Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️နိုင်ငံရေးဖြစ်စဥ်မှာ NUG ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပါဝင်ရမယ်လို့ ပြင်သစ်ထုတ်ပြန်

အာဏာသိမ်းစစ်အုပ်စုက နိုင်ထက်စီးနင်းမတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ ပြင်သစ်နိုင်ငံက ထပ်မံတောင်းဆိုလိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တစ်စိတ်တစ်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ကြေညာချက်ကို ပြင်သစ်က သတိပြုမိတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ နီးပါးကို ဆက်လက် ထိန်းသိမ်းထားမှုဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို ရိုးရိုးသားသား လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် မရှိကြောင်းဖော်ပြနေတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ နိုင်ငံရေးဖြစ်စဥ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမိုင်းဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်များနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ ပါဝင်ရမယ်လို့ ပြင်သစ်က ဖော်ပြပါတယ်။

▪️စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာ ထောင်ဒဏ်စေ့ခါနီး နိုင်ကျဉ်း ရာဂဏန်းသာပါဝင်

အာဏာသိမ်းစစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်သာ ပါဝင်လာတာကို အတည်ပြုနိုင်ထားပြီး အများစုဟာ ထောင်ဒဏ်စေ့ခါနီးသူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်‌ရေးအသင်း(AAPP)က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက အကျဥ်းသား ၇,၇၄၉ ဦးကို လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှုပမာဏကို စာရင်းကောက်ယူရာ ဒီနေ့မနက် ၁၀ နာရီအထိ ၁၂၀ ဦးကျော်သာအတည်ပြုနိုင်ထားတယ်လို့ AAPP ကဆိုပါတယ်။ လွတ်မြောက်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသားတွေပါဝင်မှု ရှိ၊ မရှိ စိစစ်အတည်ပြုတာကို အဟန့်အတားဖြစ်စေဖို့ လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အချက်အလက်ကို စစ်ကောင်စီဘက်က ပွင့်ပွင့်လင်းလင်းထုတ်ပြန်တာမျိုးမရှိဘူးလို့ AAPP က ထောက်ပြပါတယ်။ ဒါ့အပြင် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ မတရားဖမ်းခံရသူတွေသာ ဖြစ်တယ်လို့လည်း AAPPက မှတ်ချက်ပြုထားပါတယ်။

သြဂုတ်လ ၁ ရက်နေ့ လွတ်ငြိမ်းပေးရာ အင်းစိန်ထောင်ရှေ့မြင်ကွင်း
သြဂုတ်လ ၁ ရက်နေ့ လွတ်ငြိမ်းပေးရာ အင်းစိန်ထောင်ရှေ့မြင်ကွင်း

▪️စစ်ကောင်စီရဲ့ ကျပ်နှစ်​သောင်းတန်ကို က​လေးခရိုင်မှာ အသုံးပြုပါက အ​ရေးယူမယ်လို့ ​တော်လှန်​ရေးအဖွဲ့​ပြော

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အတွင်း တရားမဝင်စစ်ကောင်စီရဲ့ ကျပ်နှစ်သောင်းတန်ငွေစက္ကူအသုံးပြုခွင့်မပေးဘူးလို့ ကလေးခရိုင် ပကဖက ထုတ်ပြန်ထားပါတယ်။ အသုံးပြုတာကိုတွေ့ရှိပါက အရေးယူမယ်လို့ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကပြောပါတယ်။ ပထမတကြိမ်မှာ သိမ်းဆည်းမှာဖြစ်ပြီး ဒုတိယတကြိမ်ဆိုရင် အရေးယူမယ်လို့ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ တာ၀န်ရှိသူက ရှင်းပြပါတယ်။ က​လေးခရိုင်မှာ က​လေး၊ က​လေးဝ၊ မင်းကင်းမြို့နယ်တို့ပါဝင်ပါတယ်။

ကျပ်နှစ်​သောင်းတန်ကို က​လေးခရိုင်တွင်အသုံးပြုပါက အ​ရေးယူမည်ဟု ​တော်လှန်​ရေးအဖွဲ့​ပြော
ကျပ်နှစ်​သောင်းတန်ကို က​လေးခရိုင်တွင်အသုံးပြုပါက အ​ရေးယူမည်ဟု ​တော်လှန်​ရေးအဖွဲ့​ပြော

▪️အင်းတော်မှာ KIA/PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ မနက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ PDF ရဲဘော်က ပြောပါတယ်။ အင်းတော်နယ် နဘားကျေးရွာသို့ ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ် ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားအပြီး နဘားလမ်းဆုံကို ဖြတ်သန်းသွားတဲ့ အရပ်သားယာဥ်တစ်စီးကို စစ်ကောင်စီတပ်က ရပ်တန့်မပေးလို့ဆိုကာ ပစ်ခတ်ခဲ့ရာ ယာဥ်မောင်းသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ အင်းတော် PDF ရဲဘော်က ပြောပါတယ်။

(KIA တပ်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(KIA တပ်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – PS)

▪️ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို မကွေးနဲ့ စစ်ကိုင်းတိုင်း PDFများ ပူးပေါင်းတိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်တိုးကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို မကွေးနဲ့ စစ်ကိုင်းတိုင်းအခြေစိုက် PDFများ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ ရိုးမရာဇာတပ်ရင်း တပ်ခွဲမှူး ဗိုလ်ရန်ဖြိုးက ပြောပါတယ်။ မနေ့ နေ့ခင်းက ပခုက္ကူမြို့နယ်၊ ကျပ်တိုးကျေးရွာအနီးရှိ အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကောင်စီစခန်းကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်ချိန် လေးနာရီခန့်ကြာခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ ရဲ ၁၀ ဦးအထက် သေဆုံးနိုင်တယ်လို့ ဗိုလ်ရန်ဖြိုးက ပြောပါတယ်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️ဘီယာသောက်နေတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကို ပစ်ခတ်ရှင်းလင်း၊ လက်နက် နှစ်လက်ရဟု PDF အသိပေး

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ဘီယာသောက်နေတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၈ ရက်က ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မလမ်းပိုင်းရှိ ဆုံစည်းရာ ဘီယာဆိုင်မှာ ဘီယာထိုင်သောက်နေတဲ့ ရန်သူ့တပ်သား နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၈)က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ရန်သူ့တပ်သား နှစ်ဦး သေဆုံးကာ MA-1 နှစ်လက်နဲ့ ကျည် (၁၇) တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့အတူ ဖော်ပြပါတယ်။

▪️မြောက်ဥက္ကလာပမြို့နယ်ခန်းမနဲ့ ရွှေပေါက္ကံထွေအုပ်ရုံးတို့ကို အဝေးထိန်းဗုံးဖြင့်တိုက်ခိုက်

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စစ်ကောင်စီတပ်ကို အဝေးထိန်းမိုင်းများဖြင့်တိုက်ခိုက်ခဲ့တယ်လို့ KMD18- မြိုပြကျီးကန်း (Crow Squad) အဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ မနေ့ညပိုင်းက စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နွေဦးအောင်လံ စစ်ဆင်ရေး အနေဖြင့် လုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်စွဲထားတဲ့ ရွှေပေါက္ကံ ထွေအုပ်ရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၂ က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

(၂၀၂၁ ခုနှစ်တွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ရန်ကုန်မြို့၌ညပိုင်းအချိန်တွင် အင်အားအများအပြားဖြင့် ဧည့်စာရင်းလိုက်စစ်​နေစဥ်။ဓါတ်ပုံ-CJ)
(၂၀၂၁ ခုနှစ်တွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ရန်ကုန်မြို့၌ညပိုင်းအချိန်တွင် အင်အားအများအပြားဖြင့် ဧည့်စာရင်းလိုက်စစ်​နေစဥ်။ဓါတ်ပုံ-CJ)