Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ် ဝန်ကြီးချုပ်ဟောင်း လီကီကျန်း ရုတ်တရက် ကွယ်လွန်

တရုတ် အစိုးရပိုင် ရှင်ဟွာလို သတင်းဌာနကြီးတွေမှာတော့ လီရဲ့ ဝန်ကြီးချုပ်ဘဝ ဖြတ်သန်းမှုလို အကြောင်းအရာတွေကို တလေးတနက် ဖော်ပြတာမျိုး မရှိဘဲ သူကွယ်လွန်တဲ့ ကိစ္စကို အတော်လေး သိုသိုသိပ်သိပ်သာ သတင်းရေးသားတာမျိုး တွေ့ရပါတယ်။

တရုတ် ဝန်ကြီးချုပ်ဟောင်း လီကီကျန်း ရုတ်တရက် ကွယ်လွန်
တရုတ် ဝန်ကြီးချုပ်ဟောင်း လီကီကျန်း ရုတ်တရက် ကွယ်လွန်

တရုတ် ဝန်ကြီးချုပ်ဟောင်း လီကီကျန်းဟာ ရုတ်တရက် နှလုံးဖောက်ပြန်မှုကြောင့် ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

သူဟာ အောက်တိုဘာ ၂၆ ရက် ညသန်းခေါင်ကျော် အောက်တိုဘာ ၂၇ ရက် မနက် အစောပိုင်းလောက်တုန်းက နှလုံးဖောက်တဲ့ဒဏ်ကို ၁၀ မိနစ်လောက် ခံစားခဲ့ရပြီး အစွမ်းကုန် ကြိုးစား ကုသပေးခဲ့ကြပေမယ့် မကယ်တင်နိုင်ခဲ့ဘူးလို့ တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြသွားပါတယ်။ လီကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ် ရှိခဲ့ပါပြီ။

လီဟာ တရုတ်ရဲ့ အာဏာရ ကွန်မြူနစ် ပါတီထဲမှာ သမ္မတ ရှီကျင့်ဖျင်ကို ပြိုင်ဆိုင်တဲ့ အစုအဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်ခဲ့ပြီး တရုတ်ရဲ့ ခေါင်းဆောင်နေရာကို ဆက်ခံနိုင်မယ်လို့ ထင်ကြေးပေး ခံခဲ့ရဖူးပေမယ့် နောက်ပိုင်းမှာတော့ ရှီရဲ့ ဖယ်ထုတ်ခြင်းကိုသာ ခံခဲ့ရပါတယ်။

ထက်မြက်တဲ့ စီးပွားရေး ပညာရှင် တစ်ဦးအဖြစ် အသိအမှတ်ပြု ခံရသူ လီဟာ တရုတ်ရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ ဒုတိယ အမြင့်ဆုံး ရာထူးမှာ တာဝန်ယူခွင့် ရခဲ့ဖူးပေမယ့် ရှီဦးဆောင်တဲ့ အစိုးရထဲမှာတော့ အတော်ကြီး တသီးတခြား ဖယ်ကြဉ် ခံခဲ့ရပါတယ်။

ဒီနှစ်၊ မတ်လထိ တရုတ် ဝန်ကြီးချုပ် ရာထူးကို ထမ်းဆောင်ခဲ့သူ လီဟာ တရုတ် အစိုးရ အဖွဲ့ထဲမှာ သမ္မတရှီရဲ့ သစ္စာတော်ခံတွေထဲက မဟုတ်တဲ့ တစ်ဦးတည်းသော ထိပ်တန်း အရာရှိ အဖြစ်လည်း သတ်မှတ် ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

လီဟာ လက်တွေ့ကျပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လိုလားတဲ့ ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း၊ ဒါပေမဲ့ မနှစ်က သူ့ကို ရှီက ဖယ်ထုတ်ပြီး သူ့ရဲ့ သစ္စာတော်ခံတွေနဲ့ချည်း အစိုးရ အဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့နောက် လီရဲ့ ထိရောက် အားကောင်းတဲ့ အသံတွေ ပျောက်ကွယ်သွားခဲ့ကြောင်း ဘေဂျင်းအခြေစိုက် နိုင်ငံရေး လေ့လာသူ ဂျိမ်းစ် ဇင်မာမန်းက ပြောပါတယ်။ လီကွယ်လွန်သွားတာဟာ ပါတီထဲမှာ အလယ်အလတ် လမ်းစဉ် အမြင်တွေ ဖော်ထုတ်နိုင်စွမ်း သိသိသာသာ လျော့ကျသွားတဲ့ လမ်းစလည်း ဖြစ်တယ်လို့ သူက Twitterမှာ ရေးသားခဲ့ပါတယ်။

လီဟာ ရှန်ဟိုင်းမြို့မှာ ရှိနေချိန် အောက်တိုဘာ ၂၆ ညသန်းခေါင်မှာ ရောဂါထဖောက်ပြီး နောက်တစ်နေ့ အကူးမှာ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။ သူရုတ်တရက် သေဆုံးသွားကြောင်း သတင်းကို နောက်တစ်နေ့ မနက် နိုးထချိန်မှာ ကြားသိရတဲ့ ပြည်သူတွေက ဝမ်းနည်း ကြေကွဲစိတ်နဲ့ တုံ့ပြန် မှတ်ချက်တွေ ရေးသားနေတာ တွေ့ရပါတယ်။

ဒါပေမဲ့ တရုတ် အစိုးရပိုင် ရှင်ဟွာလို သတင်းဌာနကြီးတွေမှာတော့ လီရဲ့ ဝန်ကြီးချုပ်ဘဝ ဖြတ်သန်းမှုလို အကြောင်းအရာတွေကို တလေးတနက် ဖော်ပြတာမျိုး မရှိဘဲ သူကွယ်လွန်တဲ့ ကိစ္စကို အတော်လေး သိုသိုသိပ်သိပ်သာ သတင်းရေးသားတာမျိုး တွေ့ရပါတယ်။

ဥပမာ အနေနဲ့ ဝန်ကြီးချုပ်ဟောင်း လီပန် ကွယ်လွန်ချိန်က သူ့ကို ပါတီရဲ့ အထူးခြားဆုံး အဖွဲ့ဝင် တစ်ဦး၊ အချိန်ရဲ့ တိုက်စား စမ်းသပ်မှုတွေကို ခုခံတွန်းလှန်ပြခဲ့တဲ့ ကွန်မြူနစ် ရဲဘော်တစ်ဦး၊ ထူးချွန်တဲ့ တော်လှန်ရေးဝါဒီ၊ နိုင်ငံရေးသမားနဲ့ ခေါင်းဆောင်တစ်ဦး စသဖြင့် ရည်ညွှန်းခဲ့ဖူးပါတယ်။

လီဟာ ရှီအတွက် အဓိက ပြိုင်ဘက်တစ်ဦးအဖြစ် ရှုမြင်ခံရသလို တရုတ်ရဲ့ မျိုးဆက်တစ်ခုအတွင်း အထက်မြက်ဆုံး နိုင်ငံရေးသမား တစ်ဦးလို့လည်း သတ်မှတ်နိုင်ပါတယ်။ သူသတ်မှတ်ခဲ့တဲ့ လီကီကျန်း ညွှန်ကိန်းဟာ တရုတ်ရဲ့ စီးပွားရေး တိုးတက်မှုကို တရားဝင် မဟုတ်ဘဲ ထိရောက်မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ တိုင်းတာနိုင်တဲ့ နည်းလမ်းတစ်ခု အဖြစ်လည်း လူသိများခဲ့ပါတယ်။

သူ့ကို သမ္မတ ဟူကျင်းတောင် လက်ထက်မှာ အရိုက်အရာ ဆက်ခံသူအဖြစ် သေသေချာချာ ပျိုးထောင်ပေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပြိုင်ဘက် အင်အားစုထဲက ရှီက ပါတီ အတွင်းရေးမှူးချုပ်နဲ့ သမ္မတ ရာထူးတွေကို ရယူသွားပြီး လီကတော့ ဝန်ကြီးချုပ်သာ ဖြစ်လာခဲ့တာပါ။ သူဟာ ဟူခန့်အပ်ခဲ့သူတွေထဲမှာ နောက်ဆုံးလက်ကျန် ပေါ်လစ်ဗျူရို အဖွဲ့ဝင်အဖြစ် အခုနှစ် မတ်လထိ တာဝန်ထမ်းဆောင်ပြီး ရာထူးက နုတ်ထွက်ခဲ့ရပါတယ်။