခံရကာ နေအိမ် လေးလုံးနှင့် ယာစောင့်တဲ သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး လေဖြတ်ထားသည့် အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့သည်။

ယခုနှစ် ၂၀၂၃ ဇန်နဝါရီက ဒုတိယအကြိမ် ထပ်မံမီးရှို့ခံရပြီး နေအိမ် ၇၀ပျက်စီးခဲ့သည်။

ထို့အပြင် ယမန်နေ့ (သြဂုတ် ၂ရက်)နံနက် ၁၁ နာရီခွဲခန့်က ဒီပဲယင်းမြို့နယ်တစ်နေရာတွင် ရေဦးမြို့နယ်ဘက် စစ်ကြောင်းထိုးလာသော အင်အား ၁၃၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဒေသတွင်း မဟာမိတ်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

(ပြန်လည်တည်ဆောက်ထားသည့် နေအိမ်များ ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ပြန်လည်တည်ဆောက်ထားသည့် နေအိမ်များ ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

စစ်ကောင်စီဘက်က ကင်းထောက်ဒရုန်းဖြင့် ထောက်လှမ်းကာ လက်နက်ကြီးများဖြင့် မနားတမ်းပစ်ခတ်နေသည့်ကြားက ပြောက်ကျားနည်းဖြင့် တိုက်ခိုက်နိုင်ခဲ့ကြောင်း Shwebo Justice Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲကြာမြင့်ချိန် ၁နာရီခွဲခန့်ရှိခဲ့ပြီး စစ်​ကောင်စီ၏ ထိခိုက်မှု အတိကျမသိရသေးဘဲ ပူးပေါင်း ကာကွ​ယ်ရေးအဖွဲ့များဘက်က ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ မစိုးရိမ်ရကြောင်း ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်အား မိုင်း ငါးလုံးပွိုင့်ခွဲတိုက်ခိုက်ခဲ့ပြီး ၁၀ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း ၎င်းက ဆိုသည်။

“မိုင်းထိတဲ့အချိန် သုံးကောင်မြောက်တက်သွားပြီး ခုနစ်ကောင်​လောက်က လဲနေတယ်လို့သိရတယ်။ အနီးကပ်တော့ မကြည့်နိုင်ဘူး။”ဟု Shwebo Justice Forceအဖွဲ့ တာဝန်ရှိသူက ပြောသည်။

(ပြန်လည်တည်ဆောက်ထားသည့် နေအိမ်များ ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ပြန်လည်တည်ဆောက်ထားသည့် နေအိမ်များ ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

အဆိုပါ စစ်ဆင်ရေးကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDO) (Shwebo Justice Force)၊ရွှေဘိုခရိုင်တပ်ရင်း (၉)၊ တပ်ရင်း (၁၂)၊ ဒီပဲယင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပါဝင်သောပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဒီပဲယင်းမြို့နယ် ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မရကန်ကျေးရွာ မီးရှို့ဖျက်ဆီးပြီး ဒီပဲယင်းမြို့ပေါ်သို့ ပြန်လည်ရောက်ရှိသွားကြောင်း၊ မြို့ပေါ်နေရာအနှံ့ ကင်းပုန်းများလည်းချထားကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် အာဏာသိမ်းကာလအတွင်း မီးရှို့ခံရသည့် နေအိမ်စုစုပေါင်း ၆,၀၅၀ ကျော်ရှိသွားပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။