Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (အောက်တိုဘာ ၃၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️တော်လှန်ရေးအရှိန် မြှင့်တင်ကြဖို့ ယာယီသမ္မတ တိုက်တွန်း၊ ‘၁၀၂၇ စစ်ဆင်ရေး’ရက်တိုကာလအတွင်းရရှိတဲ့ အောင်မြင်မှုများအပေါ် ဂုဏ်ယူ

တော်လှန်ရေးနဲ့ တည်ဆောက်ရေးကို ပိုမိုဟန်ချက်ညီလုပ်ဆောင်ပြီး တော်လှန်ရေးအရှိန်ကို မြှင့်တင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့်အတူ မဟာမိတ်ပူးပေါင်းတပ်များက ‘၁၀၂၇ စစ်ဆင်ရေးကြီး’ကို မဟာဗျူဟာကျကျ ဆင်နွှဲနေခြင်းနဲ့ပတ်သက်လို့ ရက်တိုကာလအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို အလေးအနက်ထား ဂုဏ်ယူကြောင်း ယာယီသမ္မတက ပြောပါတယ်။ တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း တသားတည်းရပ်တည်နေကြောင်းနဲ့ စွန့်လွှတ်ပေးဆပ်သွားကြတဲ့ သူရဲကောင်းများအားလုံးကို ဦးညွှတ်ဂုဏ်ပြုနေမယ်လို့ ဆက်ပြောပါတယ်။ ယာယီသမ္မတက “စွန့်လွှတ်ပေးဆပ်မှု တခုချင်းစီတိုင်း အလဟဿဖြစ်မသွားစေဘဲ ထိုက်တန်တဲ့ မျှော်ရည်ပန်းတိုင်ကို ရယူနိုင်ဖို့ ကျွန်တော်တို့အားလုံး အဆက်မပြတ် အားထုတ်နေကြရမှာ ဖြစ်ပါတယ်။ လူထုတရပ်လုံးအနေနဲ့လည်း တော်လှန်ရေးရဲဘော်တွေ ပိုမိုပြီး ခွန်အားတက်ကြွစေဖို့ ဆက်ပြီး အခိုင်အမာ အားပေးထောက်ခံသွားကြပါလို့ အထူးတိုက်တွန်း လိုပါတယ်။ တော်လှန်ရေးနဲ့ပတ်သက်ပြီး လူထုရဲ့မျှော်လင့်ချက်နဲ့ စိတ်အားတက်ကြွမှုတွေဟာ စစ်ရေး စွမ်းဆောင်မှုတွေအပေါ် အများကြီး မူတည်ပါတယ်”လို့ ပြောပါတယ်။

တော်လှန်ရေးအရှိန်ကို မြှင့်တင်ကြရန် ယာယီသမ္မတ တိုက်တွန်း
တော်လှန်ရေးအရှိန်ကို မြှင့်တင်ကြရန် ယာယီသမ္မတ တိုက်တွန်း

▪️ဒေသအသီးသီးရှိ စစ်ကောင်စီစခန်းများကို တပြိုင်တည်းဝင်တိုက်ကြဖို့ ညီနောင်သုံးဖွဲ့ တိုက်တွန်း

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် Operation 1027 (၁၀၂၇စစ်ဆင်ရေး)ကို အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့ပြီး ဒီနေ့မှာ စစ်ဆင်ရေး ငါးရက်မြောက်နေ့ရောက်ရှိလာကာ သတ်မှတ်ထားတဲ့ စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ တဆက်တည်းမှာ အခြားသောတော်လှန်ရေးလက်နက်ကိုင်တပ်များလည်း စစ်ကောင်စီကို တစ်ပြိုင်တည်း တိုက်ခိုက်ကြဖို့ တိုက်တွန်းဖော်ပြပါတယ်။ ပထမငါးရက်တာ စစ်ဆင်ရေးကာလအတွင်း ချင်းရွှေဟော်နဲ့ ဖောင်းဆိုင်မြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အဲဒီမြို့များကို လုံးဝထိန်းချုပ်ထားနိုင်ခဲ့ကာ သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ အသိပေးပါတယ်။ အခုစစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များအနေဖြင့်လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကို တွေ့ရှိနေရသည်မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် အကြိုနိမိတ်ပင်ဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့က ဆိုပါတယ်။

▪️ရှမ်းမြောက် စစ်ကောင်စီတပ်စခန်းကို TNLA တိုက်ခိုက်ဖို့ ချဉ်းကပ်စဉ် စခန်းလုံးကျွတ်ထွက်ပြေး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့ သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ဖို့ ချဉ်းကပ်စဉ် စစ်ကောင်စီတပ်တစ်ခုလုံး စခန်းလုံးကျွတ်ထွက်ပြေးသွားလို့သိမ်းပိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။ ‘၁၀၂၇ စစ်ဆင်ရေး’ ငါးရက်မြောက်နေ့ စစ်ရေးအခြေအနေကို ဖော်ပြရာ လားရှိုးနဲ့ သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီရဲ့ မိုင်းပါးတပ်စခန်းကို မနေ့ညပိုင်းက TNLAက အနီးကပ် ချဉ်းကပ်ခဲ့ရာ အဲဒီတပ်စခန်းအတွင်း အခြေချနေထိုင်တဲ့ စစ်ကောင်စီတပ်က ညသန်းခေါင်ကျော်အချိန်မှာ စခန်းလုံးကျွတ် ထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့ကြောင့် ဒီနေ့ မနက်အစောပိုင်းမှာ TNLAက သွားရောက်ရှင်းလင်း သိမ်းပိုက်ခဲ့ပြီး အဲဒီတပ်စခန်း သိမ်းပိုက်မှုအပါအဝင် ကချင်နဲ့ ရှမ်းမြောက်ရှိ တပ်စခန်းလေးခုထက်မနည်းကို ဒီနေ့တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

(စခန်းလုံးကျွတ်ထွက်ပြေးသွားသည့် လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(စခန်းလုံးကျွတ်ထွက်ပြေးသွားသည့် လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

▪️ဖောင်းဆိုင်တိုက်ပွဲမှ တင့်ကား၊ သံချပ်ကာယာဉ် ၄ စီးသိမ်းနိုင်ခဲ့၊ ‘၁၀၂၇ စစ်ဆင်ရေး’အတွင်း တင့်ကားနဲ့ သံချပ်ကာယာဉ် ၆ စီးရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ ဖောင်းဆိုင်စစ်ကောင်စီစခန်းကို ကိုးကန့်တပ်မတော်(MNDAA)က စခန်းသိမ်းတိုက်ခိုက်ခဲ့ရာ မနေ့က စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး သံချပ်ကာယာဉ်နဲ့ တင့်ကားများကို သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဖောင်းဆိုင်က စစ်ကောင်စီ စစ်သားတွေ မုံးကိုးမြို့ ဗျူဟာစခန်းကို ထွက်ပြေးသွားကြပြီး အဲဒီစခန်းရှိ တင့်ကား လေးစီးကို MNDAA က သိမ်းပိုက်ဖျက်ဆီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ဖောင်းဆိုင်မြို့ကို မနေ့ညနေပိုင်းက သိမ်းပိုက်ရရှိပြီလို့ အသိပေးထားပေမယ့် တိုက်ပွဲသတင်းအပြည့်အစုံနဲ့ လက်နက်ခဲယမ်းများ၊ စစ်သုံးယာဉ်များ သိမ်းဆည်းရရှိမှု အခြေအနေ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်ထံမှ သိမ်းယူထား သော သံချပ်ကာကားနှင့် တင့်ကားများအား တွေ့ရစဥ်။ ဓာတ်ပုံ-The Kokang၊File Photo))
(စစ်ကောင်စီတပ်ထံမှ သိမ်းယူထား သော သံချပ်ကာကားနှင့် တင့်ကားများအား တွေ့ရစဥ်။ ဓာတ်ပုံ-The Kokang၊File Photo))

▪️ကန်တော်ယန် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ တပ်ရင်းမှူး ဖမ်းမိဟုဆို

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်တော်ယန် စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီနေ့မနက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့မနက် ၆ နာရီခန့်မှ စခန်းသိမ်းတိုက်ခိုက်ခဲ့ရာ နှစ်နာရီခွဲကျော်အကြာမှာ စခန်းကို သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများကာ တပ်ရင်းမှူးကိုလည်း ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီတပ်စခန်းမှာ စစ်ကောင်စီရဲ့ ခလရ(၃၈၇)တပ်က နေရာယူထားတာလို့ သိရပါတယ်။ KIA ဟာ အောက်တိုဘာ ၁၈ ရက်ကစလို့ ကချင်နဲ့ ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို စခန်းသိမ်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ဒီနေ့အထိ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ အထိုင်စခန်း ၄ ခုအပါအဝင် တပ်စခန်း ၆ ခုထက်မနည်းကို သိမ်းပိုက်ထားနိုင်ပြီး လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းရရှိထားပါတယ်။

▪️သိန္နီနဲ့ ကွမ်းလုံကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို AA သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီနဲ့ ကွမ်းလုံကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရက္ခိုင်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကိုးကန့်တပ်မတော်(MNDAA)တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ်။ မနေ့ ညပိုင်းမှာ သိန္နီနဲ့ ကွမ်းလုံမြို့နယ်အကြားရှိ နာတီကျေးရွာအနီးမှ စခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ရှင်းပြပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းရရှိမှုနဲ့ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေများကို စာရင်းပြုစုနေဆဲလို့ ဆိုပါတယ်။

(သိန္နီမြို့ထွေအုပ်ရုံးကို MNDAAနှင့် မဟာမိတ်တပ်များ ပူးပေါင်းသိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(သိန္နီမြို့ထွေအုပ်ရုံးကို MNDAAနှင့် မဟာမိတ်တပ်များ ပူးပေါင်းသိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – The Kokang)

▪️နယ်ခြားစောင့်တပ်နဲ့ ရဲများ အလင်းဝင်ကြဖို့ MNDAA စစ်ဦးစီးချုပ် ပြော

ကိုးကန့်ဒေသရှိ စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်နဲ့ ရဲများအနေဖြင့် စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ ကိုးကန့်အထူးဒေသ(၁) ပြည်သူများထံ ပူးပေါင်းအလင်းဝင်ဖို့ ကိုးကန့်တပ်မတော်(MNDAA)စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဖုန်တာရွှင်က အိတ်ဖွင့်ပေးစာပေးပို့ပါတယ်။ MNDAAစစ်ဦးစီးချုပ်က တရုတ်ဘာသာဖြင့် ဒီနေ့ အိတ်ဖွင့်ပေးစာထုတ်ပြန်ခဲ့တာပါ။ လက်ရှိမှာ လည်း MNDAA ထံ ပူးပေါင်းလာတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များရှိပြီး အသေးစိတ်အခြေအနေများကို ဆက်လက်အသိပေးသွားမယ်လို့ MNDAAတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ်။

▪️လွိုင်လင်လေးအခြေစိုက် ခလရ(၅၃၀)တပ် ပစ်ခတ်လို့ ကလေးငယ်အပါအဝင် ငါးဦးဒဏ်ရာရ

ကရင်နီပြည်နယ် လွိုင်လင်လေးမြို့အခြေစိုက် ခလရ(၅၃၀)တပ်မှ ပစ်ခတ်တဲ့ လက်နက်ကြီးများကြောင့် (၃)နှစ်အရွယ်ကလေးအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း (၁၂)က ထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်တိုဘာ၂၉ နဲ့ ၃၀ ရက်တွေမှာ လူနေကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးများကြောင့် လွိုင်လင်လေးမြို့နယ်အတွင်းရှိ လူနေကျေးရွာ နှစ်ရွာသို့ လက်နက်ကြီးကျည်များကျရောက်ကာ (၃)နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ကလေးငယ် သုံးဦး၊ ဆယ်ကျော်သက် အမျိုးသမီးတစ်ဦး၊ အသက်ကြီးပိုင်း အမျိုးသားတစ်ဦး စုစုပေါင်းငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

▪️PDF စစ်ကြောင်းတစ်ခုပိတ်မိနေလို့ အခြား PDFအဖွဲ့များပစ်ကူပေး

မကွေးတိုင်း၊ရေစကြိုမြို့နယ် ရွှေလှံကျေးရွာအနီးတိုက်ပွဲမှာ PDFစစ်ကြောင်းတစ်ခု ပိတ်မိနေချိန် အခြားPDFအဖွဲ့များက ပစ်ကူတိုက်ခိုက်ပေးခဲ့လို့ လွတ်မြောက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေေက ပြောပါတယ်။ အောက်တိုဘာ ၂၈ ရက် နေ့ခင်းက ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းမဟာမိတ်အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မဟာမိတ်အဖွဲ့များက စစ်ကြောင်းသုံးကြောင်းခွဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုမှာ တပ်ကျွံသွားကာ ပိတ်မိခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန် ရေလယ်ကျွန်းနဲ့ မြောင်နယ်ရှိ အခြားသောမဟာမိတ်တပ်ဖွဲ့များက ဒရုန်းများ၊ အခြားသောလက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့တာကြောင့် အဲဒီစစ်ကြောင်း ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Myingyan Black Tigerအဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။