ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ညောင်ဂျစ်ပင်ရွာစစ်ကောင်စီတပ်ဂိတ်စခန်းအား သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိပြီး G3 သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း Young Force – UGအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
သြဂုတ် ၁၈ ရက် နံနက် ၅ နာရီခန့်က ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ရွာ စစ်ကောင်စီတပ်နှင့်ပျူစောထီးဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲမှာ တစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး ထိုဂိတ်ရှိ စစ်အုပ်စုဝင် ၆ ဦးထက်မနည်း သေဆုံးကာ G3အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း Young Force – UGအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“သူတို့ရဲ့လမ်းဘေးဘန်ကာနားအထိကပ်တယ်။ ပစ္စည်းအလုံအလောက်မရှိတာနဲ့၊ Error(ချို့ယွင်းမှု)ဖြစ်သွားတာနဲ့ ဆက်ပြီးမလုံးနိုင်ဘူး။”ဟု ThuRain-TRအဖွဲ့တာဝန်ခံ ကိုသူရိန်က ပြောသည်။
ထိုဂိတ်သည် ခရီးသွားပြည်သူများအား အတင်းအဓမ္မငွေကြေးကောက်ခံနေသည့်ဂိတ်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပျူခေါင်းဆောင်အိမ်ရှိ ရိက္ခာပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ကာ စစ်တပ်၏ လက်နက်ကြီးပစ်ကူများကြောင့် ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Young Force – UGအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“ရဲဘော်၃ဦးထဲက အကုန်လုံးကခေါင်းတွေထိတာ။ တစ်ယောက်ကတော့နည်းနည်းပါးပါး လက်နက်ကြီးအစဝင်သွားတာဆိုတော့ ပုံမှန်လူတော့ပုံမှန်လူပဲ။ ဖြစ်ခါစဆိုတော့ နည်းနည်းပါးပါး ကြောင်တောင်တောင်လေးဖြစ်နေတဲ့သဘောပေါ့ဗျာ။ဆေးကုသမှုတော့ခံယူနေတယ်။ မသက်သာရင်တော့ တနေရာသွားကုရမှာပေါ့။ “ဟု ကိုသူရိန်က ရှင်းပြသည်။
ထိုစစ်ဆင်ရေးကို တော်ဝင်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ ပေါက်မြို့နယ် -YGF တပ်ဖွဲ့ ၊ယင်းမာပင်ခရိုင် ဗျူဟာ (၄၇)၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၀) ၊ဗိုလ်မီးတောက် ၊ Air Frighter(မြိုင်) ၊ KG ၊ ဗိုလ်စကား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၂) မှ ThuRain-TR နှင့် Young Force UG တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အလားတူ သြဂုတ် ၁၇ ရက်ကလည်း ပခုက္ကူမြို့အထွက် စစ်ကောင်စီဂိတ်အား PDF များ ဝင်ရောက်တိုက်ခိုက်ရာ သေနတ်တစ်လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်အုပ်စု၏ ကားနှစ်စီးခန့် ပျက်စီးကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က သတင်းထုတ်ပြန်ခဲ့သည်။