Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၁၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်ကောင်စီယာဥ်ကို KIA ပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ကသာမြို့ကြားမှာ စစ်ကောင်စီရဲ့ ရိက္ခာသယ်ယာဉ်နှစ်စီးကို ဒီနေ့ မနက်မှာ တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က သေဆုံးမှုရှိခဲ့တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်က ပြောပါတယ်။ အင်းတော်ကနေ ကသာကို ညတွင်းချင်းပြန် ရိက္ခာသွားသယ်တဲ့ စစ်ကောင်စီတပ်ကို KIA/PDF အဖွဲ့နဲ့ ABSDF တို့က ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ Indaw Revolutin ရဲ့ဖော်ပြချက်မှာ လက်နက်ပစ္စည်းများနဲ့ ပိုက်ဆံများသယ်လာတဲ့ စစ်ကောင်စီတပ်အား KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် အသေအပျောက်များတယ်လို့ ပါရှိပါတယ်။

(၂၀၂၂ ဇန်နဝါရီက အင်းတော်လမ်းပိုင်း၌ KIA/PDF ပူးပေါင်းအဖွဲ့က လမ်းပိုင်းစစ်ဆေးပြီး စစ်တပ်ထုတ်ကုန်ဘီယာများအား တွေ့ရှိ၍ ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - IR)
(၂၀၂၂ ဇန်နဝါရီက အင်းတော်လမ်းပိုင်း၌ KIA/PDF ပူးပေါင်းအဖွဲ့က လမ်းပိုင်းစစ်ဆေးပြီး စစ်တပ်ထုတ်ကုန်ဘီယာများအား တွေ့ရှိ၍ ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ – IR)

▪️လွိုင်ကော်-ရှား​တောလမ်းမကြီးအနီး စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

လွိုင်ကော်-ရှား​တောလမ်းမကြီးအနီး စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးထက်မနည်းသေဆုံးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၁၄က ထုတ်ပြန်ပါတယ်။ လွိုင်ကော်-ရှား​တောလမ်းမကြီး(လယ်‌မော်တောင်)အနီး သြဂုတ် ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ကြားတိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်အတွင်းသို့ စစ်အင်အား အလွန်အကျွံ ဖြည့်တင်းအသုံးပြုလာမှုကြောင့် ထိတွေ့တိုက်ပွဲများထပ်မံဖြစ်ပွားနိုင်ပြီး ပြည်သူများ သတိရှိစွာသွားလာနေထိုင်ပေးဖို့လည်း အသိပေးပါတယ်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၄မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၄မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ – KNDF)

▪️မူဆယ်ဒေသခံ လေးဦးကို TNLAတပ်သားဟုစွပ်စွဲပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ဖမ်းဆီးနှိပ်စက်၊ တစ်ဦးကို သတ်ဖြတ်

တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ မူဆယ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားစဉ် ဒေသခံ လေးဦးကို မူဆယ်မြို့မပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားပြီးတစ်ဦးကို သတ်ဖြတ်လိုက်တယ်လို့ TNLAက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ဇူလိုင်ကုန်ပိုင်းနဲ့ ဒီလဆန်းမှာ TNLAနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့မပြည်သူ့စစ်အဖွဲ့က ဒေသခံအမျိုးသား လေးဦးကို TNLAတပ်သားဟု စွပ်စွဲဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။ နမ့်ကတ်အုပ်စု မိုင်းဆက်ရွာနဲ့ မန်ကန်ရွာတို့မှ ဒေသခံလေးဦးဖြစ်ပြီး အဲဒီထဲက (၂၄)နှစ်အရွယ်အမျိုးသား ရီအောင်ဝင်းဆိုသူကို နှိပ်စက်သတ်ဖြတ်ခဲ့တာလို့ ဖော်ပြပါတယ်။

မူဆယ်မြို့ တံတားပေါ်တွင် လုံခြုံရေးယူနေသည့် ပြည်သူ့စစ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-AFP (ပုံအဟောင်း အသုံးပြုထားပါသည်)
မူဆယ်မြို့ တံတားပေါ်တွင် လုံခြုံရေးယူနေသည့် ပြည်သူ့စစ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-AFP (ပုံအဟောင်း အသုံးပြုထားပါသည်)

▪️ဝက်လက်နယ်မှာ စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ လေးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ လေးဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ သြဂုတ် ၁၂ ရက်မှာ စစ်ကိုင်းမြို့နယ်မှ ကူးလာတဲ့ စစ်တပ်က ပဲ့သကြီးကျေးရွာရှိ အသက် (၃၀)အရွယ် မသန်စွမ်းအမျိုးသား တစ်ဦးနဲ့ ထန်းကြီးရွာရှိ ဒေသခံ နှစ်ဦးတို့ကို ပစ်သတ်ခဲ့ပြီး အသက် (၅၀)ခန့် အမျိုးသားတစ်ဦးလည်း ကြောက်လန့်ကာ နှလုံးရပ်သေဆုံးခဲ့တယ်လို့ Wetlet Informational Network အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ဝက်လက်မြို့နယ် ‌ပေါက်ကန်‌ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်‌ကောင်စီက ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

▪️ငါန်းဇွန်မှာ စစ်ကောင်စီတပ် သုံးရက်ဆက်တိုက်ခိုက်ခံရ

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီတပ်ကို သြဂုတ် ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ဆက် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်သား ငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ ငါန်းဇွန်ပကဖက ဆိုပါတယ်။ မနေ့ မနက်ကလည်း ငါန်းဇွန်မြို့နယ်၊ ကံသာရွာရှိ စစ်ကောင်စီတပ်စွဲတဲ့နေရာကို ဒရုန်းဖြင့် လေးကြိမ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိတယ်လို့ ငါန်းဇွန်(ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် စစ်​​ကောင်စီတပ်သားအချို့ ထွက်ပြေးမှုများရှိနေတယ်လို့ ဆိုပါတယ်။