Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုင်းပြည်အုပ်ချုပ်သူ ညံ့ဖျင်းချိန်၊ မင်းဆိုးမင်းယုတ်အုပ်စိုးချိန် ကာလဝိပတ္တိအချိန်တွင် စစ်ဖြစ်ပြီး ဝင်းနိမ္မိတာရုံဆရာတော်လည်း ပျံလွန်တော်မူခဲ့ရဟု ပဲခူးဆယ်မိုင်ကုန်းဆရာတော် မိန့်ကြား

တိုင်းပြည်၌ အုပ်ချုပ်သူညံ့ဖျင်းချိန်၊ မင်းဆိုးမင်းယုတ်အုပ်စိုးစဥ် စစ်မက်များဖြစ်ပွားပြီး ကာလဝိပတ္တိအချိန်ကာလနှင့်တိုက်ဆိုင်၍ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း ပဲခူးဆယ်မိုင်းကုန်းဆရာတော် ဒေါက်တာအရှင်ပညိဿရက မိန့်ကြားသည်။

ဆယ်မိုင်းကုန်းဆရာတော် ဒေါက်တာအရှင်ပညိဿရ မိန့်ကြားနေစဥ်။ ဓာတ်ပုံ - ဝင်းနိမ္မိတာရုံကျောင်းတိုက်

ဇေအောင်/People’s Spring

ဇူလိုင် ၁၈ရက်က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လွန်တော်မူသည့် (၁)လပြည့်အထိမ်းအမှတ် ပူဇာအလှူမင်္ဂလာအခမ်းအနားတွင် ပဲခူးဆယ်မိုင်းကုန်းဆရာတော် ဒေါက်တာအရှင်ပညိဿရက အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။ 

Public Service Announcement

Public Service Announcement

“ခေတ်မကောင်းလို့ ဒီလိုမြင်တယ်။ ခေတ်မကောင်းဘူးဆိုတာက တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ ညံ့ဖျင်းတဲ့အချိန်၊ မင်းဆိုးမင်းယုတ်တွေ အုပ်စိုးတဲ့အချိန်အခါကာလမျိုးမှာ တိုင်းပြည်က စစ်မက်တွေဖြစ်တယ်။ အစာရေစာခေါင်းပါးတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေ ဖြစ်တတ်တယ်လို့ ဒါငယ်ငယ်ကတည်းက ဘုန်းကြီးတို့ သင်ရကြားရတာတွေရှိတယ်။ အဲဒီအခြေအနေတွေနဲ့ကြည့်လိုက်ရင် ခေတ်မကောင်းဘူးပေါ့။ လုံခြုံစိတ်ချရမှုတွေမရှိဘူး။ သွားနေကျ သွားလို့မရဘူး။ လာနေကျ လာလို့မရဘူး။ သတိထားနေရတယ်ဆိုတာမျိုးက ကာလဝိပတ္တိပဲ။ ဒီကာလဝိပတ္တိနဲ့တိုက်ဆိုင်ပြီးတော့ ဆရာတော် ဖြစ်သွားတယ်။ ဒါက ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အကြောင်းကံလို့ ပြောချင်လည်းပြော ဖြစ်တာတော့ဖြစ်သွားပြီ။”ဟု ဒေါက်တာ ပညိဿရာဘိဝံသက မိန့်ကြားသည်။

ဆရာတော်အား ဆုံးရှုံးရခြင်းအတွက် အလွန်စိတ်မကောင်းဖြစ်ရပြီး သံဝေဂလည်းရမိကြောင်း ဆရာတော်က မိန့်ကြားသည်။

ပဲခူးမြို့ ဝင်းနိမိတ္တာရုံဆရာတော်သည် သက်တော်(၇၈)နှစ် သိက္ခာတော် ၅၀ ဝါရှိပြီး ဇွန်လ ၁၉ ရက်က မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းဇွန်- မြို့သာလမ်းပိုင်း၌ စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဥ်အပေါ် စစ်ကောင်စီက PDFများ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူရြခင်းဟု စ်ကောင်စီက လိမ်လည်ထုတ်ပြန်ခဲ့သည်။

သို့သော် အဆိုပါဖြစ်ရပ်မှာ စစ်တပ်​၏ ပစ်ခတ်မှုကြောင့် ပဲခူးတိုင်း၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကားပေါ်တွင် မျက်သက်သေအဖြစ်အတူပါရှိသော ကန်သုံးဆင့်ဆရာတော်က အခင်းဖြစ်ပြီးနောက်တစ်ရက်တွင် မိန့်ကြားခဲ့သည်။ 

ကန်သုံးဆင့် ဆရာတော်ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားဖြင့် သွားရောက်စဉ် စစ်ကောင်စီတပ်သားများက FAW ကားဖြင့် လိုက်လံပစ်ခတ်ခြင်း ခံခဲ့ရကြောင်းဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ က မိန့်ကြားသည်။

ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုင် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ က” ခင်ဗျာတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေ ဒီလောက်ရက်စက်ရသလားလို့ FAW ကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်စစ်သားတွေပေါ့။ ရက်စက်လှချီလားဆိုတော့ အရှင်ဘုရားတို့က ဘုရား ဘုန်းကြီးမှန်း မသိလို့ပါ။ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားလို့ ထင်လို့ ပစ်ပါတယ် ဘုရား သူတို့ ကိုယ်တိုင် ဝန်ခံပါတယ်” ဟု မိန့်ကြားသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော် မှာ ထိမှန်ပြီး ခေါင်းငိုက်စိုက်ကျ၍ ပျံလွန်တော်မူခဲ့ကြောင်း ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက မိန့်ကြားသည်။ ကံသုံးဆင့်ဆရာ​တော်ကို နာရီ​ပေါင်းများစွာ ဒဏ်ရာကို ​ဆေးကူသခွင့်မ​​ပေးဘဲ စစ်တပ်က အကြိမ်ကြိမ်စစ်​ဆေးပြီးဖိအား​ပေးခြိမ်း​ခြောက်ခဲ့​သော်လည်း ဆရာ​​တော်မှာ ဖြစ်စဥ်ကို အမှန်အတိုင်းမိန့်ကြားခဲ့သည်။

“ဘုန်းကြီးမှာ ခဏခဏ လာစစ်တယ်။ သူတို့လိုချင်တဲ့ စကားလုံးရအောင် ဘုန်းကြီးကို ခနခနလာစစ်တယ်။ ဘုန်းကြီးကလည်း အမှန်အတိုင်းပြောတယ်။ ဖောကားပေါ်ကနေ သေနတ်နဲ့ ခုနစ်ချက်၊ ရှစ်ချက်ပစ်တယ်။ ဘယ်သူပစ်တယ်လို့ ဘုန်းကြီးတို့မဆိုလိုဘူး။ တောဘက်ကလည်းဖြစ်ချင်ဖြစ်မယ်။ မြို့ဘက်ကလည်း ဖြစ်ချင်ဖြစ်မယ်။ ဘုန်းကြီးတို့မပြောလိုဘူး။ သူတို့လိုချင်တဲ့စကားလုံး မရဘူး။”ဟု ဆရာတော်ကြီးကမိန့်သည်။ 

ထိုကဲ့သို့ ကန်သုံးဆင့်ဆရာ​​တော် နှင့် ပဲခူးဆယ်မိုင်ကုန်းဆရာ​တော်တို့က အမှန်အတိုင်း မိန့်ကြားခဲ့ခြင်းနှင့်ပက်သက်၍ ဆရာတော်မင်းပုည(ဗုဒ္ဓတက္ကသိုလ်)က
“ကန်သုံးဆင့်ဆရာတော်ကြီးတုန်းကလည်း လွှဲမချခဲ့ဘူး။ အမှန်အတိုင်းပြောတယ်။ မင်းတို့သတ်မှာလား။ အခုလည်း ဒီဆရာတော်ကနေပြီးတော့ အမှန်အတိုင်းအတွက် ငါတို့ပြောတယ်။ ဒါရဟန်းကျင့်ဝတ်ပဲ။ စာရိတ္တသီလပဲ။ မပြောတဲ့ကိုယ်တော်တွေက စာရိတ္တသီလပျက်တာပဲ။ ဒါကာလဝိပ္ပတိမှာ ဆရာတော်ကြီးတွေ ဆုံးရှုံးခံနေရတယ်။စစ်အာဏာရှင်နဲ့ပေါင်းစားတဲ့ဘုန်းကြီးမှန်သမျှ သီလပျက်တာပဲ။အဲဒါ အကျင့်ပျက်တာပဲ”ဟု မိန့်ကြားသည်။

သို့သော် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဖြစ်ရပ်အပေါ် သံဃာတော်များအနေဖြင့် သည်းခံခွင့်လွှတ်မေ့ပစ်ရန် သီတဂူဆရာတော်က မိန့်ကြားခဲ့‌သောကြောင့် ဝေဖန်မှုခံ‌နေရသည်။

ထို့အပြင် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အသတ်ခံရမှုနှင့်ပတ်သက်ပြီး မြို့နယ်ပေါင်း ၂၀ကျော်မှ သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ဆန္ဒပြနေကြသည်။ 

ထို့ကြောင့် လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုဆင်နွှဲနေသော သံဃာတော်များ၏ ကံဆောင် သပိတ်ကို အထွေထွေအကျပ်အတည်းအား ဆန့်ကျင်သည့် လှုပ်ရှားမှုများအားဖြင့် ဝန်းရံအားဖြည့်ကြရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဇူလိုင် ၁၉ရက်တွင် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ