Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာဖက်မှာ တူးဖော်မှု ဆိုင်းငံ့လိုက်ခြင်းက တရုတ်ရဲ့ သံဖြူတင်သွင်းမှုအပေါ် သက်ရောက်မှုရှိ

တစ်ဖက်မှာလည်း တရုတ်ဟာ သတ္တုကုန်ကြမ်း ပြတ်လပ်နိုင်ခြေနဲ့ ပတ်သက်ပြီး ရင်းမြစ်တွေ ခွဲဖြန့် ရှာဖွေရာမှာ အောင်မြင်မှု အကန့်အသတ်တွေ ဖြစ်နေပြီး မြန်မာဖက်က သံဖြူတင်သွင်းမှု ရပ်တန့်နေခြင်းဟာ ရေရှည်မှာ ပြဿနာတွေ ဖြစ်လာနိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

(ဝ​ဒေသရှိ သံဖြူစက်ရုံတစ်ရုံ။ ဓါတ်ပုံ-ရိုက်တာ)
(ဝ​ဒေသရှိ သံဖြူစက်ရုံတစ်ရုံ။ ဓါတ်ပုံ-ရိုက်တာ)

မြန်မာနိုင်ငံဖက်က သံဖြူတင်သွင်းမှု လျော့ကျသွားခြင်းက တရုတ်နိုင်ငံရဲ့ သွင်းကုန်ကဏ္ဍမှာ သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်း သိရပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ သံဖြူ တူးဖော်မှုတွေ ဆိုင်းငံ့လိုက်ခြင်းနဲ့အတူ စက်တင်ဘာလအတွက် တရုတ်ရဲ့ သံဖြူတင်သွင်းမှု ပမာဏမှာ သိသိသာသာ လျော့ပါး ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အင်အား အတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က စာရင်းပြန်လည် စစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့အတွက် ဒေသတွင်းက သံဖြူ သတ္တုမိုင်း တူးဖော်မှုနဲ့ သန့်စင်မှု လုပ်ငန်းအားလုံးကို ဩဂုတ်လဆန်း ကတည်းက ရပ်နားထားစေခဲ့တာ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးက ထွက်ရှိတဲ့ သံဖြူ ၇၀ ရာခိုင်နှုန်းကျော်ကို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကနေ ထုတ်လုပ်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သံဖြူသတ္တု ထုတ်လုပ်မှု တတိယ အများဆုံး နိုင်ငံဖြစ်ပြီး တရုတ်ရဲ့ စျေးကွက် လိုအပ်ချက်ကို အဓိက ထောက်ပံ့ပေးနေတဲ့ ရင်းမြစ်အဖြစ်လည်း ရပ်တည်နေပါတယ်။

တရုတ်ရဲ့ ပြည်တွင်း သံဖြူ ထုတ်လုပ်မှု လုပ်ငန်းရှင်တွေကတော့ မြန်မာဖက်က တူးဖော်မှုတွေ ဆိုင်းငံ့ထားတာနဲ့ ပတ်သက်ပြီး ကြိုတင် တုံ့ပြန်တဲ့ အစီအမံ အနေနဲ့ သံဖြူ သတ္တုရိုင်းတွေရော၊ သန့်စင်ပြီး သတ္တုတွေကိုပါ စုဆောင်းထားကြောင်း၊ ဒီအခြေအနေကြောင့် ကုန်စည်စီးဆင်းမှု ကွင်းဆက်အပေါ် သက်ရောက်မှုက သိသိသာသာ ကြီးမားမှာ မဟုတ်ကြောင်း ပြောကြားထားကြပါတယ်။

နောက်ပြီး ကမ္ဘာ့ အီလက်ထရောနစ် စျေးကွက်ရဲ့ အတန်ငယ် အားပျော့နေမှုကလည်း သံဖြူ ဝယ်လိုအားကို အထိုက်အလျောက် လျော့ပါးနေစေတယ်လို့ ဆိုပါတယ်။ သံဖြူသတ္တု အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ ဆားကစ်ဘုတ်ပြားတွေ ဖန်တီးဖို့အတွက် အီလက်ထရောနစ် ထုတ်ကုန်တွေမှာ အသုံးပြုကြရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း တရုတ်ဟာ သတ္တုကုန်ကြမ်း ပြတ်လပ်နိုင်ခြေနဲ့ ပတ်သက်ပြီး ရင်းမြစ်တွေ ခွဲဖြန့် ရှာဖွေရာမှာ အောင်မြင်မှု အကန့်အသတ်တွေ ဖြစ်နေပြီး မြန်မာဖက်က သံဖြူတင်သွင်းမှု ရပ်တန့်နေခြင်းဟာ ရေရှည်မှာ ပြဿနာတွေ ဖြစ်လာနိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

တရုတ်ဟာ စက်တင်ဘာလမှာ သံဖြူ စုစုပေါင်း မက်ထရစ်တန် ၇၃၀၀ ကိုသာ တင်သွင်းနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း အနည်းဆုံး ပမာဏ ဖြစ်လာပါတယ်။ ဩဂုတ်လမှာ တူးဖော်မှုတွေ ဆိုင်းငံ့တဲ့ ညွှန်ကြားချက် ထွက်မလာခင် မြန်မာဖက်ကနေ တရုတ်ကို တင်သွင်းတဲ့ သံဖြူသတ္တု ပမာဏက ၁၄၁၂ တန် ရှိခဲ့ပြီး လအလိုက် နှိုင်းယှဉ်မှုအရ နည်းနည်းလေး တက်ရိပ်ပြခဲ့ပါတယ်။

လောလောဆယ် တရုတ်ကို ဆက်လက် တင်သွင်းမယ့် သံဖြူသတ္တုတွေဟာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက မဟုတ်တော့ဘဲ ကယားပြည်နယ်က မော်ချီး သတ္တုတွင်း၊ တနင်္သာရီတိုင်းက ဟိန္ဒား သတ္တုတွင်းတွေကနေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ UWSA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာရှိတဲ့ သတ္တုတွင်းတွေလောက် များပြားတဲ့ ထုတ်ကုန်မျိုးတွေ တရုတ်ဆီ ပံ့ပိုးနိုင်ဖို့တော့ မလွယ်ပါဘူး။

လက်ရှိ အချိန်ထိတော့ မြန်မာဖက်က သံဖြူတူးဖော်မှု ပိတ်ပင်ထားခြင်းက တရုတ်ရဲ့ ထုတ်လုပ်မှုနဲ့ သန့်စင်မှု ကဏ္ဍတွေမှာ စျေးနှုန်းပိုင်းအရ သိသာတဲ့ အပြောင်းအလဲတွေ ဖြစ်မလာသေးပါဘူး။ တရုတ်ရဲ့ သံဖြူ အရည်ကြို သန့်စင်မှုဟာလည်း နှစ်အလိုက် နှိုင်းယှဉ်မှုအရ ၅.၆ ရာခိုင်နှုန်း တိုးလာပြီး မက်ထရစ်တန် ၁၃၀၀၀၀ လောက်ထိ များပြားခဲ့ကြောင်း သိရပါတယ်။