Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လပခ စစ်တိုင်းနယ်မြေ မန္တလေးတိုင်းရှိမြို့များအား သိမ်းပိုက်နိုင်ရေးထိုးစစ်များ အချိန်မရွေးပေါ်လာနိုင်၍ ပြည်သူများ သတိဖြင့်ကြိုတင်ပြင်ဆင်ရန် CDM အရာရှိများ တိုက်တွန်း

စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေများကို တော်လှန်ရေးတပ်များက စတင်ဝင်ရောက်နေပြီး မန္တလေးတိုင်းရှိမြို့များကို သိမ်းပိုက်နိုင်ရေး ထိုးစစ်များ ဖြစ်လာနိုင်၍ မန္တလေးအပါအဝင် မြို့အသီးသီးရှိ ပြည်သူများအားလုံး သတိဖြင့်ကြိုတင်ပြင်ဆင်ကြရန် CDM အရာရှိများက တိုက်တွန်းလိုက်သည်။

စဉ့်ကူးမြို့အား သိမ်းပိုက်ပြီးနောက် တွေ့ရသော မန္တလေး PDF ရဲဘော်များ။ ဓာတ်ပုံ - မန္တလေး PDF

ဟန်နွေ/People’s Spring

စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေများကို တော်လှန်ရေးတပ်များက စတင်ဝင်ရောက်နေပြီး မန္တလေးတိုင်းရှိမြို့များကို သိမ်းပိုက်နိုင်ရေး ထိုးစစ်များ ဖြစ်လာနိုင်၍ မန္တလေးအပါအဝင် မြို့အသီးသီးရှိ ပြည်သူများအားလုံး သတိဖြင့်ကြိုတင်ပြင်ဆင်ကြရန် CDM အရာရှိများက တိုက်တွန်းလိုက်သည်။

CDM အရာရှိ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နှင့် ဗိုလ်ကြီးထက်မြတ်တို့ ပုံမှန်ဆွေးနွေးထုတ်လွှင့်နေ့သည့် ပြည်သူ့အားမာန် ငါတို့အသံ စကားဝိုင်း ဆွေးနွေးပွဲ ယမန်နေ့က ဖော်ပြခဲ့ပြီး လတ်တလော စစ်ရေးအခြေအနေများအပေါ် သုံးသပ်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့ကို ဝင်မည်ဟု တော်လှန်ရေးတပ် ဦးဆောင်သူများကိုယ်တိုင် အသိပေးနှိုးဆော်မှုများရှိနေ၍ ပြည်သူများသတိထားရန်၊ ပလခ တိုင်းစစ်ဌာနချုပ်နယ်မြေ၏ နယ်မြေများကို စတင်ဝင်ရောက်နေပြီး မန္တလေးတိုင်းကို ရအောင် သိမ်းပိုက်မယ်ဆိုပြီး တော်လှန်ရေးတပ်ဖွဲ့များက လည်း အသိပေးထားကြောင်း ၎င်းတို့က ဆွေးနွေးခဲ့သည်။

တော်လှန်ရေးတပ်များ၊ တော်လှန်ရေးဘက်က ဦးဆောင်သူများ၏ သတိပေးချက်များ နှိုးဆော် မှုများကို နားစွန့်ရန် နှင့် စစ်တပ်က ပြောနေသည့် ဝါဒဖြန့်မှုများကို နားမယောင်ရန် CDM အရာရှိတို့က ပြောကြားခဲ့သည်။

မန္တလေး PDFကလည်း အိမ်ပြန်မည့် စစ်ရေးလှိုင်းဟု အသိပေးထားကြောင်း ၎င်းက ဆိုသည်။

“မန္တလေး PDFက တချိန်ချိန်မှာတော့ ဝင်လာမှာပဲ။ အနှေးနဲ့အမြန်ပေါ့။ ဒီဟာကြီးကိုဘယ်အချိန်လောက် ဘယ်လပိုင်းထဲတော့ လာတော့မယ် ခင်ဗျားတို့ ကြိုပြေးပါတို့ဘာတို့တော့ အဲဒီလိုမျိုးတော့ Alarm ပေးလို့တော့မရဘူးပေါ့”ဟု ဗိုလ်မှူး တင်လင်းအောင်က ပြောသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း မန္တလေးမြို့အထိစစ်ရေးဆောင်ရွက်ချက်များရှိလာပြီဖြစ်၍ အုပ်ချုပ်ရေးအတွက်ကြိုတင်ပြင်ဆင်ကြရန် အသိပေးထားပြီဖြစ်၍ ယင်းသို့ အသိပေးထားမှုများကြောင့် ပြင်ဆင်မှုများ ပြုလုပ်ရန် တိုက်တွန်းသည်။

ကရင်ပြည်နယ် သင်္ဃန်းညီနောင်တိုက်ပွဲဖြစ်စဉ်ကိုဥပမာပေး၍ စစ်ကောင်စီတပ်၏ ခုခံစစ်ပြင်ဆင်မှု ပုံစံကိုလည်း ပြောပြသည်။

“သင်္ဃန်းညီနောင်ဗျူဟာကို ဝင်တိုက်တော့မယ်ဆိုတာ သူတို့သတင်းရလည်းရရော ဘာလုပ်လည်းဆိုတော့ ဗျူဟာပတ်ချာလည်ကအိမ်တွေကိုသွားကြည့်ခဲ့တာပဲ။ လာမယ့်လမ်းရဲ့ မီးပွိုင့်ထိပ်ကအိမ်ကို လေယာဉ်နဲ့ကြဲတယ်။ ကြဲပြီးတော့ ဗျူဟာပတ်ချာလည်က အိမ်တွေကိုလေယာဉ်နဲ့လိုက်ကြဲတယ် မြင်ကွင်းလိုက်ဖွင့်တာပေါ့။ မြင်ကွင်းဖွင့်ပြီး သူ့ဆီလာတဲ့ ရန်သူကိုမြင်ရအောင်ဆိုပြီး ဒီစနစ်က လုံး၀ကို ကျင့်သုံးမှာ။ ဘာဖြစ်လို့လည်းဆို ပစ်ကွင်းမြင်ကွင်းရှင်းတာပေါ့နော်”ဟု ဗိုလ်မှူးတင်လင်းအောင်က ပြောသည်။

ထို့ကြောင့် မန္တလေးမြို့မှ ပြည်သူလူထုများလည်း ကြိုတင်ပြင်ဆင်ထားရန် ထပ်လောင်း ပြောကြားသည်။

“ပြည်သူကတော့ အကုန်လုံးက သတိထားရမှာပဲ။ဘာဖြစ်လို့လဲဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေက ကြိုပြီး အကြောင်းကြားပြီး ဝင်တိုက်မှာ မဟုတ်ဘူး။မြို့တိုင်း မြို့တိုင်းကတော့ နောက်ဆုံးအချိန်ထိ တမြို့ပြီး တမြို့လုပ်နေမှာပဲ။ လုပ်နေမှာ ဖြစ်တဲ့အတွက် ကိုယ့်မြို့ဘယ်တော့ရောက် လာမလဲဆိုတာ နားစွန့်ပြီးတော့ ကြိုပြီးတော့ရှောင်သင့်တာတွေ ကိုယ့်ရဲ့ပစ္စည်းတွေဘာတွေ နောက်ဆုံးမြေကျန်ရင်ရပြီပေါ့ ညီရာ အိမ်အခွံကတော့ထားခဲ့ပေါ့ မတက်နိုင်ဘူး ပေါ့”ဟု ဗိုလ်မှူးတင်လင်းအောင်က ပြောသည်။

ဗိုလ်ကြီးထက်မြတ်ကလည်း ပါဝင်ဆွေးနွေးခဲ့ရာ ပြည်သူများကလည်း ယင်းသို့ စစ်ဆင်ရေး ဖြစ်ပေါ်လာနိုင်မှုအပေါ် ကြိုတင်ဆုံးဖြတ်ထားမှုများရှိသည်ဟု ပြောသည်။

ရှမ်းမြောက်အပါအဝင် လတ်တလော တော်လှန်ရေးတပ်ဖွဲ့များ အောင်ပွဲကို အားရကြောင်းပြောနေသကဲ့သို့ အချို့ပြည်သူများသည် ထိုသို့တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးဖော်ဆောင်မှုကိုပင် မျှော်နေကြသည်ဟုဗိုလ်ကြီးထက်မြတ်က ဆွေးနွေးသည်။

“အကုန်လုံးကတော့ လိုလိုလားလားနဲ့ပဲ ဒီအာဏာရှင်စနစ်ဆိုး ကျဆုံးဖို့အတွက် သူတို့တွေဘာပဲ ကြုံရ ကြုံရ ရင်ဆိုင်မယ်ဆိုတဲ့စိတ်မျိုးတွေဖြစ်နေပြီ”ဟု ဗိုလ်ကြီးထက်မြတ်က ဆွေးနွေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင်လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန် CDM အရာရှိတို့က တိုက်တွန်းအကြံပြုထားသည်။

လက်ရှိတွင် မန္တလေး PDF နှင့်ပူးပေါင်းတပ်များသည် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ မိုးကုတ်မြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး မတ္တရာမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စခန်း ၃၅ခုထိ သိမ်းပိုက်ထားသည်။

မန္တလေးမြို့တွင် ဇူလိုင်အတွင်းမှစတင်​ကာ မြို့အဝင်၊အထွက် တင်းကျပ်စွာစစ်ဆေးနေပြီး အထူးသဖြင့် မတ္တရာဘက်မှအဝင် ရွှေကျင်ဂိတ်ကို ရှောင်ကွင်းသွားသည့်လမ်းများကိုပါ ပိတ်ထားလိုက်ကြောင်း ဒေသခံများက ပြောသည်။

မြို့တွင်းစစ်ကောင်စီရဲစခန်းများရှေ့လည်း ဘန်ကာများတည်ဆောက်ပြီး သဲအိတ်များ၊ သံဆူးကြိုးများဖြင့် ကာရံထားကြောင်း၊ ထို့အပြင် မြို့တွင်းရပ်ကွက်များအား နေ့ဘက်ပါ ဧည့်စာရင်းလိုက်လံစစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ သုံးဘီးယာဉ်မောင်း ကို ခရီးသည်က ဓားနဲ့ထိုးပြီး လုယက်မှု မနေ့ ဇူလိုင်လ ၃၁ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူထံကသိရပါတယ်။

သတင်း

ဇူလိုင် ၂၉ရက်မှစတင်ကာ မန္တလေးမြို့၌ ဆီဘောက်ဆာကားမဝင်၍ဟုဆိုကာ စက်သုံးဆီဆိုင်အချို့ပိတ်ထားခြင်း၊ ဖွင့်သည့်ဆီဆိုင်များကလည်း အကန့်အသတ်ဖြင့်သာ ရောင်းချခြင်းများကြောင့် စက်သုံးဆီဝယ်ယူရာတွင် ညအိပ်တန်းစီရသည်အထိ အချိန်ပေးဝယ်ယူနေရပြီဖြစ်ကြောင်း မန္တလေးမြို့ခံများက ပြောသည်။

သတင်း

စစ်ရေးလှိုင်းများ မန္တလေးမြို့အထိဆင်းလာပြီဖြစ်၍ စစ်ရေးကဏ္ဍနှင့်အတူ အုပ်ချုပ်ရေးကဏ္ဍအတွက်ပါ စဉ်စားပြင်ဆင်လုပ်ဆောင်ရမည့် အရာများ ပိုများလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

သတင်း

ယမန်နေ့(ဇူလိုင်၂၉ရက်)မှစတင်ကာ မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်များ ဆီမရ၍ဆိုကာ ပိတ်ထားခြင်း၊ ကားနှင့်ဆိုင်ကယ်များအား လိုသလောက် ရောင်းချပေးခြင်းမရှိဘဲ အကန့်အသတ်ဖြင့်သာ ရောင်းချနေခြင်းများကြောင့် ဖွင့်သည့်ဆိုင်များအား စုပြုံတိုးဝှေ့ကာ ဝယ်ယူနေရသည်ဟု မန္တလေးမြို့ခံများက ပြောသည်။