မိထက်/People’s Spring
လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)သိမ်းပိုက်ခဲ့သည့်တိုက်ပွဲ၌ MNDAAက ဖမ်းဆီးp ရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် ၂၀၁၇ခုနှစ်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သူများပါဝင်နေသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ဦးဆောင်သောတော်လှန်ရေးတပ်များက ရမခ ကို ဩဂုတ်လ ၃ရက်တွင် သိမ်းယူလိုက်ပြီးနောက် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေးအပါအဝင် စစ်ကောင်စီအရာရှိနှင့် စစ်သား ၊မိသားစုဝင်များအပါအဝင် စုစုပေါင်းလေးထောင်ကျော် ဖမ်းမိခဲ့သည်။
ဖမ်းဆီးခံရသူများအနက် အချို့သည် ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တောမြို့တွင် ၂၀၁၇ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်တပ်ဦးဆောက်၍ နယ်မြေရှင်းလင်းရေးခေါင်းစဥ်ဖြင့် ရိုဟင်ဂျာလူမျိုးများအပေါ် လူသတ် ၊မုဒိမ်းကျင့် ၊လုယက်အကြမ်းဖက် ၊ကျေးရွာများကို မီးရှို့သော စစ်ရာဇဝတ်မှုများကိုကျူးလွန်ခဲ့သူများပါဝင်သည်ဟု လက်ရှိဖမ်းဆီးခံထားရသူများနှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြောသည်။
” ကိုးကန့်ဖမ်းထားတဲ့ စစ်သားတွေထဲမှာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု တရားခံတွေပါတယ်။ ၂၀၁၇ တုန်းက ဘူးသီးတောင်၊မောင်တောမှာ တာဝန်ကျပြီး အခု လားရှိူးကိုရောက်နေသူတွေ အများကြီးပဲ” ဟု အာဏာသိမ်းစစ်တပ်မှ အငြိမ်းစားဗိုလ်မှူးတစ်ဦးကပြောသည်။
ဖမ်းမိထားသောစစ်သားများထဲမှ စစ်ရာဇဝတ်မှုကျူးလွန်ထားသူများကို ဖော်ထုတ်နိုင်ရန် MNDAA နှင့်တော်လှန်ရေးအင်စုများ ၊ရိုဟင်ဂျာအရေးလှုပ်ရှားသူများကပူးပေါင်း၍ သေချာစိစစ်၍ သက်သေအထောက်အထားယူရန်လိုအပ်ကြောင်း လက်ရှိပြည်တွင်းတွင် နေထိုင်သည့် လူ့အခွင့်အရေးအရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
၂၀၁၇ ခုနှစ်က ဖြစ်ခဲ့သည့် စစ်တပ်ဦးဆောင်သော ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုတွင် ကလေးငယ် ၊အမျိုးသမီးများအပါအဝင် ရိုဟင်ဂျာ ထောင်ချီ သတ်ဖြတ်ခံရပြီး ၊ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ခုနှစ်သိန်း ကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့သည့် အထောက်အထားများတွေ့ရှိရကြောင်း ယင်းဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်နေသည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ဆိုထားသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင်၊ ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံ၏ ထောက်ခံမှုဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို တရားစွဲဆိုထားသည်။
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ချမှတ်ရန် တာဝန်ပျက်ကွက်ခဲ့ခြင်းဖြင့် လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ် (Genocide Convention) ကို ချိုးဖောက်ခဲ့သည်ဟု တရားစွဲဆိုခြင်းဖြစ်သည်။