Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတလင်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကောင်စီတပ်သည် မောင်းထောင်ကျေးရွာမှ ဒေသခံပြည်သူ နှစ်ဦးအပါအဝင် ၁ဝဦးခန့် ဖမ်းဆီးကာ ယနေ့(သြဂုတ် ၁၅ရက်)တွင် ဘုတလင်မြို့ပေါ် ပြန်လည်ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် သခွတ္တနယ်ရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် သခွတ္တနယ်ရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

▪️ကျေးရွာမီးရှို့သွား၍ မီးငြှိမ်းသတ်နေသည့် ပြည်သူများကို စစ်တပ်က ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် မောင်းထောင်ကျေးရွာအနီးတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကောင်စီတပ်က ၎င်းတို့ မီးရှို့သွား၍ မီးငြှိမ်းသတ်နေသည့် ပြည်သူများကိုပါ ပစ်ခတ်သွားကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၁ ရက် နေ့လယ် ၂နာရီခန့်က စစ်ကောင်စီ၏ အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ – ၄)လက်အောက်ခံ ခမရ(၇၀၂)နှင့် (၇၀၈)တို့ပူးပေါင်းထားသည့် အင်အား ၂၀၀ခန့်ပါ စစ်ကြောင်းသည် ဘုတလင်မြို့နယ်၊ မောင်းထောင်စံပြကျေးရွာသို့ ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ မျက်မြင်အရ စစ်သား သုံးဦးသေဆုံးခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် Myanmar Defese Force အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲမှာ မိနစ် ၄၀ခန့်ကြာခဲ့ပြီး စစ်ကောင်စီက ဒဏ်ရာရ စစ်သားများဆေးကုရန် မောင်းထောင်ကျေးရွာတွင် ညအိပ်ခဲ့သည်ဟု သိရသည်။

Public Service Announcement
Public Service Announcement

သြဂုတ် ၁၂ ရက်ကလည်း မောင်းထောင်ရွာမှ သခွတ္တနယ်ရွာသို့လာသည့် စစ်ကောင်စီစစ်ကြောင်းကို နေ့လယ်၁၂နာရီခန့်​တွင် ချောင်းဆုံကျေးရွာနှင့် ဂွေးပင်ကျင်းကျေးရွာအနီး၌ စောင့်ဆိုင်း တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲမှာ ၁နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က ၁၀ဦးထက်မနည်း သေဆုံးကြောင်း ကင်းထောက်ရဲဘော်များက ဆိုသည်။ အဆိုပါ တိုက်ပွဲအတွင်း MDFမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ရဲဘော် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း MDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပထမ တစ်ရက်က ပေ၂၀လောက်မှာ ထိတွေ့မှုဖြစ်တယ်။ ဒုတိယတစ်ရက်ကတော့ ထိတွေ့တိုက်ပွဲပေါ့။ ရဲဘော်ကတော့ တစ်ဦးကျတာ။စစ်ကောင်စီဘက်ကတင်တာတော့ လေးဦးကျတယ်တင်ထားတာ။”ဟု အထက်ပါတာဝန်ခံက ရှင်းပြသည်။

ထို့နောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က သခွတ္တနယ် စံပြကျေးရွာ မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်နယ်ဆေးရုံအပါအဝင် နေအိမ်နှင့် ဆိုင်ခန်းအများအပြား ပြာကျခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၃ ရက်ကလည်း သခွပ်တနယ် စံပြကျေးရွာသို့ ထပ်မံရောက်ရှိလာပြီး နေအိမ်များကို မီးငြှိမ်းသတ်နေသည့် ပြည်သူများကို ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ သုံးဦးခန့် သေဆုံးနိုင်ကြောင်း MDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပျက်စီးသွားတာ မနည်းမနောဗျာ။ ပြည်သူတွေက စစ်ကြောင်းထွက်သွားချိန် ဝင်ကြတာ စစ်ကြောင်းက ပြန်ဝင်လာတော့ လိုက်ပစ်ခံရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပထမနေ့တိုက်ပွဲတွင် MDF-ဗဟိုတပ်ရင်း၊MDF-ဘုတလင်တပ်ခွဲ ၊မုံရွာခရိုင်အမှတ်(၂၀)တပ်ရင်းနှင့် ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများမှ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ဒုတိယနေ့တိုက်ပွဲတွင် ထိုအဖွဲ့များအပြင် မုံရွာခရိုင် အမှတ်(၁၆)တပ်ရင်း၊SRAF၊ယင်းမာပင်ခရိုင် အမှတ်(၂) တပ်ရင်းနှင့် ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် မောင်းထောင်ကျေးရွာမှ ဒေသခံပြည်သူ နှစ်ဦးအပါအဝင် ၁ဝဦးခန့် ဖမ်းဆီးကာ ယနေ့(သြဂုတ် ၁၅ရက်)တွင် ဘုတလင်မြို့ပေါ် ပြန်လည်ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောသည်။