သတိုး/People’s Spring
အလည်အပတ်နိုင်ငံကူးလက်မှတ်(PV)ကိုင်ဆောင်ကာ အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပထွက်ခွာသူများအား တားမြစ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်လိုက်သည်။
“နိုင်ငံကူးလက်မှတ်(Passport for Visit – PV) အမျိုးအစားကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူပြီး ပြည်ပသို့ထွက်ခွာရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်များမှ စိစစ်တားမြစ်ခြင်းများခံရပါက မလိုလားအပ်သည့် ဆုံးရှုံးမှုများမဖြစ်ပေါ်စေ ရေးအတွက် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားရှိပါက နိုင်ငံကူးလက်မှတ် စတင်လျှောက်ထားရာတွင် (Passport for Job- PJ) အမျိုးအစားကို လျှောက်ထားရယူရန် အလုပ်သမားဝန်ကြီးဌာနတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံ တင်ပြီး ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရယူကာ တရားဝင် သွားရောက်လုပ်ကိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်”ဟု စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ် ၁၄ရက်တွင် ထုတ်ပြန်သည်။
ထို့ပြင် ၁၉၉၉ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မများအရ အလုပ်လုပ်ကိုင်သူများအနေဖြင့် ပြည်ပအလုပ်သမားမှတ်ပုံတင်ခြင်းမရှိပါက နိုင်ငံမှထွက်ခွင့်ပိတ်ပင်သည်အထိ အရေးယူနိုင်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။
အလုပ်သမားနိုင်ငံကူးလက်မှတ်(PJ)ဖြင့် ပြည်ပသို့ထွက်ခွာပါက အလုပ်သမားသက်သေခံကတ်(OWIC)အပါအဝင် အခွန်ဆောင်ထားသည့် အထောက်အထားများ လိုအပ်သောကြောင့် ယခုနောက်ပိုင်းတွင် ပြည်ပသို့ အလုပ်လုပ်ရန်ထွက်ခွာသူများက PV ဖြင့်သာ သွားရောက်နေခြင်းဖြစ်သည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ပြည်ပသို့ထွက်၍ အလုပ်လုပ်သူပိုမိုများပြားခဲ့ပြီး စစ်ကောင်စီက ၎င်းတို့သတ်မှတ်ထားသည့် အသက်အရွယ်အတွင်းမှ လူငယ်များပြည်ပသို့ထွက်ခွာပါက စစ်ဆေးမှုများပိုမိုလုပ်ဆောင်လျက်ရှိသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် PV ဖြင့်သွားရောက်မည့်သူများအား အထောက်အထားများပိုမိုတောင်းခံနေပြီး အထောက်အထားမပြည့်စုံသည့်သူများကို ပြန်လွှတ်နေကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့သူများက မျှဝေထားကြသည်။
ပြည်ပနိုင်ငံများတွင်လုပ်ကိုင်သူများ ဝင်ငွေ၏ ၁၀ရာခိုင်နှုန်းကို နိုင်ငံခြားငွေဖြင့် စစ်ကောင်စီက အခွန်ကောက်မည်ဟု အာဏာသိမ်းခေါင်းဆောင်က လက်မှတ်ထိုး၍ အခွန်ဥပဒေကို ပြင်ဆင်လိုက်သည်။
အာဏာသိမ်းခေါင်းဆောင် ပြင်ဆင်လိုက်သည့် ၂၀၂၃ ပြည်ထောင်စုအခွန်ကောက်ဥပဒေသည် ၂၀၂၃ အောက်တိုဘာ ၁ရက်က စတင်သက်ရောက်ခဲ့သည်။
အာဏာသိမ်းစစ်ခေါင်ဆောင် ပြင်ဆင်လိုက်သည့် ဥပဒေတွင် သက်သာခွင့်များနှုတ်ပယ်ခြင်းမပြုဘဲ လစာမှအပ ပြည်ပနေနိုင်ငံသားများက ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ဝင်ငွေခွန်ကြီးကြပ်မည်ဟု စစ်ကောင်စီက ဆိုသည်။
ပြည်ပရောက်နိုင်ငံသားများ၏ လစာဝင်ငွေကို သက်သာခွင့်များ နှုတ်ပယ်ပြီးပါက ပြည်တွင်းရှိ ဝင်ငွေခွန်အတိုင်းကောက်ခံမည်ဖြစ်ပြီး သက်သာခွင့်များမနှုတ်ပါက ၂ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်ကောက်မည်ဟု စစ်ကောင်စီက ဆိုသည်။
အခွန်ဆောင်ရာတွင်လည်း ရရှိသည့် နိုင်ငံခြားငွေအတိုင်းဝင်ငွေခွန်ဆောင်ရမည် ဖြစ်သည်။
ပြည်တွင်ဝင်ငွေခွန်များကောက်ခံရာတွင် တနှစ်လျှင် ကျပ် သိန်း ၂၀ မှ သိန်း ၅၀ ကြားရရှိလျှင် အခွန် ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ မှ သိန်း ၁၀၀ကို ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀ နှင့် ၂၀၀ကြားကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၂၀၀ နှင့် ၃၀၀ကြားကို ၂၀ ရာခိုင်နှုန်းနှင့် ထိုအထက်ကို ၂၅ ရာခိုင်နှုန်းဖြစ်သည်။
အဆိုပါ ကောက်ခံမှုမှာ PJ ဖြင့် သွားရောက်လုပ်ကိုင်သူများ၊ နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်ဖြင့် သွားရောက်သူများအပါအဝင် ပြည်ပနိုင်ငံများသို့ တရားဝင်စေလွှတ်သွားရောက်လုပ်ကိုင်သူများထံမှ ကောက်ခံရန် ပြဌာန်းလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် PV အမျိုးအစားဖြင့် သွားရောက်ပြီး အလုပ်လုပ်ကိုင်နေသူများမှာ အခွန်ပေးဆောင်ရန် ကင်းလွတ်နေသဖြင့် ယခုအခါ ၎င်းတို့အား ကောက်ခံရန်အတွက် စစ်ကောင်စီက ထုတ်ပြန်လာခြင်းဖြစ်သည်။
” PVသမားတွေဆီက ပိုက်ဆံလိုချင်လို့ အခွန်ကောက်ချင်လို့ လုပ်လာတာ။ အခုက PVနဲ့လည်းထွက် အလုပ်လုပ်နေကြတော့ သူတို့ဆီက လိုချင်လို့ လုပ်တာ”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်အလုပ်လုပ်ကိုင်သူတစ်ဦးက ပြောသည်။
” မြန်မာပြည်ကြီးတစ်ခုလုံးကို ပါးစပ်ဥပဒေမျိုးစုံနဲ့အကျယ်ချုပ်ချ ထားသလိုဖြစ်နေပြီ။ ခင်ဗျားတို့ ဒီတစ်ချီတော့ ညီညွှတ်စွာနဲ့ အပြီးရုန်းကြဖို့လိုပြီဗျို့”ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။
ထို့အပြင် အခြားတစ်ဦးကလည်း “ဒါတွန်းအားတစ်ခုပဲ။ စကစပြုတ်မှသာလျှင် ဒီပေါက်ကရ ဥပဒေတွေမရှိမှာ။ စကစအမြန်ပြုတ်အောင်သာ အားစိုက်ကြပါစို့”ဟု မှတ်ချက်ပြုထားသည်။