Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အင်အားပြုန်းတီးမှုကြောင့် စစ်ထွက်အင်အား အလွန်နည်းပါးသည့် စစ်ကောင်စီက Non-CDMများကို အရန်အင်အားအဖြစ်သုံးရန် ကြိုးပမ်း

စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၌ တပ်ရင်း (၁၀) ရင်းရှိပြီး အင်အားသုံးထောင်၊ စစ်ထွက်အင်အား နှစ်ထောင်ခန့်ရှိရမည်ဖြစ်သော်လည်း စစ်ထွက်အင်အားအလွန်နည်းနေသည့် အခြေအနေဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(မြန်မာ့မီးရထားဝန်ထမ်းများက CDM လှုပ်ရှားမှုတွင်ပါဝင်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁၀ရက်က ရန်ကုန်မြို့၌ ချီတက်ဆန္ဒပြနေစဉ် ဓာတ်ပုံ - PS)
(မြန်မာ့မီးရထားဝန်ထမ်းများက CDM လှုပ်ရှားမှုတွင်ပါဝင်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁၀ရက်က ရန်ကုန်မြို့၌ ချီတက်ဆန္ဒပြနေစဉ် ဓာတ်ပုံ - PS)

▪️စစ်ကောင်စီ၏အသုံးချခံမည်ဆိုပါက ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ခံရမည်ဟု Non-CDMများကို NUG ကာကွယ်ရေးတာဝန်ရှိသူ သတိပေး

နွေဦးတော်လှန်ရေးကာလ ခုခံတော်လှန်စစ်အတွင်း စစ်အင်အားပြုန်းတီးမှုများ နေ့စဉ် ကြုံနေရသည့် စစ်ကောင်စီတပ်အနေဖြင့် စစ်ထွက်အင်အား အလွန်နည်းပါးနေသည့် အခြေအနေတွင် စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းများ(Non-CDM)များကို အရန်အင်အားအဖြစ် စစ်ကောင်စီ၏ အသုံးချခံမည်ဆိုပါက ပြည်သူ့ ရန်သူအဖြစ်သတ်မှတ် ခံရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ ဦးမောင်မောင်ဆွေက သတိပေးလိုက်သည်။

ထွက်ပေါ်လာသည့် စာများအရ ရှမ်းပြည်နယ် တောင်ပိုင်း အတွင်းရှိ ဌာနဆိုင်ရာ စာရင်းကို ပြုစုပေးရန် စစ်ကောင်စီက ယခုလအတွင်း ညွှန်ကြားထားရာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ရန် အတွက် စစ်ကောင်စီ၏ အရန်အင်အားများအား ပြည်သူ့စစ် တပ်ရင်းအသွင် ဖွဲ့စည်းခြင်း၊အင်အားအခြေအနေအပေါ်မူတည်၍ တာဝန်ခွဲဝေခြင်း၊ အရေးကြုံလာပါ အရန်အင်အားများဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်မည်ဟု ဖော်ပြထားသည်။

အဆိုပါကိစ္စကြောင့် ဝန်ထမ်းအသိုင်းအဝိုင်း၌ ထိတ်လန့်တုန်လှုပ်နေသည်ဆိုသည့် သတင်းများ ကြားသိရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝင်လည်းဖြစ်သူ ဦးမောင်မောင်ဆွေက ပြောသည်။

“ကျနော်တို့အနေနဲ့တော့ အဲဒီကိစ္စကို ထူးပြီးတော့ အံဩခြင်းမဖြစ်မိပါဘူး။ အဲဒီလို လုပ်ရလောက် တဲ့ အကြောင်းလည်းရှိပါတယ်။ အဲဒီအကြောင်းက ဘာလဲဆိုတော့စကစရဲ့ အင်အားပြုန်းတီးမှုက အင်မတန်များနေပြီဆိုတာကို ပြောပြချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

အင်အားပြုန်းတီးမှုများအနက် တိုက်ပွဲအတွင်း သေကြေဒဏ်ရာရခြင်း၊ တိုက်ပွဲအတွင်းကျဆုံးခြင်း၊ ထွက်ပြေးခြင်းများ စစ်ကောင်စီတပ်တွင်း၌ အဖြစ်များနေသည်ဟု ဆိုသည်။

“တစ်လတစ်လကို အင်အားပြုန်းတီးမှုက တစ်ထောင်ကျော်လောက်ဖြစ်နေပြီဆိုတာကိုလည်း ကျနော်တို့ဆီကိုပေးပို့တဲ့ အချက်အလက်တွေအရ သိရပါတယ်”ဟု ဦးမောင်မောင်ဆွေက ပြောသည်။

နွေဦးတော်လှန်ရေးကာအတွင်း အင်အားပြုန်းတီးမှု သုံးသောင်းကျော်ရှိခဲ့၍ စစ်ကောင်စီက ၎င်းတို့၏ ထောက်ပို့တပ်နှင့် နည်းပညာတပ်ရင်းများကိုပင်ရှေ့တန်း၌ အသုံးချနေသည်ဟု ပြောသည်။

“အင်အားပြုန်းတီးမှုကထပ်ပြီးတော့ပြုန်းတီးဆဲပဲမို့သူတို့ရဲ့မိသားစုဝင်တွေကိုတောင် တပ်ရင်းတပ်ဖွဲ့တွေမှာစောင့်ခိုင်းတာ၊ လုံခြုံရေးဂိတ်တွေကို ပျူတွေနဲ့အတူ စောင့်ခိုင်းတဲ့အထိကို အင်အားပြုန်းတီးမှုက များလာပါတယ်”ဟု ဦးမောင်မောင်ဆွေကပြောသည်။

စစ်ကောင်စီအနေဖြင့် အင်အားအသစ်စုဆောင်းရရှိမှုလုံး၀မရှိဟုလည်း ၎င်းက ပြောသည်။

“ဘယ်ပြည်သူတစ်ဦးတစ်ယောက်ကမှ ကြည်ကြည်ဖြူဖြူနဲ့ စစ်ထဲဝင်တယ်ဆိုတာ အခုအချိန်မှာမရှိတော့ပါဘူး။ သူတို့အနေနဲ့ အင်အားစုဆောင်းတာက ခိုးဆိုးနှိုင် ဒုစရိုက်သမားတွေနဲ့ ဆေးသမားတွေကို အတင်းဖမ်းပြီး အင်အားစုဆောင်းနေရတဲ့ ဘ၀ကိုရောက်နေပါတယ်။ ဒါပေမဲ့ အဲဒါကလည်း အင်အားအနည်းအကျဉ်းသားရပြီးတော့သူတို့ကလည်း ပြန်ထွက်ပြေးတာနဲ့ဆိုတဲ့အခါ ပြုန်းတီးမှုက ပြုန်းတီးဆဲအဆင့်ပဲရှိပါတယ်။ အင်အားပြုန်းတီးလာမှု များလာတဲ့အခါကျတော့ နောက်ဆုံးကျတော့ ကြံရာမရ စကစ အနေနဲ့ ကံဆိုးသူမောင်ရှင်Non-CDM ဝန်ထမ်းတွေအပေါ်မှာ အခု ကျရောက်လာပါပြီ”ဟု ဦးမောင်မောင်ဆွေက ပြောသည်။

Non – CDMများ၏ အင်အားစာရင်းကိုယူပြီးစစ်ကောင်စီက အရန်အင်အားအဖြစ် အသုံးချရန်လုပ်ဆောင်လာနေခြင်းဖြစ်သည်ဟု ရှင်းပြသည်။

အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်သေးသည့်အပေါ် ပြည်သူလူထု အနေဖြင့် ယခုအချိန်ထိ ခွင့်လွှတ်နားလည်ပေး၍ ရသေး‌သော်လည်း စစ်ကောင်စီတပ်၏ အသုံးချမှုကို ခံမည်ဆိုပါက ရန်သူအဖြစ် သတ်မှတ်ခံရမည်ဟု ပြောသည်။

“အဲဒီကမှ တဆင့် အကြမ်းဖက်စစ်ကောင်စီရဲ့ အသုံးချမှုကို ခံပြီးတော့ အင်အားစာရင်းမှာပါမယ်။ အဲဒီကနေတဆင့် လုံခြုံရေးတွေစောင့်မယ် အဲဒီကတဆင့် တိုက်ပွဲတွေ ဝင်လာမယ်ဆိုရင်တော့ခင်ဗျားတို့ ပြည်သူရဲ့ ရန်သူအဖြစ် ပြည်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံရလိမ့်မယ်ဆိုတာကို ပြောချင်ပါတယ်”ဟု ပြောကြားသည်။

ထွက်ပေါ်နေသည့် တပ်တွင်းစာများအရ စစ်ကောင်စီတပ်ရင်းများ၌ ဖွဲ့စည်းပုံအင်အား ၊ရှိရင်းစွဲအင်အား အခြေအနေမှာများစွာ ကွာခြားနေပြီး စစ်ထွက်အင်အားမှာလည်း အလွန်နည်းပါးနေသည်ကို တွေ့ရသည်။ ထို့ပြင် ရှိရင်းအင်အားများ၌ တပ်သား ဦးရေထက် အရာရှိနှင့် အခြား တပ်ကြပ်၊တပ်ကြပ်ကြီး အင်အားများက ပိုများနေသည့် အခြေအနေဖြစ်သည်ကိုတွေ့ရသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ်(၁၁၄) ခြေမြန်တပ်ရင်း၏ ဖွဲ့စည်းပုံတွင် စုစုပေါင်းအင်အား ၈၅၀ ကျော် ရှိသော်လည်း ရှိရင်းအင်အားမှာ ၁၃၂ ဦးသာရှိပြီး ယင်းအနက် စစ်ထွက်အင်အားမှာ ၇၀ ခန့်သာရှိသည်ဟုဆိုသည်။

ကချင်ပြည်နယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ၎င်းတို့၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌လည်း စစ်ကောင်စီတပ်၏ အခြေအနေမှာ ထိုသို့ပင်ဖြစ်သည်ဟု ပြောသည်။

စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၌ တပ်ရင်း (၁၀) ရင်းရှိပြီး အင်အားသုံးထောင်၊ စစ်ထွက်အင်အား နှစ်ထောင်ခန့်ရှိရမည်ဖြစ်သော်လည်း စစ်ထွက်အင်အားအလွန်နည်းနေသည့် အခြေအနေဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“စကခ တစ်ခုဆို တပ်ရင်းက ၁၀ရင်းရှိတယ်။ ၁၀ရင်းဆို အနည်းဆုံး အင်အားက သုံးထောင်၊ အဲဒီမှာ စစ်ထွက်အင်အားက ၂၀၀၀ကျော်ကျော် အနည်းဆုံး ၁၇၀၀ဝန်းကျင်လို့ သူတို့ မှန်းထားတာပေါ့။ ဒါပေမဲ့ အခုဖြစ်နေတဲ့ဟာက စကခ တွေထဲမှာဆိုလို့ရှိရင်လည်း တကယ့်စစ်ထွက်နိုင်တဲ့အင်အားက ၇၀၀ တောင်မရှိဘူးလို့ သိရတယ်။ မိုးကောင်း စကခ(၃)ဆို တပ်ပျက်နေတာ ကြာလှပြီ”ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။