Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နမ်ဆန်ယန်ထိုးစစ် တိုက်ပွဲဝင်ရန်ငြင်းဆန်သည့် တပ်ရင်းမှူးများအနက် တစ်ဦး စစ်ကြောရေး၌ သေဟု ကချင်သတင်းရင်းမြစ်ပြော

စစ်ကောင်စီ၏ နမ့်ဆန်ယန်ဒေသ ထိုးစစ်ကြောင့် ဗန်းမော် – မြစ်ကြီးနားလမ်း၌ တစ်လကျော်ကြာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာ၍ လေကြောင်း၊လက်နက်ကြီး ပစ်ကူများအသုံးပြုတိုက်ခိုက်ခဲ့ရသည်။

(နန်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၂၁ရက် ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးခဲ့သည့်အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)
(နန်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၂၁ရက် ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးခဲ့သည့်အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)

▪️ခလရ(၃၇)နှင့် ခမရ(၃၈၇)တပ်ရင်းမှူးနှစ်ဦးကိုလည်း မပခက ယမန်နေ့တွင် ဖမ်းသွားဟုပြော

“ရှေ့တန်းထွက်ရင်တော့ သေမှာပဲ။ သေရင်တော့ မိသားစုနဲ့တွေ့ရမှာ မဟုတ်ဘူး။ အာဏာဖီဆန်မှုနဲ့ သူ့ကိုထောင်ချရုံကလွဲလို့ အခြားမရှိဘူး။အဲဒီလိုတွေးပြီးဖြစ်တယ် ထင်တယ်”

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာနယ်မြေအနီးရှိ နမ့်ဆန်ယန်ဒေသသို့ ထိုးစစ်ဆင်ရန် ငြင်းဆန်ပြီး အာဏာဖီဆန်ခဲ့သည့် တပ်ရင်းမှူး သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးအရေးယူထားသကဲ့သို့ ထိုးစစ်ဆက်လုပ်ရန် ငြင်းဆန်ခဲ့သည့် တပ်ရင်းမှူးနှစ်ဦးကိုလည်း ယမန်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)က ဖမ်းဆီးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်နှင့် ကချင်ဒေသခံတို့ကပြောသည်။

စစ်ကောင်စီတပ်သည် နမ့်ဆန်ယန်ဒေသထိုးစစ်ကိုဇူလိုင်လဆန်း၌ စတင်ခဲ့ခြင်းဖြစ်ပြီး KIAနှင့်ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ၌အထိနာကာ လက်ရှိတွင် ထိုးစစ်ပြန်ငြိမ်သက်နေသည်။

ကချင်ဒေသခံသတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ ထိုးစစ်အစပိုင်းတွင် တိုက်ပွဲဝင်ရန် ငြင်းဆန်သည့် တပ်မ(၈၈) လက်အောက်ခံ ခလရ(၁၂)၊ ခလရ(၁၃)နှင့် ခမရ(၄၁၁)မှ တပ်ရင်းမှူး သုံးဦး အာဏာဖီဆန်၍ အဖမ်းခံထားရသည်ဟု ဆိုသည်။

“ရှေ့တန်းတိုက်ဖို့ အထက်အမိန့်ပေးတယ်။ ဒါပေမဲ့သူက မသွားချင်ဘူးပေါ့။ ဒါကြောင့် ပြန်ခေါက်တယ်ဆိုတော့ အာဏာဖီဆန်မှုနဲ့ အရေးယူထားတယ်လို့ ပြောတယ်။ အဲဒီ အသံပဲကြားတယ်။ ကျနော်တို့ ကြားတာက တပ်မ (၈၈)လက်အောက်ခံတပ်ရင်း(၁၂)၊ (၁၃)၊ (၄၁၁) အဲဒီ တပ်ရင်း သုံးရင်းက တပ်ရင်းမှူးတွေကို ကြားတာပဲ။ ကျနော်ထင်တာ ဘာပဲဖြစ်ဖြစ်‌ ရှေ့တန်းထွက်ရင်တော့ သေမှာပဲ။ သေရင်တော့ မိသားစုနဲ့ တွေ့ရမှာ မဟုတ်ဘူး။ အာဏာဖီဆန်မှုနဲ့ သူ့ကို ထောင်ချရုံက လွဲလို့ အခြားမရှိဘူး ။ ၅နှစ်လောက်ထောင်ချမယ်လေ။ ထောင်ချလို့ ပြန်လာရင် မိသားစုနဲ့တွေ့ရမယ်ပေါ့။ အဲဒီလို ပုံစံမျိုးနဲ့ အတွေးက အဲဒီလိုတွေးပြီးဖြစ်တယ်ထင်တယ်”ဟု ကချင်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံထားရသည့် တပ်ရင်းမှူးများအနက် ခလရ(၁၃)တပ်ရင်းမှူးသည် လွန်ခဲ့သည့်လေးရက်တွင် ဗန်းမော်ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)စစ်ကြောရေး၌ သေဆုံးသွားသည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“၁၃ တပ်ရင်းမှူးနာမည်မေးထားတယ်။ သေသွားတာ ၄ရက်ပဲ ရှိသေးတယ်။ အကြီးအကျယ် နာမကျန်းဖြစ်သွားတာ ဆေးကုမပေးဘူးတဲ့”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင်ယမန်နေ့ ဩဂုတ် ၁၅ရက်ကလည်း နမ့်ဆန်ယန်ကို ဆက်လက်ထိုးစစ်ဆင် အမိန့်အား ငြင်းဆန်ခဲ့သည့် တပ်ရင်းမှူး နှစ်ဦးကိုစစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလာဖမ်းသွားသည်ဟု ပြောသည်။

“ဝိုင်းမော်ဘက်မှ မြစ်ကြီးနား-ဗန်းမော် ကားလမ်းအတိုင်း နမ့်ဆန်ယန် ဘက်ဆက်လက်ထိုးစစ်ဆင်ဖို့ ငြင်းဆိုခဲ့သော ခလရ(၃၇)နဲ့ ခမရ(၃၈၇) မှ တပ်ရင်းမှူး နှစ်ယောက်အား မနေ့က တိုင်းစစ်ဌာနချုပ် က လာဖမ်းခေါ်သွားကြောင်း သိရတယ်။ ခဇူးတပ် စခန်းမှ လာခေါ်သွားတာဖြစ်ကြောင်းသိရတယ်။ အဲဒါက မနေ့က ဖြစ်တာ။ တပ်ရင်းမှူး ၂ယောက်က ထောင်ပဲအကျခံမယ်လို့ပြောတယ်”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်ဒေသခံကမူ ခလရ(၁၃) တပ်ရင်းမှူး အား အရေးယူရန် ဖမ်းဆီးထားသည်ဟုသာ ကြားရပြီး သေဆုံးသည့် သတင်းမကြားရသေးဟု ပြောသည်။

“အစပိုင်း ဖြစ်တဲ့အချိန်မှာ ရှေ့တက်ဖို့ အမိန့်ပေးတော့ မတက်ဘူးပေါ့။ အဲဒီလိုဆိုတော့ သူ့ကို အာဏာဖီဆန်မှုနဲ့ချုပ်ထားတယ်။ စစ်ဆေးတယ်ဆိုပြီး ကြားတယ်။ ဟိုးတခေါက်ကတော့ မြစ်ကြီးနားကို ခေါ်သွားတယ်လို့ ကြားတယ်။ ဗန်းမော်မှာ ရှိနေတယ်ဆိုတာတော့မကြားဘူး။ မြစ်ကြီးနားခေါ်ပြီး စစ်ဆေးနေတယ်လို့ ကြားတယ်။ ထောင်ချမယ်လို့ ကြားတယ် အာဏာဖီဆန်မှုနဲ့။တပ်ရင်းမှူးဆိုတော့ ဒုဗိုလ်မှူးကြီးပေါ့။နာမည်တော့ မသိရဘူး”ဟု ကချင်ဒေသခံက ပြောသည်။

စစ်ကောင်စီ၏ နမ့်ဆန်ယန်ဒေသ ထိုးစစ်ကြောင့် ဗန်းမော် – မြစ်ကြီးနားလမ်း၌ တစ်လကျော်ကြာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာ၍ လေကြောင်း၊လက်နက်ကြီး ပစ်ကူများအသုံးပြုတိုက်ခိုက်ခဲ့ရသည်။

လက်ရှိတွင် ကချင်ဒေသအပါအဝင် နိုင်ငံတဝန်း တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ် အင်အားပြုန်းတီးမှုများပြားလျက်ရှိပြီး တပ်ရင်းတပ်ဖွဲ့များ၌ ဖွဲ့စည်းပုံပြည့်မီခြင်းမရှိဘဲ ရှိရင်းအင်အား အလွန်နည်းပါးလျက်ရှိသည်ဟုဆိုသည်။ စစ်ကောင်စီတပ်အနေဖြင့် Non-CDM ဌာနဆိုင်ရာဝန်ထမ်းများကိုပင်စစ်ရေး၌ အသုံးပြုရန် ကြိုးပမ်းနေပြီး စာရင်းကောက်ယူမှုများရှိနေသည်ဟု ဆိုသည်။