နေရောင် ရေးသားသည်
ကျွန်တော့်ဆိုင်ကယ်ရှေ့မှာ ရာပေါင်းများစွာသော ဆိုင်ကယ်တွေက အတန်းလိုက်အတန်းလိုက်။ ဟိုးခပ်ဝေးဝေးမှုန်ပြပြမှာ ဆီဆိုင်ဆိုင်းဘုတ်ကို ခပ်ရေးရေးလေး လှမ်းမြင်ရတယ်။ မန္တလေးသားဖြစ်တဲ့ ကျွန်တော်ဟာ ခေတ်မီစွာပဲ ဓါတ်ဆီတန်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ဆီတွေစပြီးဝယ်ရပိုခက်လာတဲ့(ပိုခက်လာတဲ့ဆိုတာ အရင်ကလည်းမလွယ်ဘူးလို့ဆိုလိုတာပါ)
ဇူလိုင်(၃၀)ရက်က ကျွန်တော့်ဆိုင်ကယ်ကို အပြင်ကနေ တစ်လီတာ(၄၇၀၀)နှုန်းနဲ့ နှစ်လီတာဖြည့်ခဲ့ပါတယ်။ ဒါပေမယ့် ဆီမပြည့်တာကြောင့် နှစ်လီတာခွဲကျော်ကျော်ပဲဆန့်တဲ့ ကျွန်တော့်ဆိုင်ကယ်ဆီတိုင်ကီဟာ တစ်ဝက်သာသာပဲ ဆီရှိခဲ့ပါတယ်။ နောက်ရက်တွေတော့ ကျွန်တော်ဟာ ဆီလုံးဝမဖြည့်တော့ဘဲ ဆိုင်ကယ်ကိုအိမ်ထဲပဲ ထိုးထားခဲ့ပါတယ်။
ဒီရက်ပိုင်းမှာပဲ ဆီလုံးဝ ဝယ်မရတာကြောင့် ညပိုင်းမှောင်ကြီးမည်းမည်းထဲ ဆိုင်ကယ်တွန်းပြန်နေရတဲ့ နေ့စားအလုပ်သမားလေးတွေ၊ ဝန်ထမ်းလေးတွေ မန္တလေးရဲ့လမ်းမတလျှောက်မှာ ခပ်စိတ်စိတ်မြင်တွေ့ခဲ့ရပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဆီတန်းစီရတဲ့ဒုက္ခကို ရှောင်ချင်တာကြောင့် ဆိုင်ကယ်မစီးဘူးလို့ဆုံးဖြတ်ထားတာပါ။ ဒါပေမယ့် ခုလိုကာလကြီးထဲ ပြေးမယ်လွှားမယ်ဆိုကာမှ ဆိုင်ကယ်ထဲဆီတစ်စက်မှမရှိရင်လည်း မရတာကြောင့် မဖြစ်မနေ ဆီဆိုင်ဝင်တိုးရပါတော့တယ်။
နောက်ပြီး ကိုယ့်ကိုကိုယ်လည်း စစ်အာဏာရှင်ပေးတဲ့ဒုက္ခကို ခံစားစေချင်တာလည်း ပါပါတယ်။ ဒုက္ခကြုံရမှ လွတ်မြောက်ချင်စိတ်က ပေါ်စေတာကိုး။
မန္တလေးမှာ ဆီဆိုင်တွေက မနက်(၆)နာရီဝန်းကျင်မှာ စတင်ရောင်းချပေးတတ်ကြတယ်။ ဒါပေမယ့် ဆီဝယ်ယူလိုသူတွေဟာ ညတစ်ချက်(တစ်နာရီ)လောက်ကတည်းက ညအိပ်တန်းစီကာ ဝယ်ယူနေကြရပါတယ်။
သမိုင်းတလျှောက်မှာလည်း အခုလောက် ဆီဝယ်ယူဖို့တန်းစီရတဲ့ကားတန်းနဲ့ဆိုင်ကယ်တန်းရှည်ကြီးကို မမြင်ဖူးကြလောက်ဘူးဆိုတာ သေချာပါတယ်။ ကြည့်ပါလေ။
၇၈ လမ်းနဲ့ လမ်း ၄၀ က ဦးပိုင်ဆီဆိုင်ကိုတန်းတဲ့ကားတန်းနဲ့ဆိုင်ကယ်တန်းဟာ ၇၈ လမ်းတလျှောက် တောင်ဘက် သိပ္ပံလမ်းပေါ်အထိ ရောက်ရုံမက အရှေ့တက်ပြီး ကညနရုံးကိုဖြတ် ၇၂လမ်း MCC ခန်းမရှေ့ရောက်သွားခဲ့ပါတယ်။
၇၈လမ်း စစ်ကိုင်းလမ်းခွဲထောင့်က BOC ဆိုင်မှာတန်းတဲ့ယာဥ်တန်းကြီးကလည်း အနောက်က ဦးပွားကုန်းကျော်ဆိုတဲ့ မီးရထားလမ်းကုန်းတံတားကိုကျော်ပြီး ဟိုးတောင်ဘက် မြို့ဟောင်းစျေးနားအထိ ရောက်သွားခဲ့ပါတယ်။တခြားဆီဆိုင်တွေမှာလည်း ကားနဲ့ဆိုင်ကယ်တန်းကြီးဟာ မန္တလေးအခေါ် အပြပေါင်းများစွာ ရှည်လျားနေပါတယ်။ ပြည်သူတွေဟာ ဓါတ်ဆီလေးတစ်လီတာရဖို့ အချိန်ပေါင်းများစွာ ပေးနေကြရပါတယ်။
ကျွန်တော့်ဆိုင်ကယ်ကတော့ ညာဘက်ဘေးအစွန်းမှာနေရာယူခဲ့ပါတယ်။ စစ်ယူနီဖောင်း ချွပ်ပြီး ပုဆိုးပြောင်းဝတ် အုပ်ချုပ်ခဲ့ဦးသိန်းစိန်အစိုးရခေတ်မှာလည်း ဓာတ်ဆီကိုတန်းခဲ့ရဖူးတော့ အတွေ့အကြုံတော့ရှိခဲ့ပါတယ်။ ရှေ့ဆိုင်ကယ်ရဲ့နောက်ကနေ ထပ်ကြပ်မကွာ လိုက်နိုင်ဖို့ပါ။ အဲဒါမှဘေးကဆိုင်ကယ်တွေက ဝင်မလာကြမှာပါ။
အဲဒီလိုထပ်ကြပ်မကွာလိုက်တွန်းရင်း ကိုယ်ကလည်း သူများဆိုင်ကယ်ဘန်ပါတွေ၊ မီးခွက်တွေ၊ အိတ်ဇောတွေတိုက်မိပါတယ်။ ကွဲကြပျက်စီးကြတယ်။ ကျွန်တော့်ရှေ့ကအမျိုးသမီးတစ်ယောက်ရဲ့ ဆိုင်ကယ်ဆို အိတ်ဇောဝ ကြေမွနေပါတယ်။
ကျွန်တော့်နောက်က ဆိုင်ကယ်ကလည်း ကျွန်တော့်ဆိုင်ကယ်ကို ဝင်ဝင်ဆောင့်ပါတယ်။ ကျွန်တော်ဆိုင်ကယ်တန်းပြီးမကြာခင် ဆိုင်ကယ်တန်းကြီးဘေးကနေ ဇွတ်ထွက်လာတဲ့ကားတစ်စီးက တန်းစီနေတဲ့ ကျွန်တော့်ဆိုင်ကယ်အိတ်ဇောနဲ့ပွတ်ဆွဲတာ သူ့ကားမှာ အစင်းကြောင်းကြီး ထင်သွားပါတယ်။
ဘယ်ဘက်တန်းက ဆိုင်ကယ်ကလည်း ကျွန်တော့်ခြေသလုံးကို လာလာတိုက်ပါတယ်။ သူ့ဆိုင်ကယ် ခြေနင်းခုံကလည်း လာလာတိုက်ပါတယ်။ သည်းခံခြင်းပေါင်းများစွာနဲ့ ဆိုင်ကယ်ကိုတလှမ်းချင်း ရွေ့ကြရပါတယ်။ ဆိုင်ကယ်ဆီတန်းရင်းလည်း ရန်ဖြစ်ကြ စကားများကြတာတွေ ရှိတယ်။
အဲသလိုနဲ့ နှစ်နာရီကျော်တန်းစီရင်း ကျွန်တော့်ဆိုင်ကယ် ဆိုင်အနားရောက်ခါနီးမှာပဲ ရှေ့က ဆိုင်ကယ်တန်း ဘေးနားကနေ မိန်းမနှစ်ဦးဟာ ဆိုင်ကယ်တစ်စီးစီနဲ့ ကြားဖြတ်ဝင်ပါတော့တယ်။ တစ်ဦးကတော့ရဲရဲတင်းတင်းပဲ ကြားဖြတ်ပြီး ဝင်သွားတယ်။ နောက်တဦးကတော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဝင်ဖို့ကြိုးစားနေတယ်။
ကျွန်တော်လည်း စိတ်ပေါက်တာနဲ့ “ကဲ ကိုယ့်ရှေ့က ဆိုင်ကယ်နောက်ကို တောက်လျှောက်လိုက်ကြပါနော်။ ဘယ်သူမှကြားပေးမဖြတ်ပါနဲ့။ ဘယ်သူမှအားလို့လာတန်းနေကြတာမဟုတ်ဘူး။”ဆိုပြီး ကုလားကားထဲကဇာတ်ဝင်ခန်းတွေလို အော်လိုက်ပါသေးတယ်။ ကြားဖြတ်တဲ့မိန်းမနှစ်ယောက်ကတော့ မကြားသလိုနဲ့ ဆိုင်ကယ်တန်းထဲ ဝင်ရောက်သွားခဲ့ကြပါတယ်။
ဆိုင်ကယ်တွေ ၆ စီးစီလောက်တန်းလာခဲ့ပြီးမှ ဆိုင်အဝအရောက်မှာတော့ ၃ စီးတန်းဖြစ်သွားပါပြီ။ အတန်းပေါင်းစုံကဆိုင်ကယ်တွေဟာ အလုအယက်နဲ့ဝင်တိုးကြပါတော့တယ်။ ရန်ဖြစ်သံ၊ ဆဲဆိုအော်ဟစ်သံတွေ ဝေသွားခဲ့ပါတယ်။ ကျွန်တော့်နောက်ကဆိုင်ကယ်က အသက် ၇၀ ကျော် အဘကလည်း ရှေ့မှာပိတ်နေတဲ့ဆိုင်ကယ်တွေကို အော်ဟစ်ကာ လှမ်းရန်တွေ့ပါတယ်။ ကျွန်တော့်ဆိုင်ကယ်ရောက်ဖို့ ၃ စီးလောက်အလိုကတည်းက ဆီတိုင်ကီအဖုံးကို အရန်သင့်ဖွင့်ထားလိုက်ပါပြီ။
နှစ်နာရီကျော်တန်းစီခဲ့ရတဲ့ ဆီဝယ်ယူမှုဟာ နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပါတယ်။ နှစ်လီတာခွဲနီးပါး ၇၀၀၀ ဖိုးပါ။ အပြင်မှာ တစ်လီတာ ၇၀၀၀ ကျော်အထိ ပေါက်နေတာပါ။
အခုဆိုရင် မန္တလေးတင်မကတော့ပါဘူး။ ရန်ကုန်၊ တောင်ကြီး၊ စစ်ကိုင်း၊ ရွှေဘို၊ တောင်ငူ၊ အစရှိတဲ့ မြို့ကြီးတွေမှာပါ စက်သုံးဆီ ပြဿနာ ကြုံတွေ့နေရပါတယ်။ အာဏာသိမ်းစစ်တပ်ကတော့ ဆီတင်သင်္ဘောတွေဝင်တယ်ဝင်တယ်လို့ အခါခါဝါဒဖြန့်နေတယ်။ သို့ပေမယ့် မြေပြင်မှာတော့ ဆီတန်းစီတဲ့ကားတွေ ၊ဆိုင်ကယ်တွေရဲ့ယာဥ်တန်းကြီးက လူကုန်ထံတွေရဲ့ အလှူပွဲက ရှင်လောင်းလှည့်သလို မြို့ကိုတနံတလျားပတ်နေကြတယ်။
ရန်ကုန်ကဆီဆိုင်တွေဆိုရင် ဆီမရှိလို့ မရောင်းတော့ပဲ ရပ်ထားတာကို ပြန်ဖွင့်ရင်ဝယ်ရအောင်ဆိုပြီး နေရာကြိုဦး တန်းစီစောင့်ရကြတဲ့ကားတွေတောင်ရှိပါတယ် ။ ဆီဝယ်ဖို့ ညအိပ်စောင့်ကြရတာဟာ အာဏာလုစစ်ကောင်စီလက်အောက်မှာ မကြာခဏကြုံနေရတဲ့ ပြသာနာဖြစ်လာပါတယ် ။ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်မှာ ဆီ ၁ လီတာ ၃၅၀ ကျပ်ကျော်နဲ့ တန်းစီစရာမလိုပဲ အလွယ်ဝယ်ရတဲ့ အခြေအနေဟာ ပြန်တွေးကြည့်ရင် အိပ်မက်လို့တောင်ထင်ရနိုင်အောင်ကွားခြားသွားပါတယ် ။ တစ်ကယ်တော့ ပြည်သူကိုတန်ဖိုးထားတဲ့ အစိုးရ နဲ့ ပြည်သူကို ရန်သူလိုသဘောထားတဲ့ အာဏာရှင်ကြားက ကွာခြားချက်ကို ပြည်သူအများစုကောင်းကောင်းသိနေကြပါပြီ ။
ကျွန်တော်တို့မြို့ပေါ်မှာက အခုမှဓါတ်ဆီပြတ်တာငြီးကြတာပါ။ နယ်မှာပြတ်တာလပ်တာကြာပြီလေ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနယ်မှာဆို ပေါက်စျေးထက်အဆများစွာပေးတာတောင် စက်သုံးဆီက လိုချင်သလောက်မရပါဘူးတဲ့။ ဒါကြောင့် တောင်သူလုပ်ငန်းအတွက် စက်သုံးဆီမရလို့ အခက်အခဲတွေ့နေတာကြာပါပြီလို့ တောင်သူတစ်ဦးက ပြောပြခဲ့ဖူးတယ်။
ကျွန်တော်ဆီဆိုင်ကနေအထွက်မှာပဲ လမ်းမပေါ်မှာ လူတွေတန်းစီနေတာ ထပ်တွေ့တယ်။ သက်ကြီးရွယ်အိုအဘွားအိုတွေနဲ့ အမျိုးသမီးတွေတန်းစီနေတာ။ စားဆီတန်းတာပါတဲ့။
အာဏာသိမ်းစစ်တပ်လက်အောက်မှာတော့ ကျွန်တော်တို့တတွေဟာ မနက်မိုးလင်းတာနဲ့ ဒီကနေ့ ငါ ဘာတွေများ တန်းစီပြီး ဝယ်ရဦးမှာလဲဆိုတဲ့သောကနဲ့ နိုးထနေရဦးမှာပါပဲ။ ။