Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်ကောင်စီ ဘဏ်နှစ်ခုရဲ့ ကန်ဒေါ်လာ ၁ သန်းကျော်ငွေစာရင်းကို ဘင်္ဂလားဒေ့ရှ်ဘဏ်ပိတ်ဆို့

မြန်မာစစ်ကောင်စီလက်အောက်ခံ ဘဏ်နှစ်ခု အပ်နှံထားတဲ့ ဒေါ်လာ ၁ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်ဘဏ်က ထုတ်ယူခွင့်မပေးတော့ဘဲ ပိတ်ဆို့လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာန ဒါကာထရီဗျုးက ဖော်ပြပါတယ်။ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ကူသန်းရောင်းဝယ်ရေးဘဏ်(MICB)၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)တို့နဲ့ ဆက်ဆံတာ ရပ်တန့်ဖို့ ဒါကာမြို့မှာရှိတဲ့ အမေရိကန်သံရုံးဘက်က ဖိအားပေးပြီးနောက်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ Sonali ဘဏ်က အဲဒီဘဏ်နှစ်ခုရဲ့အကောင့်တွေ ပိတ်လိုက်တာပါ။ Sonali ဘဏ်ဟာ မြန်မာ − ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ကုန်သွယ်ရေး ငွေပေးချေမှုမှာ ကြားခံအဖြစ်ဆောင်ရွက်ပေးရတဲ့ဘဏ်ဖြစ်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ Sonali ဘဏ်ကိုတွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ Sonali ဘဏ်ကိုတွေ့ရစဉ်

▪️ဗမာလူမျိုးအများစုပါဝင်လာတာကြောင့် တော်လှန်ရေး အောင်မြင်ခြင်း ရောက်မယ်လို့ လုံး၀ယုံကြည်ကြောင်း ကရင်နီစစ်ဦးစီးချုပ်ပြော

မြန်မာနိုင်ငံမှာ ဗမာလူမျိုးအများစု တော်လှန်ရေးမှာ ပါဝင်တော်လှန်လာကြပြီဖြစ်တာကြောင့် တော်လှန်ရေးအင်အားကောင်းမွန်လာပြီး အောင်မြင်ခြင်းသို့ရောက်ရှိမယ်လို့ လုံး၀ယုံကြည်ကြောင်း ကရင်နီတပ်မတော်(KA)စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်က ဒီနေ့ ကျရောက်တဲ့ (၇၅)နှစ်မြောက် ကရင်နီတပ်မတော်နေ့မှာ ပြောပါတယ်။ ကရင်နီပြည်တပ်မတော် KNDF၊ KPDF များကို စေတနာအပြည့်ဖြင့် ကူညီပံ့ပိုးထောက်ပံ့နေကြတဲ့ ပြည်တွင်း၊ ပြည်ပရှိ တော်လှန်ရေးဘက်တော်သားများ ရဟန်းရှင်လူမိဘပြည်သူနဲ့ လူမှုအဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်းလည်း ဗိုလ်မှူးချုပ်အောင်မြတ်က ပြောပါတယ်။ ရန်သူစစ်ကောင်စီတပ်ရဲ့ အခြေအနေ မကောင်းတာကို မြေပြင်ရှိ တပ်မှူး၊ တပ်သားများက ပိုမိုတွေ့မြင်ရမှာဖြစ်ပြီး တော်လှန်ရေးမှာ စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းပါတယ်။

(ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်အား တွေ့ရစဉ်)
(ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်အား တွေ့ရစဉ်)

▪️တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကာလ မကြာမီ ရောက်ရှိလာတော့မယ်လို့ NUG ကာကွယ်ရေးပြော

စစ်ကောင်စီအမြစ်ပြတ်အောင် ချေမှုန်းရမယ့် တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကာလ မကြာမီ ရောက်ရှိလာတော့မယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ကျရောက်တဲ့ ကရင်နီတပ်မတော်နေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြအသိပေးပါတယ်။ စစ်ကောင်စီတပ်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအင်အား မည်မျှသာလွန်နေစေကာမူ ကရင်နီပြည်စစ်မြေပြင်မှာ အလူးအလဲရှုံးနိမ့်နေတယ်လို့ NUG ကာကွယ်ရေးက ဆိုပါတယ်။ ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နဲ့ အခြားသောတော်လှန်ရေး တော်လှန်ရေးတပ်ဖွဲ့များရဲ့ ထက်သန်ပြင်းပြသော တော်လှန်တိုက်ခိုက်လိုစိတ်၊ စစ်ရေးစွမ်းရည်နဲ့ ပူးပေါင်းအားထုတ်မှုများကို အလေးအနက် ဦးညွှတ်အသိအမှတ်ပြုကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

(ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို လွတ်မြောက်နေရာတစ်နေရာ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ - KnIc)
(ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို လွတ်မြောက်နေရာတစ်နေရာ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ – KnIc)

▪️မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းပိုင်းကို KNLA၊ PDF ပူးပေါင်းတပ် စစ်ဆေး

ဒေသစိုးမိုးရေးအတွက် အရေးပါ‌တဲ့ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမတလျှောက်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက နေ့စဉ် လုံခြုံရေးစစ်ဆေးနေတယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ်(၃)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းက သတင်းထုတ်ပြန်ပါတယ်။ ရေးမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာမှာ မနေ့က လုံခြုံရေးစစ်ဆေးနေတဲ့ မှတ်တမ်းဓာတ်ပုံများကို ဖော်ပြပါတယ်။ မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်နဲ့ မြိတ်လမ်းပိုင်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်များအနေဖြင့် စစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်သော လူများ၊ ပစ္စည်းများတင်ဆောင်ခြင်းမပြုလုပ်ဖို့၊ စစ်ကောင်စီယာဉ်များနဲ့ လိုက်ပါခြင်းမပြုလုပ်ကြဖို့၊ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့ တိုက်တွန်းထားပါတယ်။

▪️ကနီနယ် စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေလို့ ကျေးရွာ ငါးရွာမှဒေသခံများ ဘေးလွတ်ရာထွက်ပြေး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အမျိုးသမီးနှစ်ဦးအပါအဝင် ရှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့ မနက်မှာ နောက်ထပ်စစ်ကြောင်းတစ်ကြောင်းနဲ့ ထပ်ပေါင်းကာ ကနီမြို့နယ်သို့ ဝင်ရောက်လာလို့ ‌ကျေးရွာငါးရွာမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကြောင်းနှစ်ခု အင်အား ၃၀၀ ထက်မနည်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကနီမြို့နယ် ကျောက်‌မှော်ရွာသို့ လက်နက်ကြီးများပစ်ခတ်ပြီး စတင်ဝင်ရောက်လာတာလို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ အဲဒီစစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

▪️ကြာအင်းဆိပ်ကြီးမှာ တပ်နဲ့ ရဲCDMများကို ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ တပ်နဲ့ ရဲ CDM များကို ထောက်ပံ့မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့အသိပေးပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်မြောက်နယ်မြေမှာ ထောက်ပံ့ငွေပေးအပ်ပွဲ ပြုလုပ်ခဲ့ပြီး တပ်နဲ့ ရဲ CDM သူရဲကောင်း ၁၆ ဦးအတွက် တစ်ဦးလျှင် ခုနစ်သောင်းကျပ်စီ ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ကြာအင်းဆိပ်ကြီးတွင် တပ်နှင့် ရဲCDMများကို ထောက်ပံ့ငွေပေးအပ်
ကြာအင်းဆိပ်ကြီးတွင် တပ်နှင့် ရဲCDMများကို ထောက်ပံ့ငွေပေးအပ်