Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူ့အသက်နှင့် ရင်းပေးဆပ်ထားရသည့်ခုခံတော်လှန်စစ်၏ တာဝန်ဝတ္တရာများကို အလေးထားထမ်းဆောင်ရန် ယာယီသမ္မတတိုက်တွန်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေးအတွက် ခုခံတော်လှန်စစ် ဆင်နွှဲနေရသကဲ့သို့ တစ်ဖက်တွင်လည်း စစ်ကောင်စီ၏ ထိုးစစ်ကြောင့် နေ့စဉ်နီးပါး စစ်ဘေးရှောင်လူထု အရေ အတွက် များပြားလာနေသည်ဟု ယာယီသမ္မတက ပြောသည်။

ပြည်သူ့အသက်နှင့် ရင်းပေးဆပ်ထားရသည့်ခုခံတော်လှန်စစ်၏ တာဝန်၀တ္တရာများကို အလေးထားထမ်းဆောင်ရန် ယာယီသမ္မတတိုက်တွန်း
ပြည်သူ့အသက်နှင့် ရင်းပေးဆပ်ထားရသည့်ခုခံတော်လှန်စစ်၏ တာဝန်၀တ္တရာများကို အလေးထားထမ်းဆောင်ရန် ယာယီသမ္မတတိုက်တွန်း

“အစိုးရအဖွဲ့အနေနဲ့ လက်နက်ခဲယမ်းမီးကျောက် လုံလောက်စွာရရှိရေးကို အထူးအာရုံစိုက်ဖို့ လိုအပ်ပါတယ်”

ပြည်သူ့အသက်နှင့် ရင်းနှီးပေးဆပ်ရသည့် ခုခံတော်လှန်စစ်၏ တာဝန်ဝတ္တရားများကို အမြဲတမ်းအလေးအနက်ထား ထမ်းဆောင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။

ယနေ့ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့အစည်းအဝေး၌ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ သတိလက်လွတ် ပေါ့လျော့မှု အနည်းငယ်ဟာ ရာနဲ့ချီ ထောင်နဲ့ချီသော ပြည်သူလူထုကို ဒုက္ခဆင်းရဲတွေကို ပိုမိုစေပါလိမ့်မယ်။ ဒါကို အထူးသတိပြုရှောင်ကြဉ်နိုင်ဖို့ ကျွန်တော့အနေနဲ့ သတိပေးချင်ပါတယ်”ဟု ယာယီသမ္မတက သတိပေးသည်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေးအတွက် ခုခံတော်လှန်စစ် ဆင်နွှဲနေရသကဲ့သို့ တစ်ဖက်တွင်လည်း စစ်ကောင်စီ၏ ထိုးစစ်ကြောင့် နေ့စဉ်နီးပါး စစ်ဘေးရှောင်လူထု အရေ အတွက် များပြားလာနေသည်ဟု ယာယီသမ္မတက ပြောသည်။

“ဒီအခြေအနေကို ကိုင်တွယ်ဖို့ ကျွန်တော်တို့ဟာ အဓိကအခြေခံ အလုပ် နှစ်ရပ်ကိုလုပ်ဆောင်နေရတယ်လို့ ယူဆပါတယ်။ အဲဒီအလုပ် နှစ်ခုကတော့ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရတဲ့ အလုပ်နဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ဒုက္ခခံစားနေရတဲ့ ပြည်သူလူထုကို ကူညီကယ်ဆယ်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အနေနဲ့ လူထုကိုကူညီကယ်ဆယ်တဲ့ အလုပ်တွေနဲ့ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေကို လစ်ဟင်းလို့မရသလို ပြည်သူ့ကာကွယ်ရေး လုပ်ငန်းစဉ်တွေကိုလည်း ပေါ့လျော့လို့ မရပါဘူး”ဟု ၎င်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအလုပ်များ ဖိဖိစီးစီးမလုပ်နိုင်လေ ပြည်သူဒုက္ခ ပိုကြီးမားလာလေလေဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး လုပ်ငန်းစဉ်များလည်း ပိုမိုလိုအပ်လာကြောင်း ပြောသည်။

“ဒီကိစ္စရပ် နှစ်ခုဟာ တိုက်ရိုက်ဆက်စပ်နေတယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော့အနေနဲ့ ပြောချင်တာကတော့ ခုခံတော်လှန်စစ်ရဲ့ အခင်းအကျင်းမှာ ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေရဲ့ စွမ်းရည်မြင့်မားမှုဟာ အလွန်အရေးကြီးလှပါတယ်။ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဖြစ်တဲ့ PDF အဖွဲ့တွေရဲ့ တစ်ဉီးချင်းစစ်ရေး စွမ်းရည်တွေကိုလည်း မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။

တစ်ဖက်မှာလည်း ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ လက်နက်ခဲယမ်းမီးကျောက် လုံလောက်စွာရရှိရေးကို အထူးအာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေ ပိုမို စွမ်းရည်မြှင့်တက်လာလေလေ ပြည်သူတို့ရဲ့ ဒုက္ခ၊သုက္ခတွေကို လျော့ပါးအောင် ကာကွယ်ပေးထား နိုင်လေလေ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

လက်ရှိ ကြိုးစားအားထုတ်မှုထက် နှစ်ဆ၊ သုံးဆ ပိုအားထုတ်ရန်လည်း ယာယီသမ္မတက တိုက်တွန်းသည်။

“ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို တွေ့ဆုံတဲ့အခါ ကျွန်တော်တို့ စိတ်လုံချင်ပါတယ်။ ပြည်သူ့အပေါ် မြူမှုန်မျှလောက် ပေါ့ပျက်ပျက် လုပ်မိမှာကို ကျွန်တော့အနေနဲ့ အလွန် စိုးရိမ်မိပါတယ်။ တော်လှန်ရေးကာလမှာ ခုခံတော်လှန်စစ်ရဲ့ တာဝန်တွေကို နေ့စဉ်နဲ့အမျှ အချိန်ပြည့်ထမ်းဆောင်နေရတာဟာ မလွယ်ကူမှန်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် အိုးပစ်၊အိမ်ပစ် အသက်လုပြီး စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူလူထုရဲ့ ဒုက္ခနဲ့ယှဉ်ရင် ကျွန်တော်တို့ရဲ့ ကြီးလေးတဲ့ တာဝန်ဟာ အသေးအဖွဲမျှသာဖြစ်တယ်လို့ ယူဆပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

လက်ရှိတွင် အားလုံး၏ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် အကြမ်းဖက်စစ်တပ် လုံးဝပြိုလဲလုနီးဖြစ်နေပြီး ထိန်းမရ၊သိမ်းမရ အခြေအနေကို ရောက်နေပြီဖြစ်သည်ဟုလည်း ပြောကြားသည်။

“ဒီလိုဖြစ်လာတော့ တဖက်က မိမိတို့ တော်လှန်ရေးအဖွဲ့ကို အားယုတ်လျော့သွားအောင် စိတ်ဓာတ်စစ်ဆင်ရေးပိုမိုလုပ်ဆောင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ညီညွတ်မှုပျက်ပြားအောင် Local PDF နဲ့ PDF တွေကြား သွေးကွဲမှုတွေလုပ်ဆောင်လာတာ တွေ့ရပါတယ်။ NUG အစိုးရနဲ့ ပြည်သူကြား အထင်လွဲမှုဖြစ်အောင်အကွက်ဆင်လုပ်ဆောင်လာနေတာရှိနေပါတယ်။ နောက်ပြီးမှ NUG အစိုးရအတွင်း ဝန်ကြီးများအကြား အချင်းချင်းနားလည်မှုမရှိအောင် လုပ်လာတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှကို အဆုံးသတ်ဖျက်သိမ်းရေး၊ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတို့ကို မျက်ခြေမပြတ် တစိုက်မတ်မတ် လုပ်ဆောင်ဖို့လိုပါတယ်။” ဟု ယာယီသမ္မတက ပြောကြားသည်။

စစ်ကောင်စီက အရပ်သားပြည်သူလူထုကို စစ်ရေးပစ်မှတ်အဖြစ် ထိုးစစ်ဆင်နေခြင်းအား နိုင်ငံတကာ အသိုင်းအဝန်းက အသေအချာ နားလည်ရန်အထူးလိုအပ်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားပြီး နည်းနာပေါင်းစုံသုံးပြီး နိုင်ငံတကာနှင့် ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ဆောင်ရွက်ရန်လည်း ယာယီသမ္မတက မှာကြားခဲ့သည်။