Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းရွှေဟော်သို့ လေထီးဖြင့် စစ်အင်အားလာချသည့် စစ်ကောင်စီတပ်သား ၇၀ကျော်ကို ချေမှုန်းနိုင်ခဲ့ဟု MNDAA ပြော

စစ်ဆင်ရေးစတင်ချိန်မှ ယခုလက်ရှိအချိန်ထိ သိမ်းယူနိုင်ခဲ့သော စစ်‌ကောင်စီတပ်စခန်းစုစုပေါင်းမှာ (၅၇)ခုရှိခဲ့ကြောင်း MNDAAက အသိပေးသည်။

(စစ်ကောင်စီတပ်က လေထီးဖြင့်ချပေးသည့် ပစ္စည်းထုပ်အား MNDAAက သိမ်းဆည်းရရှိစဉ်။ ဓာတ်ပုံ - The Kokang)
(စစ်ကောင်စီတပ်က လေထီးဖြင့်ချပေးသည့် ပစ္စည်းထုပ်အား MNDAAက သိမ်းဆည်းရရှိစဉ်။ ဓာတ်ပုံ - The Kokang)

ကိုးကန့်ဒေသ ချင်းရွှေဟော်သို့ လေထီးဖြင့် စစ်အင်အားလာပို့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကို ချေမှုန်းနိုင်ခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

အောက်တိုဘာ ၂၈ရက် နေ့လယ် ၁၂နာရီခွဲခန့်တွင် အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ချင်းရွှေဟော်မြို့ရဲ့ ကောင်းကင်ပေါ်မှာပါ။ ပစ္စည်းနဲ့ တပ်ဖွဲ့ဝင်အယောက် ၈၀ လောက်ကို သူက လေထီးနဲ့ချခဲ့တာ။ အဲဒါကို ကျနော်တို့ တွေ့ရှိလိုက်တာနဲ့ ကျနော်တို့လည်း အချိန်နဲ့တပြေးညီ သွားရောက် တိုက်ခိုက်ချေမှုန်းတာပေါ့နော်။ အဲဒီ ချေမှုန်းတဲ့အချိန်မှာ စစ်ကောင်စီအဖွဲ့ဝင် ၇၀ လောက် ကို ကျနော်တို့က ချေမှုန်းနိုင်ခဲ့ပြီးတော့ ပစ္စည်း အထုပ်ကြီးတစ်ထုပ်ကျနော်တို့ ရခဲ့တယ်ဗျ။ ဒါကကျနော်တို့ရခဲ့တဲ့ ပါဆယ်ထုပ်ကြီးပေါ့”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လေထီးဖြင့်ချလာသည့် ပစ္စည်းထုပ်အား သိမ်းဆည်းရရှိမှု ဓာတ်ပုံမှတ်တမ်းကိုလည်း ၎င်းက ပြသသည်။

​လေထီးဖြင့်ချ​သော စစ်​ကောင်စီတပ်မှ ၃ ဦးသာအသက်ရှင်ခဲ့ပြီးစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထား​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

MNDAAနှင့် မဟာမိတ်တပ်များသည် ‘၁၀၂၇ စစ်ဆင်ရေး’ကို အောက်တိုဘာ ၂၇ရက်က စတင်ခဲ့ရာ ယင်းနေ့၌ပင် ချင်းရွှေဟော်ကို MNDAAက ထိန်းချုပ်နိုင်ခဲ့ပြီး ယမန်နေ့အောက်တိုဘာ ၂၈ရက်တွင် ချင်းရွှေဟော်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကိုသိမ်းပိုက်ရှင်းလင်းနိုင်ကြောင်း အသိပေးထားသည်။

ယနေ့ စစ်ဆင်ရေး တတိယနေ့တွင်လည်း MNDAAသည် ကိုးကန့် ၊ မုံးကိုး ၊ လားရှိုး၊မူပန်(သိန္နီ) ၊နမ့်ဆလပ်စသည့်နေရာများမှ စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်ခဲ့ရာ နေ့လည် ပိုင်းအထိ တပ်စခန်းပေါင်း(၁၁)ခုကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း၊ စစ်သုံ့ပန် ၁၀ဦးဖမ်းဆီးရရှိကြောင်း ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးစတင်ချိန်မှ ယခုလက်ရှိအချိန်ထိ သိမ်းယူနိုင်ခဲ့သော စစ်‌ကောင်စီတပ်စခန်းစုစုပေါင်းမှာ (၅၇)ခုရှိခဲ့ကြောင်း MNDAAက အသိပေးသည်။

မုံးကိုးဒေသ၌ တိုက်ပွဲများဆင်နွှဲခဲ့ရာ ယင်းဒေသရှိ စစ်ကောင်စီတပ်စခန်း ၆ခုကို သိမ်းယူနိုင်ခဲ့ကြောင်း၊ လားရှိုး – နမ့်ဆလပ်စစ်ဆင်ရေးတွင်လည်း လားရှိုးအရှေ့ဘက် ကွမ်ယုံပေါက်ပေါက်တောင်ကုန်းရှိ စစ်ကောင်စီ၏ တပ်စခန်း(၂)ခု ကို ထိုးစစ်တိုက်ခိုက်ခဲ့ရာ ဒရုန်းကိုနှောက်ယှက်စေနိုင်သည့်စက်ပစ္စည်းအချို့နှင့် စစ် ပစ္စည်း အချို့သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်(၄)ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း အသိပေးသည်။

သိန္နီရဲစခန်းကို တိုက်ခိုက်သိမ်းယူပြီးဖြစ်ကြောင်း အသိပေးထားသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ မာချီနှောတပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း၊ ယမန်နေ့ကလည်း နမ့်ဆလပ်ရဲစခန်းကိုတိုက်ခိုက်သိမ်းယူခဲ့ရာ ကျပ်သိန်း(၂၀၀)ကျော်နှင့် အခြား ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ကိုးကန့်‌ဒေသတိုက်ပွဲကိုလည်း MNDAAက ဆက်လက်ဆင်နွှဲခဲ့ရာ MNDAAသည် တုံရှမ်းဒေသ ရန်သက်ရှမ်း တောင်ကုန်းပေါ် ရှိ စစ်ကောင်စီတပ်ဖွဲ့၏တပ်စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ရာ နှစ်ရက်ကြာ အဆက်မပြက် ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ယင်းစခန်းကို သိမ်းယူနိုင်ခဲ့သည်ဟုဆိုသည်။

ယင်းတပ်စခန်းတွင် စစ်ကောင်စီတပ်များက အရပ်ဝတ်များဝတ်ကာ ထွက်ပြေးခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၈ဦးကိုဖမ်းမိပြီး ရုပ်အလောင်း ၇လောင်းရရှိကြောင်း ဖော်ပြသည်။