Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်ပြည်သူများ မုန်တိုင်းဒဏ်အပြင် ရေကြီးမှုပါကြုံနေရ၍ အရေးပေါ် အကူအညီများအမြန်ဆုံးပေးရန် နိုင်ငံတကာထံ AA အကူအညီတောင်း

AAက ဖွဲ့စည်းထားသည့် အရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ကော်မတီကလည်း ဇူလိုင် ၁၄ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ မိုခါမုန်တိုင်းကြောင့် အမိုးအကာအောက် မရောက်သေးသူများအားလုံး အမြန်ဆုံးရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု အသိပေးသည်။

(ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ပျက်စီးခဲ့သည့်မြင်ကွင်းကို ၂၀၂၃ မေလ ၁၅ ရက် က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ပျက်စီးခဲ့သည့်မြင်ကွင်းကို ၂၀၂၃ မေလ ၁၅ ရက် က တွေ့ရစဉ်။ဓာတ်ပုံ - CJ)

ရခိုင်ပြည်သူများအနေဖြင့် မိုခါမုန်တိုင်းဒဏ်အပြင်ရေကြီးမှုကိုပါရင်ဆိုင်နေရ၍ အရေးပေါ် အကူအညီများ အမြန်ဆုံးကူညီပေးရန် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင်တပ်တော်(ULA/AA)က ယနေ့ (ဩဂုတ် ၁၄ရက်) ကြေညာချက် ထုတ်ပြန်သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုကူညီဆောင်ရွက်ပေးနေကြသော ကမ္ဘာ့နိုင်ငံကြီးများ၊အိမ်နီးနားချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊နိုင်ငံတကာ အဖွဲ့အစည်းများမှ ရေဘေးသင့်ရခိုင်ပြည်သူများအတွက် လတ်တလော အရေးကြီးလိုအပ်နေသည့် စိုက်ပျိုးရေး၊မွေးမြူရေး၊ကျန်းမာရေးလုပ်ငန်းများ၊မျိုးစပါးများ၊ လယ်ယာသုံးနှင့်ရေလုပ်ငန်းသုံး ပစ္စည်းများ၊ စားနပ်ရိက္ခာ၊ ဆေးဝါးများ အပါအဝင် အခြားအရေးပေါ် အကူအညီများကို အမြန်ဆုံးကူညီပေးရန် ထပ်မံ အကူအညီတောင်းခံကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

ဇူလိုင်လကုန်မှစ၍ မိုးအဆက်မပြတ် ရွာသွင်းမှုကြောင့် ရခိုင်ပြည်နယ်ရှိမြို့နယ်များမှ ကျေးရွာများတွင် မြစ်၊ချောင်းရေများ မြင့်တက်ခဲ့ကြောင်း၊ ဘူးသီးတောင်၊ မောင်တော၊မြောက်ဦး၊ကျောက်တော်၊မင်းပြား၊မြေပုံ၊ တောင်ကုတ်၊ သံတွဲမြို့နယ်များရှိ ကျေးရွာအများစုမှာ ရေလွှမ်းမိုးမှုဒဏ်ကို အများဆုံးခံစားခဲ့ရကြောင်းအသိပေးထားသည်။

လေးမြို့မြစ်အပါအဝင် အခြားသော မြစ်၊ ချောင်းတို့တွင် မြစ်ရေ၊ ချောင်းရေမြင့်တက်မှုများကြောင့် ကမ်းပါးပြိုခြင်း၊ လူနေအိမ်၊ အဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦးများ ရေနစ်မြုပ်ခြင်း၊ ကျွဲ၊နွား၊ကြက်၊ဝက်၊ ဆိတ် အစရှိသည့် တိရိစ္ဆာန်များ ရေထဲ မျောပါ သွားခြင်း၊ သေဆုံးခြင်း၊စိုက်ပျိုးပြီးစပါးခင်းများ၊စပါးပျိုးခင်းများရေမြုပ်၍ပျက်စီးခြင်း၊ ပုဇွန်ကန်၊ ငါးကန်များ ပျက်စီးဆုံးရှုံးခြင်း၊ တာတမံ ရေတွင်း ရေးကန်များ၌ ဆားငန်ရေးများ ထပ်မံဝင်ခြင်း၊ဆည်၊တံတားအချို့ပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းနှင့် ပြည်သူ ၄ဦး ရေနစ်သေဆုံးခြင်းများဖြစ်ခဲ့သည်ဟု အသိပေးသည်။

ရေစတင်မြင့်တက်လာသည့် အချိန်ကတည်းက အရေးပေါ် ချက်ချင်းပြောင်းရွှေ့ပေးရန်လိုအပ်သော နေရာများမှ ပြည်သူများကိုဘေးလွတ်ရာနေရာများသို့ချက်ချင်းပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ ကြိုတင်ကာကွယ် တားဆီးခြင်းအား အရပ်ဘက် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊လူထု အခြေပြု အဖွဲ့များ၊ ပရဟိတ အသင်းအဖွဲ့များနှင့်လက်တွဲ၍ ထိရောက်စွာပြုလုပ်နိုင်ခဲ့၍လူအသေအပျောက်အနည်းဆုံးဖြစ်ခဲ့ရကြောင်း AAက ထုတ်ပြန်သည်။

ရေကြီးခြင်း၏ အကျိုးဆက်များ အနေဖြင့်ကျန်းမာရေးရှုထောင့်အရ ဝမ်းပျက် ဝမ်းလျှောရောဂ၊ အဆုတ်ရောင်၊ အဆုတ်ပွရောဂါဖြစ်ခြင်း၊နှာစေးချောင်းဆိုး အအေးမိခြင်းတို့ဖြစ်ပွားလာနိုင်သည့်အပြင် လျှပ်စစ်ဓာတ်လိုက်ခြင်း၊ မြေပြိုခြင်း၊မြေကျွံခြင်၊ သစ်ပင်များလဲကျခြင်း၊ အဆောက်အအုံဟောင်းများပြိုကျခြင်း၊မြွေ၊ ကင်း အစရှိသော အဆိပ်ရှိသတ္တဝါများ ထွက်လာတက်ခြင်း စသည်တို့ ဖြစ်လာနိုင်၍ ပြည်သူများ အနေဖြင့် သတိထားသွားလာနေထိုင်ကြရန် နှင့် ဆေးကုသခံယူမှု ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်ပါကနီးစပ်ရာ ဒေသအုပ်ချုပ်ရေးရုံးများမှတဆင့်ဆက်သွယ်နိုင် ကြောင်းလည်း အသိပေးထားသည်။

မိုခါမုန်တိုင်း တိုက်ခိုက်မှုဒဏ်ကြောင့် အမိုးအကာ အောက်သို့ အမြန် ရောက်ရှိရေးကို အဓိက အလေးထား ဆောင်ရွက်နေစဉ် ရေကြီးမှုကို ထပ်ကြုံရ၍ ရခိုင်ဒေသနေ ပြည်သူများမှာ အခြေခံ စားသောက်ကုန် ၊ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး စားနပ်ရိက္ခာ သောက်သုံးရေ ရရှိရေး အရေးပေါ် လိုအပ်လျက်ရှိသည့် အခြေအနေဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

AAက ဖွဲ့စည်းထားသည့် အရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ကော်မတီကလည်း ဇူလိုင် ၁၄ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ မိုခါမုန်တိုင်းကြောင့် အမိုးအကာအောက် မရောက်သေးသူများအားလုံး အမြန်ဆုံးရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု အသိပေးသည်။

မိုခါမုန်တိုင်းသင့် အာရက္ခပြည်သူများအပေါ် စိတ်အား၊ လူအား၊ ငွေအားဖြင့်ကူညီပေးကြသူများအားလုံးကိုဂုဏ်ပြုကြောင်းနှင့် အရေးပေါ်လိုအပ်နေသည့် အကူအညီများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ များစွာ ကျန်နေသေး၍ လူသားချင်းစာနာထောက်ထားသော အကူအညီများကိုတက်နိုင်သည့်ဘက်မှကူညီပေးရန် ထပ်မံအကူအညီတောင်းခံထားသည်။

ထို့ပြင် အိမ်ဆောက်ပစ္စည်းများ နှင့် ဆန်၊ဆီ အပါအဝင် အခြေခံစားသုံးကုန်ပ္စည်း နှင့် ဆေးဝါးများကို စျေးနှုန်းအဆမတန် မြှင့်ကာရောင်းချခြင်းများ မပြုလုပ်ဘဲသင့်တင့်သောစျေးနှုန်းများဖြင့်ရောင်းချရန် တိုက်တွန်းထားသည်။