Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တရုတ်ရင်းနှီးမြှုပ်ထား​သော တ​ကောင်းနီကယ်စက်ရုံကို PDF များသိမ်းပိုက်

စက်ရုံဆက်လက်လည်ပတ်ရန် ၊တရုတ်နိုင်ငံသားများအပါအဝင်စက်ရုံဝန်ထမ်းများ​ဘေးကင်းရန် NUG ကတရုတ်နှင့်​ဆွေး​နွေး၍ စီမံ​​ပေးထား

-လီလီယန်၊ ဟန်​နွေ ၊မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်ရှိ တရုတ်ရင်းနှီးမြှပ်နှံမှု စီမံကိန်းဖြစ်​သောတ​ကောင်း နီကယ်စက်ရုံမှ စစ်​ကောင်စီ တပ်ဖွဲ့ဝင်များက PDF များထံလက်နက်ချပြီး​နောက် စက်ရုံကို PDF များက သိမ်းပိုက်ထိန်းချုပ်လိုက်သည်။

အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ၊အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ ၊ပကဖ များ၊ကွန်မန်ဒိုများ ၊မဟာမိတ်တပ်များက သပိတ်ကျင်း မြို့နယ်၊ အင်းနက်ရွာ တာဝါတိုင်ကုန်း စစ်စခန်း နှင့် စစ်ဆေးရေးဂိတ် ကို ဇူလိုင် ၂၁ ရက်တွင်လည်း​ကောင်း ၊တကောင်းတောင်ပေါ်ရှိ စစ်တပ် လက်အောက်ခံ ရဲကင်းအား ဇူလိုင် ၂၄ ရက်တွင်လည်း​ကောင်း ၊တွင်းငယ် နယ်မြေရဲစခန်းအား ဇူလိုင်လ (၂၅) ရက်နေ့တွင်လည်း​ကောင်း ထိုးစစ်ဆင် တိုက်ခိုက်ပြီး​နောက် တ​ကောင်နီကယ် စက်ရုံမှ စစ်​ကောင်စီတပ်မှ ဆက်သွယ်လက်နက်ချခဲ့ခြင်းဖြစ်​ကြောင်း စစ်​ရေးရင်းမြစ်များက​ပြောသည်။

” ၄၀ နဲ့အစွန်း (စက်ရုံရှိစစ်​ကောင်စီတပ်သားအ​ရေအတွက်) တော့ရှိတယ်။ ပြီးခဲ့တဲ့ ၄၊ ၅ရက်လောက်က သွားတာ။ ဘာမှ အခက်အခဲမရှိဘူး။ သူဟာနဲ့သူ လက်နက်ချပြီးသွားတာ။ သူတို့ကိုလည်းသေချာပို့ပေးလိုက်ပြီ။အဆင်ပြေတယ်”ဟု ​ဒေသခံ စစ်​​ရေးရင်းမြစ်တစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦး​ကျော်​ဇောကလည်း တ​ကောင်းနီကယ်စက်ရုံကို PDF များကထိန်းချုပ်ပြီး စက်ရုံဆက်လက်လည်ပတ်နိုင်ရန်

နှင့် လက်နက်ချစစ်သားများ​ဘေးကင်းရန် ၊ စက်ရုံရှိ တရုတ်နိုင်သားများ​ဘေးကင်း​အောင် စီမံ​ဆောင်ရွက်​ပေး​နေ​ကြောင်း အတည်ပြု​ပြောကြားသည်။

“ကျွန်တော်တို့ PDF တွေရဲ့ လှုပ်ရှားမှုတွေ မြင့်မားလာတဲ့အချိန်မှာ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ)အနေနဲ့က PDF တွေကို ရင်ဆိုင်နိုင်မှု မရှိတော့တဲ့အတွက်ကြောင့် သူတို့ လက်နက်ချဖို့အတွက် ဆွေးနွေးလာခဲ့တာရှိပါတယ်။ တရုတ်အစိုးရဘက်ကလည်း ကျွန်တော်တို့ဘက်ကို၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်ကလည်း ကျွန်တော်တို့ကို ချိတ်ဆက်ဆွေးနွေးလာတာတွေ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ (စစ်​ကောင်စီစစ်သား​တွေ) လက်နက်ချတာကို လက်ခံပြီးတော့ သူတို့လုံခြုံရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဆွေးနွေးမှုတွေအတိုင်း နေရအောင် PDF တွေကပြီးတော့ လက်နက်ချတဲ့ စစ်တပ်က တပ်ဖွဲ့ဝင်တွေကို ထွက်ခွာခွင့်ပေးလိုက်ပါတယ်။ ကုမ္ပဏီတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့လည်း PDF တွေနဲ့ တာဝန်ရှိတဲ့သူတွေ ဆွေးနွေးပြီး သူတို့တတွေလုံခြုံရေးအတွက် ကျွန်တော်တို့တတွေ စောင့်

ရှောက်ပေးတယ်”ဟု ဦး​ကျော်​ဇောPeople’s Spring သို့​ပြောကြားသည်။

တ​ကောင်းနီကယ် စက်ရုံကို တရုတ်နိုင်ငံပိုင်

သတ္ထုတူး​ဖော်​ရေးကုမ္ပဏီ Myanmar CNMC Nickel နှင့် စစ်အစိုးရ၏ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းတို့က ၂၀၀၈ ခုနှစ်တွင်အကျိုးတူပူး​ပေါင်းလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ တစ်နှစ်လျင် နီကယ်တန်ချိန် ရှစ်​သောင်းခွဲထုတ်လုပ်ရန် လျာထား​ပြီး

နှစ်​ပေါင်း ၂၀ သက်တမ်းရှိသ​ဘောတူစာချုပ်ကိုလက်မှတ်​ရေးထိုးခဲ့သည်။၂၀၁၁ မှစတင်စတင် ၍ နီကယ်တူး​​ဖော်ထုတ်လုပ်ခဲ့ပြီး ၂၀၃၁ အထိ့ဆက်လက်တူး​ဖော်မည်ဖြစ်သည်။ တရုတ် နိုင်ငံပိုင် ကုမ္ပဏီကအ​မေရီကန် ​​ဒေါ်လာ သန်း ၈၀၀ ​ကျော်ရင်းနှီးမြှပ်နှံထားခြင်းဖြစ်သည်။

တ​ကောင်းနီကယ်သတ္ထုထုတ်လုပ်မှုစီမံကိန်းကို၂၀၀၈ ခုနှစ် ဇူလိုင်မှ စတင်ကာ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနှင့် တရုတ်ကုမ္ပဏီ Myanmar CNMC Nickel တို့က အကျိုးတူပူး​ပေါင်းလုပ်ကိုင်​နေခြင်းဖြစ်သည်။ ထိုစီမံကိန်းစာချုပ်ကာလမှာ နှစ် ၂၀ဖြစ်သည်။

အမျိုးသားညီညွတ်​​ရေးအစိုးရ (NUG)က တရုတ်ရင်းနှီးမြှုပ်နှံမှုများအပါအဝင် တရားဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်မည်ဟုမူဝါဒချမှတ်ထားပြီး မူအတိုင်း တကောင်းနီကယ်စက်ရုံပုံမှန်လည်ပတ်နိုင်ရန် ​ဆောင်ရွက်​ပေး​နေ​ကြောင်းလည်း ဦး​ကျော်​ဇောက ရှင်းပြသည်။

“ကျွန်တော်တို့တတွေကတော့ တရုတ်ရင်းနှီးမြှုပ်နှံမှု စက်ရုံတွေ အပါအဝင် ဘယ်စီးပွားရေးစက်ရုံတွေ၊ စီးပွားရေးဇုန်တွေမှာ စစ်တပ်မဝင်ဖို့က အရေးကြီးတယ်ဆိုတာ ပြောကြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကစစ်ဇုန်မဟုတ်ဘူး။ စစ်တပ်

အနေနဲ့ နိုင်ငံခြာရင်းနှီးမြှုပ်နှံမှုတွေကို အသုံးချပြီးတော့ ပြည်သူလူထုအပေါ်မှာ နိုင်ထက်စီးနင်းမှု၊​အကြမ်းဖက်မှု အဲဒါတွေ မဖြစ်ပွားအောင် ဒီစက်ရုံတွေမှာ၊ စီးပွားရေးလုပ်ငန်းတွေမှာ စစ်တပ်ဝင်ရောက်တပ်စွဲတာ မလုပ်နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါလည်း ကျွန်တော်တို့ ဆွေးနွေးကြပါတယ်”ဟု သမ္မတရုံး​ပြော​ရေးဆိုခွင့် ရှိသူက NUG နှင့် တရုတ်တို့ စက်ရုံအနာဂါတ်​ဆွေး​​နွေးခဲ့မှု အ​ခြေအ​နေကို ​ပြောသည်။

စစ်​ကောင်စီတပ်သည် မန္တ​လေးတိုင်း မတ္တရာမြို့နယ်တွင် တရုတ်နိုင်ငံသားပိုင် Alpha ဘိလပ်​မြေစက်ရုံကို ဇူလိုင်လလ်တွင် စစ်ရှုံးပြီး​နောက် မီးရှို့ဖျက်ဆီးသွား​ကြောင်း NUG လက်​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး) ကဇူလိုင် ၁၆ ရက်တွင်ထုတ်ပြန်အသိ​ပေးခဲ့သည်။

“အကြမ်းဖက်စစ်တပ်သည် သူတို့ ရှုံးနိမ့်သွားရင် မီးရှို့ဖျက်ဆီးသွားတဲ့ စက်ရုံတွေ ရှိခဲ့တယ်ဆိုတာလည်း သာဓကရှိပါတယ်။ Alpha ဘိလပ်မြေစက်ရုံဆိုလည်း စစ်တပ်က ဖျက်ဆီးသွားခဲ့တယ်။ PDF တွေက အကြမ်းဖက်စစ်တပ်နဲ့ပြောင်းပြန် တရားဝင်ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်စောင့်ရှောက်ပေးတယ်။ တရုတ်တကောင်းနီကယ်စက်ရုံရဲ့ ပုံမှန် လည်ပတ်နိုင်ရေးအတွက် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးတယ်။ နောက် အဲဒီစက်ရုံထဲမှာ အလုပ်လုပ်နေတဲ့ နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံမှုတွေကိုလည်း ကာကွယ်စောင့်ရှောက်ပေးတယ်ဆိုတာလည်း ပြောကြားချင်ပါတယ်”ဟု ဦး​ကျော်​ဇောကဆက်လက်​ပြောသည်။

ထို​ကြောင့် တ​ကောင်းနီကယ်စက်ရုံ နှင့် Alpha ဘီးလပ်​မြေစက်ရုံတို့သည် PDF များသိမ်းပိုက်ထိန်းချုပ် နိုင်​သော တရုတ်နိုင်ငံပိုင်စက်ရုံများဖြစ်လာသည်။

နီကယ်စက်ရုံမှ တရုတ်ပညာရှင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ​ဆွေး​နွေးညှိနှိုင်းပြီးနောက် သဘောတူညီချက်ရခဲ့ခြင်းဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

” အခု PDF က စက်ရုံကိုထိန်းချုပ်ထားတယ်။ စက်လည်းလည်နေတယ်။ စာချုပ်အရ အစိုးရကို ပေးသွင်းရမယ်ငွေကို NUG ကို ပေးလိုက်ရုံပဲလေ” ဟု ၎င်းက ‌ပြောသည်။

စက်ရုံတွင် တရုတ်ပညာရှင်များနှင့် PDF များ အဆင်ပြေစွာ ရှိနေကြပြီး ယင်းအခြေအနေသည် စစ်ကောင်စီကို မျက်စိလည်စေခဲ့သည်ဟု ဒေသခံချို့က သုံးသပ်သည်။

” စက်ရုံဝင်းထဲတင် ဟတ်စကီးကွင်းရှိတယ်။ ဟိုတယ်လည်း ရှိတယ်။ အဆင်မပြေရင် ထွက်သွားမှာလေ။ အခုက စက်ရုံလည်နေတယ်။ သူတို့ (တရုတ်နိုင်ငံသားများ) အဆင်ပြေကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် တရုတ်နိုင်ငံပိုင်နီကယ်စက်ရုံအတွင်း သေနတ်မဖောက်ရဲ​ကြောင်း ဒေသခံအချို့ကပြောသည်။

မန္တ​​လေး PDF သည် ၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်းနှင့် ရှမ်းမန်းစစ်ဆင်​ရေးအဖြစ် ဇွန်လ ၂၄ ရက်မှစ၍ မတ္တရာ ၊စဥ့်ကူး မြို့နယ်ရှိ စစ်တပ်စခန်းများကိုထိုးစစ်ဆင် တိုက်ခိုက်ရာ ဇူလိူင် ၁င ရက်တွင် စဥ့်ကူးတစ်မြို့နယ်လုံးသိမ်းပိုက်နိုင်ခဲ့သည်။ မတ္တရာမြို့နယ်ရှိ စစ်​ကောင်စီတပ်စခန်း ၃၀​ကျော်ကိုလည်းသိမ်းပိုက်ခဲ့သည်။ တချိန်တည်းတွင် အမှတ် (၁) စစ်​ဒေသ​​အောက်ရှိ တပ်ရင်းများ၊ပကဖ များ နှင့် မဟာမိတ်တပ်များကလည်း စဥ့်ကူးမြို့ ၊ထီးချိုင့် မြို့တို့နှင့် ကပ်လျက်ရှိ​သော သပိတ်ကျဥ်းမြို့နယ်ရှိ စစ်တပ်စခန်းများကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်​ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်၍ ဆက်တိုက်သိမ်းပိုက်လိုက်ခြင်း​ကြောင်း တ​ကောင်နီကယ်စက်ရုံရှိစစ်သားများမှာ မခုခံ​တော့ဘဲ လက်နက်ချခဲ့ခြင်းဖြစ်သည်။

“မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်း အစပ်က ရေရှင်ပေါ့နော်။ ရေရှင်ရဲ့ အောက်ဘက် အင်းနက်ရွာကို ဒီဘက်က သိမ်းလိုက်တာ။ အင်းနက်စခန်းသိမ်းပြီးတဲ့အခါ လန့်ပြီးမှ နောက်ဆက်တွဲဒီလိုဖြစ်လာတာ။ အဲဒီ စခန်းသိမ်းလိုက်တော့ထောက်ပို့လုံး၀ပြတ်သွားပြီ။နဂိုရ်ကလည်း ခပ်ပြတ်ပြတ်ဆိုတော့ အဲဒီမှာ သိမ်းလိုက်တဲ့အခါသူတို့လန့်ပြီးမှ ဒီလိုဖြစ်သွားတဲ့သဘောပေါ့”ဟု စစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

အင်းနက်ရွာ တာဝါတိုင်ကုန်း စစ်စခန်း နှင့် စစ်ဆေးရေးဂိတ်ကို အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ အမှတ် (၃) အထူးလှုပ်ရှားတပ်ရင်း၊ တိုင်းဒရုန်း အဖွဲ့ နှင့် သပိတ်ကျင်းမြို့နယ် (ပကဖ) တို့က ဇူလိုင် ၂၁ ရက်တွင်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း (၈) လောင်း၊ စစ်သုံ့ပန်း (၈) ဦး ရရှိခဲ့ပြီး လက်နက်ငယ် (၂၃) လက်၊ ကျည်မျိုးစုံ (၃၃၇၉) တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ရှေ့ထွက်မိုင်း (၁) လုံး၊ ကျည်ဘောက် (၉၉) ဘောက် သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင် ၃၁ရက် ညနေ ၄နာရီ မိနစ် ၂၀ခန့်က ထန်းတောကျေးရွာရှိ စစ်ကောင်စီ၏ စစ်ဆေး​ရေးဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင် ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရွှေဘိုမြို့၊ အမှတ် (၁)ရပ်ကွက်၊ ဘူတာပိုင်းတွင် နေထိုင်သည့် ဒုရဲမှူးအောင်ဇော်မျိုးကို ၎င်း၏ နေအိမ်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

သတင်း

စစ်ရေးလှိုင်းများ မန္တလေးမြို့အထိဆင်းလာပြီဖြစ်၍ စစ်ရေးကဏ္ဍနှင့်အတူ အုပ်ချုပ်ရေးကဏ္ဍအတွက်ပါ စဉ်စားပြင်ဆင်လုပ်ဆောင်ရမည့် အရာများ ပိုများလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ လမ်းမများပေါ်တွင် ခရီးသွားယာဥ်များအား နွားထိုးကြီး PDFက စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။